September 26, 2017

Xiaomi Mi 6

Price – 615,000

အားသာချက်

လှပပြီးချောမွေ့ တောက်ပြောင်တဲ့ Solid Design, မြန်ဆန်ချောမွေ့တဲ့ ဖုန်းရဲ့လုပ်ဆောင်ချက်တွေကို စွမ်းဆောင်ပေးနိုင်တဲ့ Snapdragon Chipset, ဖုန်းမှာပါဝင်တဲ့ ဘက်ထရီရဲ့ ပါဝါသိုလှောင်နိုင်မှု ပမာဏမြင့်မားပြီး အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ခြင်းတွေက ဒီဖုန်းရဲ့ အားသာချက်တွေပါ။ Dual Leans ကင်မရာတွေရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ ကောင်းမွန်တဲ့ ကင်မရာ အသုံးပြုစနစ်တွေကလည်း ဒီဖုန်းရဲ့အဓိက အားသာချက်တွေပါပဲ။

အားနည်းချက်

ဒီဖုန်းမှာတော့ နားကြပ်ပေါက် မပါဝင်ပါဘူး။ ဖုန်းမှာပါဝင်တဲ့မှတ်ဉာဏ်က ကောင်းမွန်မြင့်မားတယ်လို့ ဆိုပေမယ့်လည်း မှတ်ဉာဏ်ထပ်တိုးသုံးချင်တဲ့ သူတွေအတွက်တော့ Micro SD Card Slot မပါဝင်ပါဘူး။ FM Radio စနစ်ကိုလည်း ဒီဖုန်းမှာမတွေ့ရပါဘူး။

ဒီဇိုင်း

ချောမွေ့တောက်ပြောင်တဲ့ ဖန်နဲ့သတ္တုစပ် ကိုယ်ထည်ကိုအသုံးပြုထားပြီး ဒီဇိုင်းပိုင်းမှာလှပတဲ့ ဖုန်းဖြစ်ပါတယ်။ တည်ငြိမ်တဲ့ ဒီဇိုင်းပုံစံမျိုးရှိပြီး ထုထည်ကလည်း ပါးလွှာပါတယ်။ ဖုန်းကိုယ်ထည် ချောမွေ့နေခြင်းနဲ့ ထုထည်ပါးလွှာခြင်းတွေအပြင် အလေးချိန်ကလည်း အနည်းငယ်ရှိနေတဲ့အတွက် ဒီဖုန်းကို ကိုင်တွယ်အသုံးပြုချိန်မှာ လက်ထဲကနေ လွတ်ကျနိုင်ခြင်းကိုတော့ ဂရုစိုက်ရပါလိမ့်မယ်။ ကျောဘက်ကာဗာအပေါ်ထိပ်မှာ Dual Camera စနစ်ကို တပ်ဆင်ပေးထားပြီး Fingerprint ကတော့ ဖုန်းရဲ့ Solide State Home Button နဲ့အတူ တွဲပြီးသုံးရမှာပါ။ စပီကာတွေကိုတော့ ဖုန်းရဲ့အောက်ခြေဘောင်ပေါ်မှာ တပ်ဆင်ပေးထားတာ တွေ့ရပါတယ်။

မင်ကွင်း

၅.၁၅ လက်မရှိတဲ့ IPS LCD Screen ဖြစ်ပြီး 1080 x 1920 Pixels ရှိတဲ့ Full HD Screen အမျိုးအစားပါ။

