ဗီဒီယိုဂိမ်းတွေရဲ့ အနာဂတ် သို့မဟုတ် Cloud Gaming

မကြာသေးမီက ကျင်းပခဲ့တဲ့ Game Developers Conference  2019 မှာ နည်းပညာ ကုမ္ပဏီကြီး Google ဟာ Gamer တွေ မျှော်လင့်နေတဲ့ အနာဂတ်ကို ဖော်ထုတ်ပြသခဲ့ပါတယ်။ အရင်ခေတ်တွေက လူတွေဟာ အားကစားပွဲတွေ ပျော်ပွဲရွှင်ပွဲတွေကို အတူတကွ တစုတဝေးတည်း ကစားနိုင်ဖို့ အားကစားရုံကြီးတွေ တည်ဆောက်ခဲ့တာကိုအိုင်ဒီယာ ယူပြီး Stadia လို့ နာမည်ပေး ထားတဲ့ ဒီ Cloud Gaming Service ဟာသူ့နာမည်အတိုင်းပဲလူတွေကို platform တစ်ခုတည်းပေါ်မှာ အတူတကွ ဆော့ကစားစေနိုင်မှာ ဖြစ်ပါတယ်။ CEO ဖြစ်တဲ့ SundarPichai ကတော့ Stadia နဲ့ ပတ်သက်ပြီး “အားလုံးအတွက် အသင့်ခံစားနိုင်မယ့်နေရာ” လို့ ကြွေးကြော်ခဲ့ပါတယ်။

Google ရဲ့ ဝင်ရောက်လာမှုနဲ့အတူ Cloud Gaming Service နယ်ပယ်အပေါ် လူအများရဲ့ စိတ်ဝင်စားမှုဟာ တစ်ခဏအတွင်း များပြားလာ ပါတယ်။ တကယ့်တကယ်တော့ ဒီCloud Gaming Service ဟာ အသစ်ကျပ်ချွတ် နည်းပညာတစ်ခု ရယ်လို့တော့ မဟုတ်ပါဘူး။ ၂၀၀၀ ပြည့်နှစ်ကတည်းက ဒီဝန်ဆောင်မှု နည်းပညာကို ဖော်ထုတ် ပြသခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကွန်ရက် နည်းပညာတွေ မဖွံ့ဖြိုးသေးတာကြောင့်ပဲ ထင်သ လောက် မပေါက်ခဲ့ပါဘူး။ ဂိမ်းလောကရဲ့ ဘုရင်တစ်ပါးဖြစ်တဲ့ Sony ရဲ့ PlayStation Now ဝန်ဆောင်မှုတောင်မှ အခုထိ လူသိနည်းနေဆဲပါ။

ဒီလိုမအောင်မြင်ခဲ့တဲ့ သမိုင်းကြောင်းတွေ ရှိနေခဲ့ပေမယ့် Cloud Gaming Service ဟာ Google တို့ Microsoft တို့လို နည်းပညာ ဂုရုကြီးတွေရဲ့ တီထွင် ဖန်တီးမှုတွေနဲ့အတူ အခုတစ်ခါ တစ်ခေတ်ဆန်း လာပြန်ပါပီ။ ဆိုရရင် ကျွန်တော်တို့ဟာ Gaming Revolution ကြီးရဲ့ ရှေ့ပိုင်း စာမျက်နှာတွေမှာ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဗီဒီယိုဂိမ်း ကစားတာဟာ မဝေး တော့တဲ့ အနာဂတ်မှာ ဘယ်လိုပုံစံပြောင်းလဲသွားနိုင်တယ်ဆိုတာကို လေ့လာကြည့်ရအောင် ပါ။

Cloud Gaming ဆိုတာ စာဖတ်သူဘယ်ဂိမ်းပဲ ကစား ကစားတူညီတာတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ ဒီဂိမ်းကို run နိုင်တဲ့ device တစ်ခုပေါ်မှာ ကစားရတာ ချည်းပါပဲ။ PC ပဲဖြစ်ဖြစ် Smartphone ပဲ ဖြစ်ဖြစ် Game Console ပဲ ဖြစ်ဖြစ် ဒီ device တွေအားလုံးဟာ ဂိမ်းကိုသူတို့ရဲ့ CPU နဲ့ run ပြီး ဆော့ရတာ ချည်းပါပဲ။ Device တွေ ဘယ်လို ပဲ ပြောင်းသွားပြောင်းသွား ဒီအခြေခံ သဘောတရားကတော့ ဂိမ်းစက်တွေ စပေါ်ခဲ့တဲ့ ၁၉၇၀ ပြည့်နှစ်တွေကနေစလို့ အခုချိန်အထိ မပြောင်းလဲ သွားပါဘူး။ ဂိမ်း ကစားသူက ခလုတ်တွေကနေ တစ်ဆင့် input တွေ ပေးမယ်။ စက်က ဒါကိုတွက်ချက်မယ်။ ပြီးရင် ရလဒ်ကိုဖန်သားပြင်ပေါ် ပို့ပေးမယ်။

