အာကာသအမှိုက်များ ရှင်းလင်းမှုအတွက် နိုင်ငံတကာမှ ကြိုးစားအားထုတ်နေမှုများ

[ Zawgyi ]

တကယ်တော့ ကမ္ဘာမြေကြီးအတွင်းမှာသာ အမှိုက်တွေနဲ့ ပြည့်နှက်နေတာမဟုတ်ပါဘူး။ ကျွန်ုပ်တို့ အလွယ်တကူတွေ့မြင်နိုင်ခြင်း
မရှိတဲ့ ကမ္ဘာမြေကြီးရဲ့ ကမ္ဘာ့ပတ်လမ်းနိမ့်အပိုင်းမှာလည်း ဂြိုဟ်တုတွေကို လွှတ်တင်ဖို့အတွက် အသုံးပြုခဲ့တဲ့ ဒုံးပျံအစိတ်အပိုင်းတွေ၊ အသုံးမပြုတော့တဲ့ စွန့်ပစ်ဂြိုဟ်တုတွေဟာ အရေအတွက်ပေါင်း သန်းနဲ့ချီပြီးရှိနေခဲ့ပြီဖြစ်ပါတယ်။

အဆိုပါပစ္စည်းတွေကို အာကာသအမှိုက်လို့ ယေဘုယျအမည်ပေးထားပြီး အစိတ်အပိုင်းပေါင်း ၁၇၀ သန်းအရေအတွက်လောက် ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အာကာသအမှိုက်တွေက သူ့ဘာသာသူ တည်ရှိနေမယ်ဆိုရင်တောင် နောက်ထပ်လွှတ်တင်မယ့် ဂြိုဟ်တုစနစ်တွေအတွက် ပြဿနာရှိနေသေးတဲ့အချိန်မှာ အဆိုပါအစိတ်အပိုင်းများထဲက အစိတ်အပိုင်း ၂၂၀၀၀ လောက်က တစ်နာရီကို ၂၇၀၀၀ မိုင်နှုန်းနဲ့ လှည့်ပတ်နေလျက်ရှိတာကြောင့် ထိုအခြေအနေဟာ လွှတ်တင်ပြီးသား ဂြိုဟ်တုတွေကို ပြင်းထန်တဲ့ ထိခိုက်မှု သို့မဟုတ် ဖျက်ဆီးမှုတွေ ဖြစ်ပေါ်နိုင်တာပါပဲ။

အာကာသအမှိုက်တွေနဲ့ ပတ်သက်လို့ ထိခိုက်မှုဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ဖော်ပြရမယ်ဆိုရင် ဥပမာအနေနဲ့ ၂၀၀၉ ခုနှစ်
ဖေဖော်ဝါရီလက Iridium Telecoms ဂြိုဟ်တုနဲ့ ရုရှားစစ်ဘက်ဂြိုဟ်တုတစ်ခုဖြစ်တဲ့ Kosmos-2251 ဂြိုဟ်တုတို့ဟာ မတော်တ
ဆထိခိုက်မှုတွေဖြစ်ပေါ်ခဲ့ခြင်းပါပဲ။ နောက်ထပ်ဖြစ်စဉ် တစ်ခုကတော့ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလတုန်းက တရုတ်နိုင်ငံက ဂြိုဟ်တု
ဖျက်လက်နက်စနစ်ကို စမ်းသပ်ခဲ့စဉ် အချိန်တုန်းကပါ။ ထိုသို့သော ထိခိုက်မှုဖြစ်စဉ်တွေ ပေါ်ပေါက်လာခဲ့တာကြောင့်လည်း အာကာသအမှိုက်တွေနဲ့ ပတ်သက်လို့ ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ အကြောင်းကို နိုင်ငံတကာမှာရှိတဲ့ အာကာသဆိုင်ရာ အဖွဲ့အစည်းတွေက ဖြေရှင်းဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားအဖြေရှာ နေကြတာပါ။

