MIUI 11 နဲ့ပတ်သက်ပြီး သိသင့်သမျှ

Xiaomi ဟာ MIUI 10 အခြေခံ Android Pie နဲ့သက်ဆိုင်တဲ့ အဆင့်မြှင့်တင်မှု ပြုလုပ်နေသလို မျိုးဆက်သစ် MIUI 11 ကိုလည်း စတင် လုပ်ကိုင်လျက်ရှိပါတယ်။ ကုမ္ပဏီရဲ့ UI အသစ်ဟာ အဆင့်မြင့်နည်းပညာ ကျောထောက်နောက်ခံနဲ့ သုံးစွဲသူအပေါ် ပိုမို အခြေပြုသွားမယ်လို့ Xiaomi ကပြောထားပါတယ်။

MIUI 11 မှာ AI ထောက်ပံ့ထားတဲ့ feature သစ်တွေပါဝင်လာမှာပါ။

MIUI 10 အသုံးပြုထားတဲ့ စမတ်ဖုန်းတွေဟာ Android Oreo နဲ့ Pie အပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ နောက်ထပ် အဆင့်မြှင့်တင်မှု MIUI 11 ကို ဇွန်လ ဒါမှမဟုတ် လာမယ့် လအနည်းငယ်အတွင်း beta ဗားရှင်းကို ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

အခုဖော်ပြပေးမယ့် MIUI 11 အချက်အလက်တွေဟာ Xiaomi က ထုတ်ကုန်စီစဉ်မှုဌာန အကြီးအကဲ လျူမင်းနဲ့ အမေးအဖြေပြုလုပ်ပြီး ရရှိတဲ့ သတင်းအချက်အလက်တွေဖြစ်ပါတယ်။ အဲဒီ အချက်အလက်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

အသစ်ထွက်ရှိမယ့် Xiaomi MIUI 11 ဟာ Android Pie နဲ့ Q အပေါ်အခြေပြုပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။

System Icon အသစ်တွေ

အသစ်ထွက်ရှိမယ့် MIUI 11 မှာ system icon အသစ်တွေပါဝင်လာပါမယ်။ ကုမ္ပဏီအနေနဲ့ system icon အသစ်တွေနဲ့ အဆင့်မြှင့်တင်မှုတွေကို အစကနေ ပြန်လည် တည်ဆောက်ထားပါတယ်။ ဒါကြောင့် မျိုးဆက်သစ် Xiaomi OS မှာ icon တွေပိုကြည့်ကောင်းလာသလို ရှင်းလင်းတဲ့ပုံစံ ဖြစ်လာမှာပါ။

လက်ရှိမှာပါဝင်နေတဲ့ icon တွေကိုတော့ MIUI 8 နဲ့မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ဒီဇိုင်းအသစ်

MIUI 11 မှာ အဆင့်မြှင့်တင်ထားတဲ့ ဒီဇိုင်းသစ် ပါဝင်လာပါတယ်။ UI အသစ်မှာလက်ရှိ MIUI 10 နဲ့ ပေါင်းစပ်ပေးနိုင်တဲ့ ဒီဇိုင်းပါဝင်လာပါတယ်။ ဒီဇိုင်းပိုင်းတစ်ခုလုံးအတွက် AI ထောက်ပံ့ထားတဲ့ feature တွေနဲ့ အထောက်အပံ့ထည့်သွင်းထားတဲ့ အပြောင်းအလဲကို တွေ့ရမှာပါ။

Ultimate Power Saving Mode

MIUI မှာ ultimate power saving mode တစ်ခု ပါဝင်လာမှာပါ။ အခု ultimate power saving mode ဟာ ဖုန်းခေါ်ဆိုမှုနဲ့ message တွေပဲ အသုံးပြုခွင့်ပေးပြီး စနစ်လုပ်ဆောင်ချက်အားလုံးကို diable လုပ်ပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘက်ထရီအားချွေတာနိုင်ဖို့ ရောင်စုံ UI ကနေ အဖြူ၊ အမည်း အဖြစ် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။

သုံးစွဲသူက ultimate poser mode ကို စိတ်ကြိုက်ပြင်ဆင်ဖို့ ရွေးချယ်နိုင်တာကြောင့် ကိုယ်ပိုင် mode အတွက် app ကိုရွေးချယ်နိုင်ပါတယ်။

