Starlink: Battle for Atlas

[ Zawgyi ]

ကြယ်တာရာ စစ်ပွဲဇာတ် ကားတွေ ခေတ်စားနေချိန်မှာ စိတ်ကူးယဉ်ဆန်ဆန် ကြယ်တာရာစစ်ပွဲထဲမှာ ပါဝင်ချင်သူတွေ စိတ်ကြိုက်ဖြစ်မယ့် ဂိမ်းသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Starlink အမည်သစ်နဲ့ ထွက်ရှိလာတာပါ၊ Battle for Atlas ဆိုပြီး Atlas စကြာဝဠာအတွက် တိုက်ပွဲတွေ ဝင်ရမှာဖြစ်ပါတယ်။ စွန့်စားခန်းလည်းပါတယ်၊ တိုက်ခိုက်မှုတွေလည်း လုပ်ရမယ်၊ ဇာတ်လမ်းသွားဆန်ဆန် ဆိုတာထက် ပေးအပ်လာတဲ့ တာဝန်အတိုင်း တစ်နေရာကနေ တစ်နေရာ သွားလာရင်း ရန်သူကို တိုက်ခိုက်ချေမှုန်းရမှာ ဖြစ်ပါတယ်။

အခုမှ လုံးဝအသစ်ထွက်ရှိ လာတာဖြစ်ပြီး Nintendo Switch, PS4 နဲ့ Xbox One လို Console တွေနဲ့ပဲ ကစားနိုင်အောင် ဖန်တီးထားပါတယ်။ ဂိမ်းမှာသဘောကျစရာ ကောင်းတဲ့ အချက်က ရုပ်ထွက်ပါ။ တကယ်လူသားတွေ ပါဝင်နေသလို ရုပ်ထွက်ကို အပီပြင်ဆုံးဖြစ်အောင် ဖန်တီးထားနိုင်တာ တွေ့ရပါတယ်။ Single အနေနဲ့ရော Multi အနေနဲ့ပါ ကစားနိုင်ပါတယ်။ ဂိမ်းရဲ့ အခြေခံဖြစ်တည်မှုက Atlas စကြာဝဠာထဲမှာ ဖြစ်ပါတယ်၊ စကြာဝဠာအတွင်း ဂြိုဟ်ကမ္ဘာတစ်ခုစီက ဇာတ်ကောင်တွေစုပြီး သူတို့ စကြာဝဠာကို ကျူးကျော်လာသူတွေကို ပြန်လည်
တိုက်ထုတ်ရမှာပါ။ Single အနေနဲ့ဆိုရင်တော့ အခြားဇာတ်ကောင်တွေကို AI စနစ်ကနေ လိုက်ကစားပေးမှာဖြစ်ပြီး Multi အနေနဲ့ဆိုရင်တော့ သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက် ကစားရမှာဖြစ်လို့ ပိုပြီးပျော်စရာ ကောင်းပါလိမ့်မယ်။

အာကာသတွင်း သွားလာဖို့အတွက် ယာဉ်ပျံကိုသုံးနိုင်မယ်၊ ခေတ်လွန်သိပ္ပံ လက်နက်ဆန်းတွေ ပါလာမယ်။ ဂြိုဟ်တစ်ခုကို ဆင်းသက်တိုင်း ပတ်ဝန်းကျင်ရာသီဥတု၊ အနေအထားနဲ့ ရန်သူတွေရဲ့ ပုံစံတွေကိုပါ မတူညီအောင် ဖန်တီးထားမှုက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သဘောကတော့ ဂြိုဟ်ကမ္ဘာအသစ်တစ်ခုကို ဆင်းသက် ရင်ဆိုင်ရတိုင်း ရန်သူအသစ်နဲ့ တွေ့ရမယ်၊ နည်းလမ်းအသစ်နဲ့ တိုက်ခိုက်အနိုင်ယူရမှာပဲ ဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေမှာလည်း မြေပြင်တိုက်ခိုက်မှု ပုံစံအပြင် ယာဉ်ပျံအချင်းချင်း ပစ်ခတ်မှုတွေလည်း ပါရှိမှာပါ။

အသုံးပြုနိုင်မယ့် လက်နက်အမျိုးအစားပေါင်း များစွာပေးထားသလို Item စပ်သလို မိမိစိတ်ကြိုက် လက်နက်နဲ့ စွမ်းရည်ပုံစံကိုလည်း စပ်ယူနိုင်ပါတယ်။ ရန်သူကလည်း အမြဲလိုလို ပုံစံအသစ်နဲ့ ရင်ဆိုင်ရနိုင်သလို လက်နက်တွေကိုလည်း အမြဲပုံစံသစ်ဖြစ်အောင် ပြင်ဆင်ထားရပါလိမ့်မယ်။ ဇာတ်ကောင်အနေနဲ့ အသုံးပြုနိုင်မယ့် ယာဉ်ပျံ ၄ စင်း ပေးထားပြီး နှစ်သက်ရာ ရွေးချယ်စီးနင်း နိုင်မယ်၊ ပြီးတော့ လေယာဉ်မှူးတွေပါမယ်၊ ဇာတ်ကောက်က ဘယ်ကိုသွားမယ်၊ ဘယ်ကိုပစ်ခတ်မယ် အမိန့်ပေးရုံပါပဲ။ ယာဉ်ပျံနဲ့ ပတ်သတ်တဲ့ မောင်းနှင်မှု၊ ပစ်ခတ်မှုတွေကို ကိုယ်တိုင် လုပ်ဆောင်စရာ မလိုပါဘူး။ ကျန်တဲ့တိုက်ခိုက်မှုတွေကတော့ မိမိကိုယ်တိုင် ပါဝင်တိုက်ခိုက်ရမှာပါ။ မိမိယာဉ်ကိုလည်း စွမ်းဆောင်ရည် ပိုကောင်းလာအောင် အစိတ်အပိုင်းတွေ လဲလှယ် အားဖြည့်တာမျိုးတွေ လုပ်ဆောင်နိုင်ဦးမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ လုံးဝအသစ်ထွက်လာတဲ့ ဂိမ်းကိုပဲ ကစားချင်တယ် ဆိုသူတွေအတွက် ကြယ်တာရာ စစ်ပွဲတစ်ခုမှာ ပါဝင်ဖို့ အခွင့်အလမ်း ကောင်းပါပဲဗျာ။ ရှေ့ထွက် Starlink ဂိမ်းတွေ မရှိသေးလို့ နယ်မြေသစ်တစ်ခုကို အခုပဲခြေချလိုက်ပါတော့။

-သက်နိုင်ဦး (UCSL)

[ Unicode ]