မကြာသေးမီအချိန်က ဆန်းသစ်တီထွင်ထားတဲ့ ပိုက်ကွန်တွေကို အသုံးပြုပြီး အာကာသအမှိုက်တွေကို သိမ်းဆည်းရှင်းလင်းနိုင်တဲ့
အကြောင်း ဗြိတိန်ဂြိုဟ်တုတစ်လုံးက အောင်မြင်စွာသက်သေပြနိုင်ခဲ့ပါတယ်။ Surrey တက္ကသိုလ်အခြေစိုက် အကျိုးတူပူပေါင်းဆောင်
ရွက်ကြသူများအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ European Commission and Airbus က ငွေကြေးထောက်ပံ့ပေးထားတဲ့ Remove DEBRIS စနစ်ဟာ ကုန်ကျစရိတ် အနည်းဆုံးနဲ့ အာကာသအမှိုက်တွေကို ဖယ်ရှားရှင်းလင်းနိုင်မယ့် စနစ်တစ်ခုကို ရှာဖွေရေးအတွက် ရေရှည်ရည်မှန်းချက်တစ်ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။ ပြီးခဲ့တဲ့ဇွန်လက Remove DEBRIS စနစ်ဟာ ကမ္ဘာမြေပြင်အထက် ၁၈၆ မိုင် (ကီလိုမီတာ ၃၀၀) အကွာမှာရှိတဲ့ Cubesat လို့ခေါ်တဲ့ သေးငယ်တဲ့ ဂြိုဟ်တုတစ်လုံးကို  ဖယ်ရှားရှင်းလင်းရေးအတွက် စတင်အလုပ်လုပ်ဆောင်ခဲ့ပါတယ်။

တစ်စက္ကန့်မှာ မီတာ ၂၀ နှုန်းနဲ့ ဖြန့်ကြက်သိမ်းဆည်းနိုင်တဲ့ အဆိုပါပိုက်ကွန်မှာ လမ်းကြောင်းပြစနစ်ပါဝင်တဲ့ ကင်မရာတွေနဲ့ LiDAR
စနစ်တွေကို ထည့်သွင်းအသုံးပြုထားပါတယ်။ စမ်းသပ်ဆောင်ရွက်မှုမှာ အဆိုပါပိုက်ကွန်ဟာ အာကာသပတ်လမ်းအတွင်းရှိ သေးငယ်တဲ့ Cubesat ဂြိုဟ်တုအပျက်တစ်လုံးကို အလျင်အမြန် သိမ်းဆည်းဖယ်ရှားပေးသွားနိုင်ခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ ၎င်း Remove DEBRIS စနစ်ဟာ မျှော်လင့်ထားသည့်အတိုင်း အလုပ်လုပ်နိုင်ခဲ့တယ်လို့လည်း Surrey Space Center ၏ ညွှန်
ကြားရေးမှူး Guglielmo Aglietti က BBC သို့ပြောကြားခဲ့ပါတယ်။ ၎င်း Cubesat ဟာ ပတ်လမ်းအတွင်းမှာ အသုံးပြုခြင်းမရှိတော့တဲ့
ဂြိုဟ်တုတစ်လုံးဖြစ်နေတာကြောင့် ပိုက်ကွန်နဲ့ သိမ်းဆည်းဖယ်ရှား လိုက်ခြင်းပဲဖြစ်ပါတယ်။ ထိုနည်းလမ်းဖြင့် ပထမအကြိမ်စမ်းသပ်မှု အောင်မြင်ခဲ့သဖြင့် ထပ်မံပြုလုပ်မယ့် စမ်းသပ်မှုများလည်း ထိုကဲ့သို့ အောင်မြင်မှုရရှိလာမည်ဆိုပါက Remove DEBRIS စနစ်သည်
ကြီးမားတဲ့ရှေ့ဆောင်လမ်းပြ စမ်းသပ်မှုဖြစ်လာတော့မှာပါ။ ဘာကြောင့်လဲဆိုတော့ ယနေ့အချိန်ထိကို အဆိုပါစနစ်မတိုင်မီ အာကာသအမှိုက်တွေကို ဖယ်ရှားရှင်းလင်းဖို့အတွက် အလုပ်ဖြစ်စေနိုင်တဲ့ စနစ်မျိုးမရှိသေးတာကြောင့်ပါ။

အာကာသ နည်းပညာလောကအတွင်းမှာလည်း Active Debris Removal (ADR) လို့ နာမည်ကျော်ကြားတဲ့ အာကာသအမှိုက်များ
ရှင်းလင်းသိမ်းဆည်းရေး စနစ်တွေဟာ အလေးချိန်ပေါင် ၁၁၀ (၅၀၀ ကီလိုဂရမ်) ခန့်ရှိတဲ့ ထောင်ချီတဲ့ ဂြိုဟ်တုတွေကို ဖယ်ရှားရှင်းလင်း
သွားနိုင်မယ်လို့လည်း မျှော်လင့်ထားကြပါတယ်။ ဒါ့အပြင် လာမည့်နှစ်အနည်းငယ်အတွင်း ကမ္ဘာတစ်ဝန်းလုံးက ထောင်ချီတဲ့ဂြိုဟ်
တုတွေကို ထပ်မံလွှတ်တင်ရန် အစီအစဉ်တွေရှိတာကြောင့် အနာဂတ်ကာလမှာ အာကာသအမှိုက်တွေကို ရှင်းလင်းသိမ်းဆည်းရေး
ဟာ အလေးပေးဆောင်ရွက်သင့်တဲ့ လုပ်ဆောင်မှုတစ်ခုဖြစ်တာကြောင့် ယခုကဲ့သို့ အလျင်စလို ဆောင်ရွက်နေကြခြင်းလည်း ဖြစ်
ပါတယ်။ ကမ္ဘာ့ပတ်လမ်းအတွင်းမှာ အသုံးမပြုတော့တဲ့ အာကာသအမှိုက်လို့ သတ်မှတ်ထားတဲ့ ဂြိုဟ်တုပျက်အလုံးပေါင်း ၁၉၈၉၄ လုံး
ခန့်ရှိနေပြီး စုစုပေါင်းအလေးချိန် ၈၁၃၅ တန်ခန့်ရှိတယ်လို့ ဥရောပ အာကာသအေဂျင်စီက ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာထုတ်ပြန်ထား ပါတယ်။ ထိုအလေးချိန်သည် Eiffel Tower ကြီးရဲ့ စုစုပေါင်း အလေးချိန်ထက်ပင် ပိုနေပြီဖြစ်ပါတယ်။ အဲဒါကြောင့် ADR စနစ်ဟာ ကမ္ဘာနဲ့အနီးဆုံးပတ်လမ်း Low Earth Orbit (LEO) အတွင်းရှိ ဂြိုဟ်တုအသေးအမွှားတွေကို ရှင်းလင်းသိမ်းဆည်း သွားနိုင်ရေးအတွက် အကူအညီပေးနိုင်တော့မှာ ဖြစ်ပါတယ်။

သို့သော်လည်း Remove DEBRIS စနစ်မှာ ပိုက်ကွန်နဲ့ ဖမ်းယူရရှိထားတဲ့ အသုံးမဝင်တော့တဲ့ ဂြိုဟ်တုတွေကို လမ်းကြောင်းထိန်း
သိမ်းတွက်ချက်ရမည့် နည်းလမ်းတစ်ရပ် ထပ်မံလိုအပ်လာသလို ဂြိုဟ်တုတစ်လုံးကို ပိုက်ကွန်နဲ့ ဖမ်းယူရရှိပြီးတာနဲ့ ၎င်းကိုအာကာသ
အတွင်း သို့မဟုတ် လေထုအတွင်း၌ ဖျက်ဆီးနိုင်ရန်အတွက်လည်း နည်းလမ်းလိုအပ်နေပါသေးတယ်။ လက်ရှိအချိန်မှာတော့ အာကာသ အမှိုက်တွေကို ပိုက်ကွန်ဖြင့်သိမ်း ဆည်းဖမ်းယူခြင်းနည်းလမ်းကို စမ်းသပ်အောင်မြင်ခဲ့ပြီဖြစ်ပေမယ့်လည်း ၎င်းအမှိုက်တွေကို ကမ္ဘာနဲ့အနီးဆုံးပတ်လမ်း Low Earth Orbit (LEO) အတွင်းမှ ပိုက်ကွန်နဲ့ ဆွဲယူလာပြီး ကမ္ဘာမြေပြင်ပေါ်သို့စွန့်ပစ်နိုင်မယ့် နည်းလမ်းကို ရှာဖွေသွားဖို့အတွက် ဆောင်ရွက်ရဦးမှာပါ။

အာကာသအမှိုက်တွေကို သိမ်းဆည်းခြင်းနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံကလည်း အာကာသပိုက်ကွန် စနစ်တစ်ခုကို တီထွင်ပြီး အာကာ
သအမှိုက်တွေကို သိမ်းဆည်းဖို့အတွက် ဆောင်ရွက်နေခဲ့ကြတယ်လို့လည်း သိရှိရပါတယ်။ ၎င်းတို့နဲ့ တူညီမှုမရှိတဲ့ နည်းလမ်းတစ်ခုကို
စမ်းသပ်ဖို့အတွက် ဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံရဲ့အကြံအစည်က တော့ လေဆာစနစ်ကို အသုံးပြုပြီး ဖျက်ဆီးပစ်ဖို့ပါပဲ။ အဆိုပါနိုင်ငံက လေဆာလက်နက် စနစ်တစ်ခုကို အသုံးပြုပြီး အာကာသအမှိုက်တွေကို လောင်ကျွမ်းစေခြင်းဖြင့် ပျောက်ကွယ်သွားအောင် ပြုလုပ်ဖို့ပါ။ သူတို့ရဲ့နည်းလမ်းဟာ ဆန်းကြယ်သိပ္ပံဇာတ်လမ်းတွေ ပုံစံမျိုးနဲ့ ဆင်တူတယ်လို့ပဲဆိုရမှာပါ။
တရုတ်လေကြောင်း အင်ဂျင်နီယာ တက္ကသိုလ်တစ်ခုက အဆိုပါလက်နက်စနစ်ကို အသုံးပြုပြီး အာကာသအမှိုက်တွေကို ဖယ်ရှားဖို့အတွက် ဆောင်ရွက်နေတာပါ။ သူတို့က အာကာသအခြေစိုက် လေဆာစနစ်တစ်ခုကို တပ်ဖြန့်အသုံးပြုပြီး ဖယ်ရှားဖို့အတွက် အလိုရှိနေကြခြင်းလည်းဖြစ်ပြီး သုတေသနပြုလုပ်မှုတွေကို ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။

အာကာသအမှိုက်တွေကို ဖယ်ရှားသိမ်းဆည်းဖို့အတွက် ပိုက်ကွန်အသုံးပြုခြင်းဖြစ်စေ၊ လေဆာဖြင့် တိုက်ခိုက်ချေမှုန်းခြင်းဖြစ်စေ အစရှိတဲ့ နည်းလမ်းတွေအပြင် သံလိုက်စနစ်ဖြင့် သိမ်းဆည်းခြင်း၊ မှိန်းဖြင့်ပစ်ထိုးခြင်းနဲ့ ထီးကဲ့သို့သော ပစ္စည်းကိရိယာမျိုးဖြင့် သိမ်းဆည်းခြင်း နည်းလမ်းတွေကိုလည်း ကြံဆနေတယ်လို့လည်းသိရှိရပါတယ်။ သို့သော် အဆိုပါစနစ်တွေဟာ အန္တရာယ်ရှိလာနိုင်တယ်လို့လည်း အခြားသောတစ်ဘက်မှာ သိပ္ပံပညာရှင်တွေက သတိပေးပြောဆို လိုက်ပြန်ပါသေးတယ်။ ဥပမာ
အနေနဲ့ အာကာသအမှိုက်တွေကို လက်နက်နဲ့ပစ်ဖမ်းသိမ်းဆည်းတဲ့အခါ ပြန်ကန်လာနိုင်တဲ့အတွက်ကြောင့် ထိန်းသိမ်းရခက်ခဲတဲ့ ဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာနိုင်သလို လျှပ်စစ်သံလိုက်လှိုင်းကို အသုံးပြုပြီးဖမ်းယူတဲ့ အခါမှာလည်း အခြားသော ပတ်လမ်းအတွင်းမှာရှိတဲ့ ဂြိုဟ်တုစနစ်တွေအပေါ်ကို သက်ရောက်နိုင်တဲ့ အတွက်ကြောင့်လည်း သတိထားအသုံးပြုစရာပဲ
ဖြစ်ပါတယ်။

အာကာသအမှိုက်တွေကို သိမ်းဆည်းဖို့အတွက် လုပ်ဆောင်မှုဟာ မဖြစ်မနေကို ပြုလုပ်ရတော့မယ့် ဆောင်ရွက်မှုတစ်ခုလည်း ဖြစ်ပါတယ်။ အဆိုပါအကြောင်းနဲ့ ပတ်သက်လို့လည်း NASA အဖွဲ့အစည်းကိုယ်တိုင်ကလည်း သတိပေးနေခဲ့ပြီ။ အာကာသ အမှိုက်တွေကို သိမ်းဆည်းခြင်း၊ သို့မဟုတ် ဖယ်ရှားရှင်းလင်းခြင်း ပြုလုပ်ဆောင်ရွက်မှု မရှိဘူးဆိုရင် နောင်တစ်ချိန် အာကာသအပေါ် ဂြိုဟ်တုလွှတ်တင်မှု လုပ်ငန်းတွေအတွက် တကယ့်ကိုကြီးမားတဲ့ ပြဿနာတစ်ခုလို ဖြစ်လာမှာပါ။ အာကာသအမှိုက်တွေနဲ့ ပြည့်နှက်နေတဲ့ ပတ်လမ်း ၂ ခုရှိပြီး တစ်ခုက ကမ္ဘာ့ ပတ်လမ်းအနိမ့် (LEO) ဖြစ်ပြီး နောက်တစ်ခုကတော့ GEO ပတ် လမ်းပါ။

သို့သော်လည်း LEO ပတ်လမ်းအတွင်းမှာ အာကာသအမှိုက်တွေကို ဖျက်ဆီးရှင်းလင်းမယ်ဆိုရင် ကမ္ဘာမြေကြီးအတွင်းကို ပြန်
လည်ကျရောက်နိုင်တာအတွက်ကြောင့် အန္တရာယ်ကောင်းကောင်း ရှိနိုင်တာကိုလည်း သတိပြုရမှာဖြစ်ပါတယ်။ GEO ပတ်လမ်းအတွင်းမှာလည်း ဆက်သွယ်ရေးဂြိုဟ်တု၊ ရာသီဥတုဆိုင်ရာနဲ့ ထောက်လှမ်းမှုဆိုင်ရာဂြိုဟ်တုစနစ်တွေကို အသုံးပြုထားတဲ့ အတွက်ကြောင့် သေသေချာချာ ရှင်းလင်းဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ အာ ကာသအမှိုက်ဆိုတာတွေကို မဖြစ်မနေဖယ်ရှားရှင်းလင်းဖို့အတွက် လုပ်ဆောင်ရတော့မှာပါ။ လက်ရှိ
အချိန်အတွင်း အာကာသအဖွဲ့အစည်းတွေအနေနဲ့ ကြိုးစားဆောင်ရွက်ကြနေပေမယ့် ပြီးပြည့်စုံသည်အထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးတာကြောင့် ဘယ်လိုအဖွဲ့အစည်းမျိုးတွေကများ အောင်မြင်စွာ ဆောင်ရွက်နိုင်စွမ်းရှိမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတော့တယ်။

– ကျော်လင်း (အမိမြေ)

[ Unicode ]