ဟိုးအတိတ်က Solitaire Game ကစလို့ ဒီနေ့ခေတ် God of War အထိ ဒီပုံစံကနေပြောင်းမသွားပါဘူး။ ဒီ Offline Gaming ပုံစံမှာ အားနည်းချက်တွေ ကန့်သတ်ချက်တွေ အများအပြားရှိနေတာဟာ လည်း အားလုံးအသိပါပဲ။ ဂိမ်း
စက်တစ်ခုပေါ်မှာ သူနဲ့ compatible ဖြစ်တဲ့ ဂိမ်းကိုပဲ ဆော့နိုင်ပါတယ်။ ဥပမာ သာမန် ရုံးသုံး Laptop လေးတစ်ခုနဲ့ God of War လို ဂိမ်းအမြင့်စားတွေ ဆော့လို့ မရနိုင်ပါဘူး။ အဆုံး စွန်ပြောရရင် Pro Gamer တွေ အတွက်တောင်မှ Gaming PC တစ်လုံးကို တည်ဆောက်ရာမှာ ကန့်သတ်ချက်တွေ ရှိနေပါတယ်။

အခု Cloud Gaming ကတော့ ဒီကန့်သတ်ချက်တွေကို ရိုက်ချိုးနိုင်ပါတယ်။ သူ့ရဲ့
အိုင်ဒီယာက ရိုးရိုးစင်းစင်းလေး ပါ။ ဂိမ်းကို local device ပေါ်မှာ run မယ့်အစား cloud server တွေပေါ်မှာ run မယ်။ ပြီးရင် user ဆီကို graphic data တွေ ပြန်ပို့မယ်။ ဒါပါပဲ။

အိုင်ဒီယာက ရိုးရှင်းပေမယ့် အကျိုးဆက်ကတော့ အများကြီးပါပဲ။ အရေးကြီးဆုံးနဲ့ အသိသာဆုံး အကျိုးဆက်ကတော့ လွယ်ကူရိုးရှင်းမှုပါပဲ။ လူတစ်ယောက် အနေနဲ့ ဂိမ်းကစားဖို့ ဘာလိုမလဲ မေးရင် ဖန်သားပြင်တစ်ခုနဲ့ အင်တာနက် ကွန်နက်ရှင် တစ်ခုပဲ လိုမယ်လို့ ဖြေရပါလိမ့်မယ်။ အဲ့လောက်ကို လွယ်ကူပါတယ်။ နောက်ဆုံးပေါ် Flagship Smartphone ပဲ ဖြစ်ဖြစ်၊ သာမန် Budget Phone လေးတစ်ခုပဲ ဖြစ်ဖြစ်၊ ရုံးသုံး Laptop လေးတစ်လုံးပဲ ဖြစ်ဖြစ်၊ Smart TV တစ်လုံးပဲ ဖြစ်ဖြစ် ဖန်သားပြင်ပါတဲ့ device အားလုံးဟာ Chrome browser ကိုသာ သုံးလို့ရမယ်၊ မြန်သင့် သလောက်မြန်တဲ့ အင်တာနက် connection သာရှိမယ်ဆိုရင် ခုနကပြောခဲ့တဲ့ Solitaire ကနေ God of War အထိ ဂိမ်းအားလုံးကို အေးအေးဆေးဆေး ဆော့နိုင်မှာ ဖြစ်ပါတယ်။

