ဈေးကွက်အတွင်း ဈေးနှုန်းအလယ်အလတ် ဟန်းဆက်များ အရောင်းသွက်ဟုဆို

ဈေးနှုန်းအလယ်အလတ် ဟန်းဆက်များ အရောင်းသွက်နေတယ်လို့ မိုဘိုင်းဈေးကွက်အတွင်းက သိရပါတယ်။

“ခုလတ်တလောကတော့ ကျပ်သုံးသိန်း ဝန်းကျင်တွေ အရောင်းသွက်တယ်ဗျ။ Nova 2i တို့ Mi note 3 တို့ အများဆုံးရောင်းရတယ်ဗျ။ ၂၀၁၈ မှာလည်း Mid range တွေထဲကပဲ အရောင်းသွက်မယ်လို့တော့ မှန်းထားပါတယ်။ နှစ်သိန်း သုံးသိန်းပတ်ချာလည်ပေါ့။ နောက်ပိုင်း ဖုန်းသုံးသူတွေက brand ဆိုတာထက် performance ဘက်ကို ဦးစားပေးလာတော့ ဈေးအသင့်အတင့်နဲ့ performance ကောင်းတာကို ရွေးလာကြတယ်” လို့ Anycall Mobile တာဝန်ရှိသူကပြောကြားပါတယ်။

“ Low product ထဲက Y53, Y52 တွေရောင်းရပါတယ်။ V Series ထဲကဆို V5, V7 | V7+ ရောင်းရတယ်။ တစ်သိန်းခွဲကနေ သုံးသိန်းကြားဟန်းဆက်တွေ ပိုအရောင်းသွက်ပါတယ်။ ၂၀၁၈ မှာလည်း ဒီအတိုင်းပဲဖြစ်မယ်လို့ ခန့်မှန်းပါတယ်” လို့လည်း VIVO က တာဝန်ရှိသူကပြောပါတယ်။

“ ကျွန်မက လခနည်းဝန်ထမ်းဆိုတော့ တစ်သိန်းလေးသောင်းတန် Mi 4A လောက်ပဲကိုင်နိုင်ပါတယ်။ ကျွန်မသူငယ်ချင်းတွေလည်း အများဆုံး သုံးသိန်းဝန်းကျင်လောက်ပဲကိုင်ကြတာပါ” လို့ လှည်းတန်းက အရောင်းဝန်ထမ်းဖြစ်သူ မဥမ္မာက ပြောပါတယ်။

၁၅၀၀ ကျပ်တန်ဆင်းကတ်တွေ မပေါ်ခင်ကတည်းက ဈေးနှုန်းအလယ်အလတ် ဟန်းဆက်တွေက တောက်လျှောက်ရောင်းအား ကောင်းနေဆဲဖြစ်တယ်လို့ ဟန်းဆက်ဈေးကွက်မှ ဖုန်းဆိုင်အချို့ကလည်းပြောပါတယ်။

-ကောင်းမြတ်ထွန်း