နည်းပညာ

ကင်မရာနည်းပညာပိုင်းမှာ တော်တော်လေး ကောင်းမွန်တယ်လို့ ပြောရမယ့် ဖုန်းဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ Xiaomi က Mi6 ကို အရင်ထုတ်ကုန်တွေနဲ့ လုံးဝမတူပဲ ကွဲပြားခြားနားအောင် ပြုလုပ်ခဲ့တဲ့ပုံရှိပြီး အရင်က ထုတ်ကုန်တွေက ကောင်းမွန်တဲ့ အချက်တွေကို စုဆောင်းပြီး ပြုလုပ်ထားတဲ့ ပုံစံမျိုးရှိပါတယ်။ ထည့်သွင်းပေးထားတဲ့ နောက်ဘက် 12 Megapixels ကင်မရာနှစ်လုံးမှာတော့ 2 X Optical Zoom စနစ်ကို ထောက်ပံ့ပေးနိုင်တဲ့ မှန်ဘီလူးကို အသုံးပြုထားတာ တွေ့ရပါတယ်။ ဖုန်းတွေရဲ့ကင်မရာတွေဟာ Zoom ဆွဲတဲ့အချိန်မှာ မတည်ငြိမ်မှုနဲ့ ပုံရဲ့အရည်အသွေး ကျဆင်းသွားခြင်းတွေကို ကာကွယ်ဖို့အတွက် Mi 6 က အကောင်းဆုံးဖြစ်စေဖို့ ပြုလုပ်ထားတဲ့ ပုံစံမျိုးပါပဲ။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံပြီးသုံးသပ်ကြည့်မယ်ဆိုရင်တော့ Mi 6 ဟာ ဖုန်းမှာအသုံးပြုထားတဲ့ CPU, GPU, Chipset နဲ့ Sensor ပိုင်းတွေမှာ မြင့်မားကောင်းမွန်တဲ့ ဖုန်းဖြစ်တဲ့အတွက် ဖုန်းကိုအသုံးပြုတဲ့အချိန်မှာ မြန်ဆန်ချောမွေ့တဲ့ ခံစားချက်ကို ခံစားရစေမှာပါ။ ကင်မရာပိုင်းမှာလည်း နောက်ဘက် Dual ကင်မရာစနစ်ရဲ့ ထူးခြားတဲ့ ထိတွေ့မှုတွေ ရှိနေတဲ့အတွက် ဓာတ်ပုံပိုင်းမှာလည်း ကောင်းမွန်တယ်လို့ ပြောနိုင်ပါတယ်။ မှတ်ဉာဏ်ကတော့ အသုံးပြုတဲ့သူရဲ့ စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ပေမယ့် SD Card နဲ့ မှတ်ဉာဏ်ထပ်ချဲ့ပြီး အသုံးမပြုနိုင်တာကတော့ အချက်အလက်များများ သိမ်းတဲ့သူတွေနဲ့ ဓာတ်ပုံများများ ရိုက်တဲ့သူတွေအတွက် အဆင်ပြေချင်မှ ပြေနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ RAM မြင့်မားတဲ့အချက်ကတော့ ကောင်းမွန်တဲ့ CPU နဲ့ တွဲဖက်လုပ်ဆောင်တဲ့အချိန်မှာ မြန်ဆန်တဲ့လုပ်ဆောင်ချက်တွေကို ထိတွေ့နိုင်ပါတယ်။ ဒီဖုန်းမှာပါဝင်တဲ့ ဘက်ထရီက Xiaomi ရဲ့အရင်ထွက်ခဲ့တဲ့ Mid Range ဖုန်းအချို့ထပ် နည်းနေတာကို တွေ့ရမှာဖြစ်ပေမယ့် အသုံးပြုတဲ့အချိန်မှာတော့ ဘက်ထရီက အတန်အသင့် အသုံးခံပါတယ်။ အားသွင်းနှုန်း မြန်ဆန်တဲ့ Fast battery charging (Quick Charge 3.0) စနစ်ကလည်း ဖုန်းအားသွင်းချိန်မှာ မြန်ဆန်ပါတယ်။ Bluetooth ဗားရှင်းကလည်း တော်တော်လေးမြင့်မားပြီး ဖိုင်လွှဲပြောင်းနိုင်မှု နှုန်းကလည်း မြင့်မားတာတွေ့ရပါတယ်။

Network – GSM – 2G/ 3G/ 4G
SIM – Dual SIM (Nano Sim, Dual Stand-by)
OS – Android OS, v7.1.1
CPU – Octa-core (4×2.45 GHz & 4×1.9 GHz )
GPU – Adreno 540
Memory – Internal 128GB, 6GB RAM, Micro SD No
Camera – Dual 12 MP (27mm, f/1.8, OIS 4-axis & 52mm, f/2.6), 2x optical zoom, phase detection autofocus, dual-LED (dual tone) flash, 1/2.9″ sensor size, 1.25 µm @ 27mm & 1.0 µm @ 52mm pixel size, geo- tagging, touch focus, face detection, HDR, panorama, Video, Front 8 MP
Wi-Fi – 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, DLNA, hotspot
Bluetooth – 5.0, A2DP, LE
Battery – Li-Po 3350 mAh Battery

သူတို့အမြင်

ကိုအောင်ကျော်စိုး (စမ်းသပ်အသုံးပြုသူ)

