WeChat mini ပရိုဂရမ်နဲ့အတူ Apple နဲ့ Google app store ကို ယှဉ်ပြိုင်ရန် Tencent ရည်မှန်းထား

တရုတ်နိုင်ငံရဲ့ ဈေးကွက်တန်ဖိုးအကြီးမားဆုံး အင်တာနက်ကုမ္ပဏီ Tencent Holdings အနေနဲ့ mini မိုဘိုင်း application တွေကို မိတ်ဆက်ဖို့ အပြင်းအထန် ကြိုးစားနေပြီး Apple နဲ့ Alphbet တို့နဲ့ ထိပ်တိုက် ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။ အဲဒီ mini ပရိုဂရမ်တွေဟာ သမားရိုးကျ app store တွေကိုရှောင်လွှဲပြီး သုံးစွဲသူက WeChat application အတွင်းမှာ ပရိုဂရမ်တွေကို တိုက်ရိုက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Tencent အနေနဲ့ WeChat ရဲ့ interface မှာ application တွေကို အဆင်သင့်အသုံးပြုနိုင်ဖို့ mini ပရိုဂရမ်တွေကို 10 megabytes ထက်လျော့နည်းအောင် WeChat messaging app ကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

အခုဆိုရင် mini ပရိုဂရမ်တွေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး တစ်နှစ်အကြာ WeChat app တွေမှာ min ပရိုဂရမ်တွေ ၅၈၀,၀၀၀ အထိ ပါဝင်လာပါတယ်။ Apple ရဲ့ App Store ကို စတင်လွှင့်တင်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ် အချိန်ကာလအတွင်းမှာ မိုဘိုင်း app ၅၀၀,၀၀၀ ပဲရှိသေးတယ်လို့ WeChat ရဲ့ mini ပရိုဂရမ် ဒါရိုက်တာဖြစ်သူ ဟူရန်ဂျီကပြောပါတယ်။

“ဒီ mini ပရိုဂရမ်ဟာ offline နဲ့ online အခက်အခဲမရှိ ချိတ်ဆက်ပေးနိုင်မယ့် ထုတ်ကုန်မော်ဒယ်သစ်တစ်မျိုး ဖြစ်ပါတယ်” လို့ ဟူကပြောခဲ့ပါတယ်။ ဒါ့အပြင် mini ပရိုဂရမ်အစီအစဉ်က developer တစ်သန်းခန့်ကို ဆွဲဆောင်နိုင်ခဲ့တယ်လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါသေးတယ်။ WeChat ရဲ့ Mini ပရိုဂရမ်တွေဟာ app store ကိုရှောင်လွှဲနိုင်သလို ဘယ် operating system ပေါ်ကမဆို WeChat အတွင်းကနေ သုံးစွဲသူတွေက အလျင်အမြန် အသုံးပြုနိုင်ပါတယ်။

လက်ရှိအချိန်မှာ mini ပရိုဂရမ်တွေကို သုံးစွဲလာမယ့် အရေအတွက် များပြားနိုင်ပါတယ်။ WeChat ကို တစ်ကမ္ဘာလုံးမှာ အသုံးပြုနေကြတဲ့ သုံးစွဲသူ သန်း ၉၈၀ ရှိပြီး ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ ရုရှားနိုင်ငံ နှစ်ခုပေါင်း လူဦးရေထက် ပိုမိုများပြားပါတယ်။

WeChat ရဲ့ mini ပရိုဂရမ်တစ်ခုဖြစ်တဲ့ Jump Jump မိုဘိုင်းဟာ ထွက်ပေါ်လာပြီး သုံးရက်အကြာမှာ တရုတ်နိုင်ငံတွင်းက ဂိမ်းကစားသူ သန်း ၄၀၀ ကိုဆွဲဆောင်နိုင်ခဲ့ပြီး နိုင်ငံအတွင်းက နာမည်အကျော်ကြားဆုံး မိုဘိုင်းဂိမ်း ဖြစ်လာပါတယ်။

၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှာ mini ပရိုဂရမ်တွေကို ဖြန့်ချိပြီးနောက်မှာ လစဉ်သုံးစွဲသူ သန်း ၁၇၀ ကျော်ရှိတယ်လို့ Tecncent က မကြာသေးခင်မှာထုတ်ပြန်ခဲ့ပါတယ်။ McDonald, KFC, Coach and Tesla အပါအဝင် အပြည်ပြည်ဆိုင်ရာ အမှတ်တံဆိပ်တွေကလည်း WeChat အတွက် mini ပရိုဂရမ်တွေကို မနှစ်က ဖြန့်ချိထားပါတယ်။ Tesla ကလည်း ကုမ္ပဏီကားတွေရဲ့အရှိန်နှုန်းကို သုံးစွဲသူတွေက စောင့်ကြည့်နိုင်မယ့် mini ပရိုဂရမ်ကို ဖြန့်ချိထားပါတယ်။

Tencent ဟာ ကိုယ်ပိုင်စီးပွားရေး ဂေဟစနစ်တွေ တည်ဆောက်ထားတဲ့ Apple နဲ့ Google တို့နဲ့ ခြားနားပြီး app အတွင်းမှာ app တွေအသုံးပြုနိုင်ဖို့ WeChat ကိုအသွင်ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
Tencent ဟာ Apple နဲ့အငြင်းအခုံ ဖြစ်ပွားနေပါတယ်။ Apple အနေနဲ့ app တွေအတွင်း store ဒါမှမဟုတ် store လိုမျိုး interface အတွင်း ပရိုဂရမ်တွေ မသုံးနိုင်အောင် ရည်ရွယ်ပြီး ဧပြီလမှာ App Store ပြန်လည်သုံးသပ်ချက် ညွှန်ကြားချက်တွေကို update လုပ်ခဲ့ပါတယ်။ WeChat သုံးစွဲသူတွေက content နဲ့ app ထုတ်ဝေသူတွေကို အကြံဥာဏ်တွေပေးခွင့်ပြုထားတဲ့ လုပ်ဆောင်ချက်တွေကို ဖယ်ရှားဖို့ Apple က Tencent ကိုတောင်းဆိုထားပါတယ်။

ပုံမှန်အတိုင်းဆိုရင် in-app purchase ဟာ Apple ရဲ့ငွေပေးချေမှု platform ကိုဖြတ်သန်းရပြီး Apple ရဲ့ဝင်ငွေ သုံးဆယ်ရာခိုင်နှုန်းက အဲဒီနည်းလမ်းနဲ့ ရရှိနေပါတယ်။ ဒါပေမဲ့ WeChat ရဲ့အကြံဥာဏ်ပေးတဲ့ feature မှာ Apple ပါဝင်ဖို့ ဒီဇိုင်းထုတ်ထားခြင်း မရှိပါဘူး။ ဒါပေမဲ့လည်း Apple နဲ့ WeChat ဟာ အဲဒီ feature ကိုပြန်လည် စတင်နိုင်ဖို့ သဘောတူညီချက် ရယူနိုင်ခဲ့တယ်လို့ WSJ ကဖော်ပြခဲ့ပါတယ်။

စိုးထက်
Ref: SCMP