ငွေကြေးပိုင်းကနေ ကြည့်မယ်ဆိုရင်လည်း Gamer တွေဟာ တစ်နှစ်ပြီးတစ်နှစ် ကိုယ့် PC ကို အရင်လို Upgrade လုပ်စရာမလိုတော့ပါဘူး။ အဲ့ဒီအ တွက် ကုန်ကျငွေတွေနဲ့ ယှဉ်ရင် တော်တော်လေးကို နည်းတဲ့ လစဉ်ကြေးကိုသာ ပေးချေရမှာ ဖြစ်တာကြောင့် တော်တော်လေး ငွေကို ချွေတာသွားနိုင်မှာပါ။ ဒါ့အပြင် အထက်မှာပြောခဲ့တဲ့ Gaming PC တည်ဆောက်ရာမှာ ကြုံရတဲ့ ကန့်သတ်ချက် တွေလည်း ရှိတော့မှာမဟုတ်ပါဘူး။ Game ရဲ့ Processing အပိုင်းကို တာဝန်ယူတဲ့ Cloud Server တွေဟာ Desktop PC တွေထက် Processing Power အပြတ် အသတ်ကို သာပါတယ်။ ဥပမာပြရရင် Google Stadia ရဲ့ Server တွေဟာ 10.7 TFLOPs အထိ ထောက်ပံ့နိုင်ပါတယ်။ Graphics အကောင်းဆုံးလို့ သတ် မှတ်ခံထားရတဲ့ Xbox One X တောင်မှ 6.0 TFLOPs အထိပဲ ထောက်ပံ့နိုင်တာပါ။ ရလဒ် အနေနဲ့ ဂိမ်းကို 4K resolution နဲ့ 60 FPS အထိထောက်ပံ့နိုင်မှာပါ။ ဒါ့အပြင် Surround Sound နည်းပညာ၊ HDR နည်းပညာ အထောက်အပံ့တွေပါ ပါဝင်မှာ
ဖြစ်ပါတယ်။ အနာဂတ်မှာ 8Kနဲ့ 120 FPS အထိ ထောက်ပံ့နိုင် မယ်လို့ပါ ဆိုထားပါတယ်။

Cloud Gaming ဟာ End User တွေအတွက်ပဲ အကျိုးရှိ စေတာမျိုးတော့ မဟုတ်ပါဘူး။ Game Developer တွေအတွက် လည်း အခွင့်အလမ်းတစ်ခုပါပဲ။ Developer တွေဟာလည်း Game code တွေ ရေးရာမှာ User တွေနည်းတူ အကန့်အသတ်တွေ ကြုံတွေ့ရပါတယ်။ Gaming PC တစ်ခု အဆုံးစွန်အထိ ထောက်ပံ့နိုင်တဲ့ Processing Power ကို ကျော်လွန်ပြီး Game တွေ ဖန်တီးလို့ မရပါဘူး။ အခု Cloud Gaming မှာတော့ Server အဆင့် Processing
Power တွေရဲ့ ကန့်သတ်ဘောင် ဟာ Developer တွေ လွတ်လွတ် လပ်လပ် စိတ်ကူးရှိသမျှ ဖန်တီးနိုင်လောက်အောင် ကျယ်ဝန်းပါ တယ်။ ဒါ့အပြင် coding ပိုင်းမှာ Server တစ်မျိုးတည်းအတွက်ပဲ ဦးတည်ထားဖို့ လိုအပ်တာကြောင့် Incompatibility ပြဿနာတွေ၊ Fragmentation ပြဿနာတွေကို ကျော်လွှားနိုင်ပြီး User တွေ အားလုံးကိုတူညီတဲ့ Gaming Experience တစ်မျိုးတည်းကိုပဲ ခံစားစေနိုင်မှာ ဖြစ်ပါတယ်။

