HTC U11 ဗားရှင်းသစ်များကို နိုဝင်ဘာ ၂ ရက်တွင် မိတ်ဆက်ကြေညာဖွယ်ရှိ

နိုဝင်ဘာ ၂ ရက်မှာ HTC က အခမ်းအနားတစ်ခု ကျင်းပပြီး U11 စမတ်ဖုန်း ဗားရှင်းသစ်နှစ်မျိုးကို မိတ်ဆက်ကြေညာသွားဖို့ရှိပါတယ်။ ကုမ္ပဏီအနေနဲ့ ထိုင်ဝမ်မှာကျင်းပမယ့် အခမ်းအနားအတွက် ဖိတ်စာတွေကို ပေးပို့ထားပြီး HTC U စမတ်ဖုန်းသစ်တွေကို မိတ်ဆက်ကြေညာမယ်လို့ အရိပ်အမြွက် ဖော်ပြခဲ့ပါတယ်။

HTC က မိတ်ဆက်ကြေညာမယ့် HTC U11 စမတ်ဖုန်းသစ်နှစ်ခုအနက် တစ်ခုကို U11 Life လို့ခေါ်ဆိုဖွယ်ရှိပါတယ်။ ဒီဟန်းဆက်ဟာ original U11 ကို ဝိတ်လျှော့ထားတဲ့ဗားရှင်းတစ်ခုဖြစ်ပြီး ၅.၂ လက်မ display နဲ့ Snapdragon 630 processor အပြင် အရှေ့ဘက်နဲ့ ကျောဘက်မှာ 16 megapixel ကင်မရာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ မော်ဒယ်နှစ်မျိုးနဲ့ ရရှိနိုင်ပြီး တစ်မျိုးက 3GB/32GB ဖြစ်ကာ ကျန်တစ်မျိုးက 4GB/64GB ဖြစ်တယ်လို့ သိရပါတယ်။ တန်ဖိုးက ဒေါ်လာ ၄၀၀ ဝန်းကျင်နဲ့ စတင်ဖွယ်ရှိပါတယ်။

နောက်ထပ်တစ်ခုက U11 Plus ဖြစ်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ အဲ့ဒီဟန်းဆက်ဟာ original U11 ထက် အရွယ်ပိုကြီးပြီး ပိုကောင်းပါတယ်။ Display က ၆ လက်မနီးပါးရှိပြီး 2880 x 1440 resolution, 18:9 aspect ratio နဲ့ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ Snapdragon 835 processor ကို အသုံးပြုထားပြီး ကျောဘက်ကင်မရာက 12 megapixel ဖြစ်ကာ IP68 အဆင့် ရေစိုဒဏ်ခံနိုင်မှာဖြစ်ပါတယ်။ ဒီဟန်းဆက်ကိုလည်း 4GB/64GB, 6GB/128GB ဆိုပြီး မော်ဒယ်နှစ်မျိုးနဲ့ ရရှိနိုင်မယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: TheVerge