ဘေးဘောင်မဲ့ Sony စမတ်ဖုန်းသစ်ရဲ့ အသေးစိတ်အချက်အလက်တွေ ပေါက်ကြား

လာမယ့်နှစ်မှာ Sony ဟာ ဘေးဘောင်မဲ့ တန်ဖိုးကြီးစမတ်ဖုန်း တစ်မျိုး ထုတ်လုပ်မယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ ၂၀၁၇ ခုနှစ်မှာ မိုဘိုင်းလောကအတွင်း ရေပန်းစားနေတဲ့ ထုတ်ကုန်ပုံစံတစ်မျိုးကို Sony က ထုတ်လုပ်ဖွယ်ရှိပါတယ်။ Sony ရဲ့ပထမဆုံး ဘေးဘောင်မဲ့စမတ်ဖုန်း မော်ဒယ်နံပါတ်က H8541 ဖြစ်နိုင်သလို အသေးစိတ်အချက်အလက်တွေလည်း ပေါက်ကြားထွက်ပေါ်လာပါတယ်။

Sony ရဲ့ဘေးဘောင်မဲ့ ဖုန်းသစ်မှာ မျက်နှာပြင် ၅.၇ လက်မ 4K HDR touchscreen ပါဝင်ပြီး Gorilla Glass 5 ကို အသုံးပြုထားဖွယ်ရှိပါတယ်။ ဘက်ထရီက 3,420 mAh ဖြစ်တယ်လို့ လည်း ပေါက်ကြားထွက်ပေါ်လာတဲ့ သတင်းအရ သိရပါတယ်။

H8541 မော်ဒယ်မှာ Qualcomm ရဲ့ Snapdragon 835 အသုံးပြုထားဖွယ်ရှိပါတယ်။ Snapdragon 835 ဟာ ဒီနှစ်ရဲ့ ထိပ်တန်း ချစ်ပ်ဖြစ်ပေမယ့် ၂၀၁၈ ခုနှစ်မှာထွက်ရှိမယ့် 845 က စွမ်းဆောင်ပိုမြင့်မားပါတယ်။ H8541 ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း MWC ပြပွဲမှာ ပြသဖွယ်ရှိတာကြောင့် Snapdragon 835 အသုံးပြုထားတာ ဖြစ်နိုင်ပါတယ်။ Snapdragon 845 ဟာ Samsung မဟုတ်တဲ့စမတ်ဖုန်းတွေအတွက် လအနည်းငယ်အကြာမှ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

H8541 မှာ RAM 4GB နဲ့ UFS storage 64GB, Bluetooth 5.0, GPS, GLONASS, NFC, USB Type-C port တစ်ခုနဲ့ IP68 ရေစိုဒဏ်နဲ့ ဖုန်ဒဏ်ခံနိုင်ရည် စတာတွေ ပါဝင်လာဖွယ်ရှိပါတယ်။ ဒါ့အပြင် Android 8.0 Oreo လည်း ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။ ကင်မရာနဲ့ပတ်သက်တဲ့ အချက်အလက်ကိုလည်း စာရွက်မှာ မဖော်ပြထားပါဘူး။

စိုးထက်
Ref: GSMArena