နေရာမျိုးစုံကနေဆော့လက် စဂိမ်းကို ဆက်ကစားနိုင်တာက လည်း Cloud Gaming ရဲ့ နောက်ထပ် အားသာချက်ကြီးတစ်ခုပါပဲ။ ဥပမာစာဖတ်သူ အနေနဲ့ အိမ်မှာ Smart TV ကနေ ဂိမ်းဆော့နေမယ်။ ပြီးတော့ အပြင်သွားစရာ ကိစ္စတစ်ခု
ပေါ်လာလို့ ဂိမ်းကိုခဏရပ်ထား ခဲ့မယ်။ ပြီးတော့ လမ်းမှာ ကားစီးနေရင်းနဲ့ ကိုယ့်ဖုန်းထဲကနေ ဆက် ကစားမယ်။ အိမ်ပြန်ရောက်လို့ ညဘက် ကိုယ့်အခန်းထဲမှာ Laptop နဲ့ ဆက်ကစားမယ်။ ဒီလိုဘယ်နေရာကမဆို ဘယ် device နဲ့ပဲဖြစ်ဖြစ် ဆော့နိုင် တာဟာ Cloud Gaming ရဲ့ အားသာချက်ကြီးတစ်ခုပါပဲ။
Cloud Gaming ရဲ့ အား နည်းချက်တွေ အထက်မှာပြောခဲ့သလိုပါပဲ။ Cloud Gaming ဟာ Server ပေါ်မှာ Game ကို run မှာ ဖြစ်တာကြောင့် User နဲ့ Server ကြားမှာ Input နဲ့ Output တွေ အပြန်အလှန် စီးဆင်းနေမှာပါ။ ဟုတ်ပါတယ်။ အဲ့အတွက် မြန်ဆန်တဲ့ အင်တာနက် connection တစ်ခုရှိနေဖို့ ရာ မလွဲမသွေ လိုအပ်ပါတယ်။ တစ်ခါတစ်လေမှာ ဒါကပဲ တစ်ချို့သော User တွေ အတွက်
Cloud Gaming ရဲ့ အကြီးမား ဆုံးအားနည်းချက်ကြီး ဖြစ်သွား နိုင်ပါတယ်။
အင်တာနက် Connection ဟာ အရှင်းဆုံးပြောရရင် ဒေတာတွေ လျှပ်စစ် ဒါမှမဟုတ်အလင်းပုံစံနဲ့ ကမ္ဘာပတ်နေတာပါပဲ။ ဒီဒေတာတွေဟာ အလင်းရဲ့ အမြန်နှုန်းနဲ့ သွားနေတာပါ။ ရုပ်ဝတ္ထုအားလုံးမှာ အမြန်ဆုံးဖြစ်တဲ့ အလင်းတောင် မှကန့်သတ်မဲ့ အမြန်နှုန်းမရပါဘူး။ တစ်စက္ကန့်ကို 3×108 မီတာ နှုန်းနဲ့ သွားနေတာပါ။ ဒါကြောင့် အင်တာနက်မှာလည်း ကန့် သတ်ချက်တွေ ရှိပါတယ်။ တကယ့် အလင်းအမြန်နှုန်း အတိုင်းအတိအကျကို သွားနိုင်တဲ့ အရမ်းမြန်တဲ့ အင်တာနက် connection နဲ့တောင်မှ ဟိုး အနောက် ကမ္ဘာခြမ်းက Server ကို အရှေ့ကမ္ဘာခြမ်းဒီဘက်ကနေလှမ်းချိတ်ပြီး ဂိမ်းဆော့ရင် frame အနည်းငယ်တော့ သေချာပေါက် နောက်ကျကျန် (lag) ခဲ့မှာပါပဲ။

စိတ်မကောင်းစရာဘဲ အင်တာ နက်ဟာ ရူပဗေဒသီအိုရီကိုမချိုး ဖောက်နိုင်ပါဘူး။ ဒီထက်မြန်စရာ လမ်းမရှိတော့ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ရာအကောင်းဆုံး နည်းလမ်းကတော့ Server တွေကို ကမ္ဘာတစ်ဝန်းမှာ ဖြန့်ကျက်ချထားဖို့ပါပဲ။ User နဲ့
Server ကြားသွားရတဲ့ ခရီးအကွာ အဝေးတိုမှပဲ User တွေအနေနဲ့ Offline Gaming လိုမျိုးနီးပါး Lag မရှိသလောက်နီးပါးနဲ့ ဆော့နိုင် မှာပါ။ Cloud Gaming Service Provider တွေဘက်က အခုလိုမျိုး အကုန်အကျခံဖို့ လိုအပ်သလို User တွေဘက်ကလည်း High Speed Connection တစ်ခုနဲ့ ချိတ်ဆက်ထားဖို့ လိုအပ်ပါတယ်။ ဒီ Connection ဟာ Speed အပိုင်းရော Latency အပိုင်းမှာပါ ကောင်းနေဖို့ လိုပါတယ်။ ဥပမာ Google Stadia ရဲ့ Recommended Connection
ကတော့ 1080p at 60 FPS အတွက် 25 mbps ပဲ ဖြစ်ပါတယ်။