Dark Mode

အသစ်ထွက်ရှိမယ့် MIUI 11 မှာ စနစ်တစ်ခုလုံးအတွက် dark mode ပါဝင်လာပါတယ်။ Google အနေနဲ့ မျိုးဆက်သစ် Android အတွက် စနစ်တစ်ခုလုံး ထောက်ပံ့ထားတဲ့ dark mode ပါဝင်လာမှာပါ။ အခုဆိုရင်လည်း လက်ရှိ MIUI မှာလည်း dark mode ကိုအခြေခံထားတဲ့ theme ကိုအသုံးပြုနိုင်ပါတယ်။
ဒါပေမဲ့ MIUI မျိုးဆက်သစ်မှာ system settings ကနေ dark mode ကို တိုက်ရိုက် အသုံးပြုနိုင်ပါတယ်။

Android Q ထောက်ပံ့မှု

မျိုးဆက်သစ် MIUI ရဲ့ပထမမျိုးဆက်ဟာ Android Pie ပေါ်မှာ တည်ဆောက်ထားဖွယ်ရှိပါတယ်။ Android Q ဟာ နောက်ပိုင်းထွက်ရှိမယ့် MIUI 11 ဗားရှင်းတွေမှာ ပါဝင်လာဖွယ်ရှိပါတယ်။ Google အနေနဲ့ Android Q beta ပရိုဂရမ်ကို ကြေညာထားတာကြောင့် မကြာမီမှာ ထွက်ရှိလာဖွယ်ရှိပါတယ်။

Xiaomi ဟာ နှစ်ကုန်မှာ MIUI 11 အခြေခံ Android Q ကိုမိတ်ဆက်လာနိုင်ပါတယ်။

App Drawer

အသစ်ထွက်ရှိမယ့် MIUI 11 မှာ Poco F1 လိုမျိုး ဖုန်းတွေမှာ ပါဝင်တဲ့ app drawer ပါဝင်နိုင်တယ်လို့ ကောလာဟလ ထွက်ပေါ်နေပါတယ်။ Poco Launcher ဟာ MIUI ထောက်ပံ့မှုပါဝင်တဲ့ ထုတ်ကုန်တွေမှာ အသုံးပြုနိုင်ပြီး Dark mode feature လည်းပါဝင်ထားပါတယ်။

ဒါကြောင့် MIUI 11 မှာ app drawer နဲ့ dark mode နှစ်ခုစလုံး ပါဝင်လာနိုင်ပါတယ်။

AI feature အသစ်တွေ

MIUI 11 မှာ AI feature အများအပြား ပါဝင်လာပါမယ်။ စနစ်တစ်ခုလုံးက သုံးစွဲသူ အမူအကျင့်အတိုင်း အလိုအလျောက် ချိန်ညှိပေးမှာပါ။ MIUI 11 မှာ screeshot တွေရိုက်ကူးပြီး ဝေမျှပြီးတာနဲ့ အလိုအလျောက် ဖျက်ပေးမှာပါ။

လုံးဝနီးပါး အသုံးမပြုတော့တဲ့ app တွေကိုလည်း ကန့်သတ်ပေးမှာ ဖြစ်ပါတယ်။

ချိန်ညှိထားတဲ့ Status Bar

Xiaomi အနေနဲ့ status bar ကိုချိန်ညှိနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ MIUI 11 ဟာ ထုတ်ကုန်မှာ အပြန်အလှန် ပိုမိုဆက်ဆံနိုင်ဖို့ status bar အတွင်း အပြောင်းအလဲအနည်းငယ် ပြုလုပ်ထားပါတယ်။ အဲဒီ status bar မှာ dark mode နဲ့ ပြင်ဆင်နိုင်ဖို့ ရွေးချယ်မှုတွေလည်း ပါဝင်လာပါတယ်။

MIUI 11 ရဲ့ stable ဗားရှင်းဟာ တတိယ ၃ လပတ်အလယ် ဒါမှမဟုတ် ဒီနှစ်ရဲ့ စတုတ္ထ ၃ လပတ်အကုန်မှာ ထွက်ရှိလာနိုင်ပါတယ်။

စိုးထက်
Ref: Trak.in