Windows 10 အသုံးပြုတဲ့ထုတ်ကုန် သန်း ၅၀၀ ရှိလာ

Microsoft ရဲ့ နောက်ဆုံးပေါ် operating system ဖြစ်တဲ့ Windows 10 ကို လစဉ်အသုံးပြုတဲ့ ထုတ်ကုန်အရေအတွက် သန်း ၅၀၀ ရှိလာပြီလို့ ကုမ္ပဏီက ကြေညာလိုက်ပါတယ်။

ဒီကြေညာချက်ကို Seattle မှာပြုလုပ်ခဲ့တဲ့ Microsoft ရဲ့ Build conference မှာ အမှုဆောင်အရာရှိချုပ် Satya Nadella က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Windows 10 ကို မဖြန့်ချိမီ လအနည်းငယ်အလို 2015 Build conference မှာတုန်းက ကုမ္ပဏီအနေနဲ့ ၃ နှစ် အတွင်း နောက်ဆုံးပေါ် operating system အသုံးပြုတဲ့ ထုတ်ကုန်အရေအတွက် ၁ ဘီလျံရှိမယ်လို့ ခန့်မှန်းထားကြောင်း Windows အကြီးအကဲ Terry Myerson က ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ မျှော်မှန်းထားတဲ့ အရေအတွက်ဟာ သတ်မှတ်ကာလအတွင်း မပြည့်မီနိုင်ဘူးလို့ Microsoft က ပြီးခဲ့တဲ့နှစ်မှာ ဝန်ခံခဲ့ပါတယ်။

Windows 10 သုံးစွဲတဲ့အရေအတွက်ကို သုံးစွဲသူတစ်ဦးတစ်ယောက်ချင်းအလိုက် ရေတွက်ထားတာမျိုး မဟုတ်ဘဲ အသုံးပြုတဲ့ထုတ်ကုန်တွေကိုသာ ရေတွက်ထားတာ ဖြစ်ပါတယ်။ အချို့သုံးစွဲသူတွေက Windows 10 ကို PC အများအပြားမှာ အသုံးပြုလေ့ရှိတာကြောင့် ကုမ္ပဏီအနေနဲ့ ထုတ်ကုန်တွေကိုသာ ခြေရာခံရေတွက်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အမှုဆောင်အရာရှိချုပ် Nadella ဟာ Windows 10 သုံးစွဲတဲ့ ထုတ်ကုန်အရေအတွက် အပြင် အခြားအချက်အလက်တွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

Microsoft ရဲ့ Cortana digital assistant ကို လစဉ်အသုံးပြုသူ သန်း ၁၄၀ ရှိလာပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ အခြားအဖွဲ့အစည်းတွေမှာ Office 365 ကို လစဉ်သုံးစွဲသူ သန်း ၁၀၀ ကျော်ရှိတယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

Ref: TheNextWeb