Netflix နဲ့ယှဉ်ပြိုင်သွားမယ့် Disney+ ဗီဒီယိုဝန်ဆောင်မှု

Disney ဟာ ၂၀၁၇ခုနှစ်နောက်ပိုင်းကစပြီး Netflix လိုမျိုး ဝန်ဆောင်မှုကို ဖန်တီးနေတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ အခုအခါမှာတော့ Disney ဟာ Disney+ အမည်ရ ဝန်ဆောင်မှုတစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။

Disney+ ကိုအမေရိကန်နိုင်ငံမှာ နိုဝင်ဘာလ ၁၂ရက်မှာ ဖြန့်ချိမှာ ဖြစ်ကာ တစ်လကို ၇ဒေါ်လာပဲကျသင့်ပါတယ်။ ဝန်ဆောင်မှုမှာ Disney ဇာတ်ကားဟောင်းတွေနဲ့ တီဗီအစီအစဉ်တွေပါဝင်သလို Marvel, Pixar နဲ့ Star Wars ဇာတ်ကားတွေလည်းပါဝင်လာပါတယ်။ ဇာတ်ကားသစ်တွေအပြင် ဝန်ဆောင်မှုမှာ သီးသန့်ထုတ်လွှင့်မယ့် စီးရီးတွေပါဝင်လာမှာဖြစ်ပါတယ်။ ကြော်ငြာတွေ ပါဝင်မှာ မဟုတ်ပါဘူး။ လစဉ်ကြေး ပေးသွင်းသူတွေအနေနဲ့ ဗီဒီယိုတွေကို download လုပ်နိုင်ပြီး offline ကြည့်နိုင်ပါသေးတယ်။

Netflix ရဲ့ပုံမှန်လစဉ်ကြေး ဈေးနှုန်းက တစ်လကို ၁၃ဒေါ်လာ ကျသင့်ပါတယ်။ ဒါကြောင့် Disney+ ရဲ့လစဉ်ကြေးက ပိုမိုဈေးသက်သာပါတယ်။

Disney ဟာမကြာသေးမီက 21st Century Fox ကိုဝယ်ယူလိုက်တဲ့အတွက် Disney+ ဝန်ဆောင်မှုမှာ 21st Century Fox ကဇာတ်ကားတွေနဲ့ ရုပ်သံဇာတ်လမ်းတွေလည်း ပါဝင်လာပါတယ်။ ဒါကြောင့် Disney+ ကြည့်ရှုသူတွေအနေနဲ့ The Simpsons ဇာတ်လမ်းတွဲကိုလည်း ကြည့်နိုင်မှာ ဖြစ်ပါတယ်။

စိုးထက်
Ref: Recode