ဘာလို့အခုချိန်မှ အကြီး အကျယ် မိတ်ဆက်လာရတာလဲ Cloud Gaming Service ဟာ အထက်မှာဆိုခဲ့သလို စတင်မိတ်ဆက်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် (၂၀) လောက် ကတည်းက အခက် အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။ အဲ့ဒါကြောင့်ပဲ Gamer တွေ အကြားမှာ ထင်သလောက် မပေါက်ခဲ့ပါဘူး။

ဒါပေမဲ့ ၂၀၁၅ ခုနှစ်လောက် ကစလို့ Cloud Gaming Service တွေဟာ တစ်ဖန် ပြန်လည် ဆန်းသစ်လာပါတယ်။ Sony ကသူ့ရဲ့ ကိုယ်ပိုင် Cloud Gaming Service ဖြစ်တဲ့ PlayStation Now ကို ၂၀၁၄ ခုနှစ်မှာ စတင် မိတ်ဆက်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ NVIDIA ကလည်း GeForce NOW ဆိုတဲ့ အမည်နဲ့ မိတ်ဆက် လာပြန်ပါတယ်။ Electronic Arts ကတော့ ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၉)
ရက်နေ့မှာ cloud gaming Project Atlas ကို မိတ်ဆက်ခဲ့ ပါတယ်။ Microsoft ကလည်း အဲ့ဒီနှစ် အောက်တိုဘာ (၈) ရက်နေ့မှာပဲ Project xCloud ကို မိတ်ဆက်ခဲ့ပြန်ပါတယ်။ Google ကတော့ Project Stream ကိုအားလုံးထက် စောစီးစွာပဲ အောက်တိုဘာ (၁) ရက်နေ့မှာ စတင် ကြေညာခဲ့တာပါ။ အဲ့နောက် အခုမတ်လ (၁၉) ရက်နေ့က ကျင်းပခဲ့တဲ့ GDC 2019 မှာ Stadia ဆိုတဲ့ အမည်နဲ့ တရားဝင် စတင် မိတ် ဆက်ခဲ့ပါတယ်။

ဒီဘက်နှစ်တွေမှာ ကုမ္ပဏီ ကြီးတွေ Cloud Gaming နယ်ပယ်ကို အပြိုင်အဆိုင် တိုးဝင် လာရတဲ့ အကြောင်းအရင်းတွေ ထဲမှာ အဓိကအချက်ဟာ Networking Technology ပိုင်းမှာတစ်ဟုန်ထိုး တိုးတက်လာတဲ့ အချက်ပဲလို့ဆိုရင် မမှားပါဘူး။ 5G နည်းပညာ၊ WiFi 6 standards နဲ့ တစ်ခြားတစ်ခြားသော Networking နည်းပညာ တိုးတက်မှုတွေဟာ Cloud Gaming ကို ယုံကြည်မှုရှိရှိနဲ့ မိတ်ဆက်
နိုင်ဖို့ရာ အဓိကတွန်းအားတွေ ပါပဲ။

ဒါ့အပြင် Stadia ရဲ့ features တွေဖြစ်တဲ့ Crowd Play တို့ State Share တို့လို လုပ်ဆောင် ချက်တွေ၊ Stadia Controller ရဲ့ Google Assistant Button လိုလုပ်ဆောင်ချက်တွေ၊ ဒါတွေအားလုံးဟာ Gamer တွေကို စွဲဆောင်နိုင်ဖို့ရာ လုံလောက်နေ ပါတယ်။ ဆိုရရင် Cloud Gaming နယ်ပယ်ဟာ အခုထိ မတို့ထိ ရသေးတဲ့ နယ်ပယ်တစ်ခု ဖြစ်နေဆဲပါပဲ။ ဒီနယ်ပယ်မှာ ၀င်ရောက် မင်းမူနိုင်ဖို့ရာ နည်းပညာတွေက လုံးဝကို ပြီးပြည့် စုံအောင် ကောင်းမွန်နေဖို့ မလိုပါဘူး။ သင့်တင့်တဲ့ လစဉ်ကြေးနဲ့ ကောင်းမွန်တဲ့ Gaming Experience ကိုသာ ပေးနိုင်
မယ်ဆိုရင် ဈေးကွက်ကို လွှမ်းမိုး နိုင်မှာပါပဲ။ ဒီလိုဆိုရင် Gamer တွေအတွက်ရော Developer တွေအတွက်ရော Service Provider ကုမ္ပဏီတွေအတွက် ရောသုံးဦးသုံးဖလှယ် Win-Win-Win situation ဖြစ်မှာမလွဲပါဘူး။

-ကိုသုတ