Pixel ရဲ့အနာဂတ်အတွက် ဒေါ်လာ ၁.၁ ဘီလျံ သဘောတူညီချက်ကို HTC နဲ့ Google ထုတ်ပြန်ကြေညာ

HTC ရဲ့ စမတ်ဖုန်း လုပ်ငန်းတစ်စိတ်တစ်ပိုင်းကို ဝယ်ယူရန်အတွက် သဘောတူညီမှု ရရှိခဲ့တယ်လို့ HTC နဲ့ Google တို့က တရားဝင်ကြေညာ ခဲ့ပါတယ်။ Google အနေနဲ့ HTC ကို ဒေါ်လာ ၁.၁ ဘီလျံ ပေးချေရမှာဖြစ်ပြီး အဲ့ဒီအတွက် HTC ဝန်ထမ်းအချို့နဲ့ HTC ရဲ့ ဉာဏဆိုင်ရာ မူပိုင်ခွင့်တွေကို ရရှိမှာဖြစ်ပါတယ်။

လက်ရှိမှာ Pixel ဖုန်းတွေကို ဖန်တီးရန်အတွက် Google နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ HTC ဝန်ထမ်းအချို့ဟာ Google ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Google က HTC ရဲ့ ဉာဏဆိုင်ရာမူပိုင်ခွင့်အတွက် non-exclusive လိုင်စင်ကို ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် Google က အနာဂတ် Pixel ထုတ်ကုန်တွေအတွက် HTC ရဲ့ ထုတ်လုပ်မှုဆိုင်ရာမူပိုင်ခွင့်တွေနဲ့ ဒီဇိုင်းတွေကို အသုံးပြုခွင့်ရရှိမှာ ဖြစ်ပါတယ်။

“HTC ဟာ Google နဲ့ ကာလကြာရှည်လက်တွဲခဲ့သူ ဖြစ်သလို အလွန်လှပတဲ့ အရည်အသွေးမြင့်ထုတ်ကုန် အချို့ကိုလည်း ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။ အနာဂတ်ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်မှုနဲ့ တီထွင်ဆန်းသစ်မှုတွေကို ပိုမိုအထောက်အပံ့ဖြစ်စေဖို့အတွက် Google ကိုရောက်ရှိလာမယ့် HTC အဖွဲ့ဝင်တွေကို ကြိုဆိုဖို့ စိတ်လှုပ်ရှားမိပါတယ်” လို့ Google ရဲ့ Hardware စီနီယာဥက္ကဋ္ဌဖြစ်သူ Rick Osterlog က ပြောကြားခဲ့ပါတယ်။

ဒီသဘောတူညီချက်ဟာ အသစ်ထွက်မယ့် flagship စမတ်ဖုန်းကို အကောင်းဆုံးဖြစ်စေလိုတဲ့ HTC အတွက် အထောက်အကူ ဖြစ်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် HTC ကလည်း VIVE VR platform ကို ဆက်လက်တိုးချဲ့ဆောင်ရွက်နိုင်မယ့်အပြင် IoT, AR နဲ့ AI တို့မှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာလည်း Google က Pixel ရဲ့ အနာဂတ်ကို သေချာခိုင်မာအောင် ဆောင်ရွက်ခြင်းဖြစ်ပြီး Google Pixel အပေါ် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုအားကောင်းစေဖို့အတွက် အထောက်အကူဖြစ်စေမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီသဘောတူညီချက်ကြောင့် Google က HTC ရဲ့ မိခင်နိုင်ငံဖြစ်တဲ့ ထိုင်ဝမ်မှာ technology hub တစ်ခုကို မိတ်ဆက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena