August 19, 2018

မကွေးတိုင်းဒေသကြီးတွင် သက်မွေးပညာသင်ကြားပေးနိုင်သည့် သင်တန်းကျောင်း ၇ ကျောင်း ဖွင့်လှစ်ခဲ့ပြီးဖြစ်

မကွေးတိုင်းဒေသကြီးအတွင်း သက်မွေးပညာသင်ကြားပေးနိုင်တဲ့ သင်တန်းကျောင်း စုစုပေါင်း ခုနစ်ကျောင်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း ဖေဖော်ဝါရီလ ၉ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှ သိရပါတယ်။

” အစိုးရနည်းပညာ အထက်တန်းကျောင်း နှစ်ကျောင်းဖြစ်တဲ့ မကွေးနဲ့ပခုက္ကူတွေမှာ ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်များ တိုးချဲ့ဆောက်လုပ်ရန် ဘတ်ဂျက်လျာထား စီစဉ်ဆောင်ရွက်လျက်ရှိတဲ့အတွက် မကွေးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်းမြို့များဖြစ်တဲ့ အောင်လံ၊ ဆင်ပေါင်ဝဲ၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက် အစရှိတဲ့ မြို့တွေမှာ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ အဆောင်နေ ကျောင်းသူ၊ ကျောင်းသားအဖြစ် ပညာသင်ကြားရန် အခွင့်အလမ်းတွေ ရရှိနေပါပြီ ” လို့ ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားခဲ့ပါတယ်။

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေနဲ့ မကွေးတိုင်းဒေသကြီးအတွင်းမှာ အစိုးရစက်မှုလက်မှုသိပ္ပံ ငါးကျောင်း (ဂန့်ဂေါ၊ ချောက်၊ ရေနံချောင်း၊ သရက်၊ မကွေး) တွေမှာ A.G.T.I ဒီပလိုမာ သုံးနှစ်သင်တန်းတွေနဲ့ အတူ ဒေသလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကာလတိုအသက်မွေးပညာ သင်တန်းတွေ၊ အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး၊ပခုက္ကူ) တွေမှာ အစိုးရ နည်းပညာ အထက်တန်းကျောင်း နှစ်နှစ်သင်တန်းများနဲ့ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ကာလတိုသက်မွေး ပညာသင်တန်းတွေ ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဦးဝင်းမော်ထွန်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

-သန္တာ