ကျွန်တော်က Xiaomi ပရိသတ်ဆိုတော့ Xiaomi ဆိုရင် ကြိုက် တယ်ပဲပြောရမယ်။ Mi 6 မှာတော့ ကင်မရာပိုင်းကို အရမ်းကြိုက်တယ်။ ဒီဖုန်းရဲ့ ကင်မရာက ဓာတ်ပုံရိုက်တဲ့အချိန်မှာ ကောင်းတဲ့ပုံထွက်တွေကို ရတဲ့အပြင် Zoom ဆွဲပြီးရိုက်တဲ့ အချိန်မှာတောင် ပုံကဆိုးဆိုးဝါးဝါး ဖွာသွားတာမျိုး မရှိဘူး။ အဲဒီအချက်ကိုတော့ အရမ်းသဘောကျတယ်။ ဒီဇိုင်းနဲ့ ပုံစံကိုလည်း ကြိုက်တယ်။ CPU တွေနဲ့ သူ့ရဲ့မှတ်ဉာဏ်ပိုင်း၊ ဖုန်းရဲ့ လုပ်ဆောင်နိုင်မှု ပုံစံတွေကလည်း တော်တော်လေး ကောင်းပါတယ်။ ဂိမ်းကစားတဲ့ အချိန်မှာလည်း ဒီဖုန်းကတော်တော်လေး ကောင်းတယ်။

ကိုဝင်းမြင့်ဦး (စမ်းသပ်အသုံးပြုသူ)

ကင်မရာပိုင်းတော်တော်လေး ကောင်းတဲ့ဖုန်းပါပဲ။ ကင်မရာတွေ ရဲ့စွမ်းဆောင်ရည်က ကောင်းတဲ့အပြင် Dual ကင်မရာစနစ်နဲ့ဆိုတော့ တော်တော်လေးမိုက်တယ်။ ဓာတ်ပုံရိုက်ရတာ သဘောကျတဲ့ သူတွေအတွက်တော့ ဒီဖုန်းကလည်း ရွေးချယ်ချင်စရာ တစ်ခုပါပဲ။ ဖုန်းရဲ့အတွင်းပိုင်း Hardware ပိုင်းဖွဲ့စည်းမှုတွေကလည်း မြင့်တဲ့အပြင် RAM နဲ့ မှတ်ဉာဏ်ကလည်း မြင့်တော့ ဖုန်းရဲ့လုပ်ဆောင်ချက် တွေကတော်တော်လေး မြန်မြန်တယ်။ ဘက်ထရီပိုင်းတွေ ဒီဇိုင်းပိုင်းတွေကိုလည်း ကြိုက်ပါတယ်။ နားကြပ်ပေါက် မပါတာကိုတော့သိပ် သဘောမကျဘူး။

မဧပရယ်အောင် (စမ်းသပ်အသုံးပြုသူ)

ကျွန်မက ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့သူဆိုတော့ ဒီဖုန်းကိုစပြီး စမ်းသပ်တဲ့အချိန်မှာ ကင်မရာပိုင်းကိုပဲ ပိုစမ်းသပ်မိတယ်။ ကင်မရာကတော့ တော်တော်လေးကောင်းတယ်။ Feature တွေကလည်းစုံသလို ကင်မရာရဲ့ ဓာတ်ပုံရုပ်ထွက်ကလည်း တော်တော်လေးကောင်းတာတော့ တွေ့ရတယ်။ ဒီဖုန်းက Zoom ဆွဲလို့ရတဲ့ Lens ကို ထည့်ပေးထားတယ်လို့ ပြောတဲ့အတွက် Zoom ဆွဲပြီး ရိုက်ကြည့်တဲ့အချိန်မှာလည်း တော်တော်လေးသိသာပါတယ်။ Wide စနစ်ပိုင်းမှာလည်း ကောင်းပါတယ်။ ဖုန်းကဒီဇိုင်းလှတယ်။ သုံးရတာလည်းပေါ့ပါးပြီး မြန်တယ်။

MIUI 8 ရဲ့ ကောင်းမွန်တဲ့ စနစ်တွေဖြစ်တဲ့ Second Space, Twin App အစရှိတဲ့စနစ်တွေ အပါအဝင် အခြားကောင်းမွန်တဲ့ စနစ်တွေအများအပြား ပါဝင်တာတွေ့ရမှာပါ။

 

 

 

 

ကင်မရာပိုင်းမှာလည်း စုံလင်တဲ့ ဓာတ်ပုံအသုံးပြု Effect စနစ်တွေ ပါဝင်ပါတယ်။ နောက်ခံ Background တွေကို ဝါးသွားအောင် လုပ်ပြီးရိုက်နိုင်တဲ့စနစ်၊ Wide စနစ်၊ Zoom စနစ်တွေစုံစုံလင်လင် ပါဝင်တာတွေ့ရမှာပါ။

 

 

 

-ကိုသက်