အရှေ့ဘက်မှာ ကင်မရာနှစ်ခုပါဝင်တဲ့ U11 EYEs ကို HTC မိတ်ဆက်

Selfie ရိုက်ကူးဖို့အတွက် ရည်ရွယ်ဖန်တီးထားတဲ့ အရှေ့ဘက်ကင်မရာနှစ်ခုပါဝင်တဲ့ U11 Eyes ကို HTC က ပွဲထုတ်မိတ်ဆက် လိုက်ပါတယ်။

ဒီစမတ်ဖုန်းသစ်မှာပါဝင်တဲ့ front-facing 5-megapixel ကင်မရာနှစ်ခုမှာ HDR boost, bokeh mode နဲ့ အံ့အားသင့်ဖွယ်ရာ selfie တွေကို ဖန်တီးပေးမယ့် beauty mode တို့ ပါဝင်ပါတယ်။

ဒါ့အပြင် U11 Eyes မှာ ၆ လက်မ screen နဲ့ Snapdragon 652 process အပြင် 12MP ကျောဘက်ကင်မရာနဲ့ face unlock တို့လည်း ပါဝင်လာပါတယ်။ ဖုန်းရဲ့ဘေးဘက်ကို ညှစ်ပြီး app တွေဖွင့်တာ၊ maps တွေကို zoom ချဲ့တာနဲ့ အခြားလုပ်ဆောင်ချက်တွေ လုပ်နိုင်မယ့် edge sense ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ ရေစိုဒဏ်နဲ့ ဖုန်ဒဏ်ခံနိုင်ပြီး ဘက်ထရီက 3,930mAh ဖြစ်ပါတယ်။ U11 Eyes က mid-range စမတ်ဖုန်းတစ်ခု ဖြစ်ပေမယ့် U11 ဟန်းဆက်တွေလိုပဲ တောက်ပရွှန်းစိုတဲ့ ဒီဇိုင်းအတိုင်း ဖန်တီးထားပါတယ်။

U11 Eyes ရဲ့ ကင်မရာဟာ တကယ့်လူသားမျက်နှာနဲ့ ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုထဲက မျက်နှာတို့ကို ခွဲခြားနိုင်တယ်လို့ HTC က ပြောပါတယ်။ Face unlock feature ဟာ သုံးစွဲသူက မျက်မှန် ဒါမှမဟုတ် မျက်နှာဖုံးတပ်ထားတဲ့အခါ သိရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

အားနည်းချက်အနေနဲ့ကတော့ 3.5mm နားကြပ်ပေါက် မပါဝင်တာနဲ့ fingerprint sensor ကို ဖုန်းရဲ့ကျောဘက်မှာ တပ်ဆင်ထားတာပဲ ဖြစ်ပါတယ်။

U11 Eyes ကို အနီရောင်၊ ငွေရောင်၊ အနက်ရောင်တို့နဲ့ ရရှိနိုင်ပြီး ဇန်န၀ါရီ ၁၇ ရက် (ဗုဒ္ဓဟူးနေ့) မှစတင်ကာ ဟောင်ကောင်မှာ ရောင်းချသွားမယ်လို့ သိရပါတယ်။

တန်ဖိုးက 64GB အတွက် ဒေါ်လာ ၅၀၀ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာတော့ ဇန်နဝါရီလကုန်ပိုင်းမှာ ရောင်းချသွားမှာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း ဖြန့်ချိရောင်းချမယ့်အချိန်ကိုတော့ မသိရသေးပါဘူး။

-နောင်နောင်
Ref: TheVerge