WannaCry ransomware တိုက်ခိုက်မှုကို ရပ်တန့်ခဲ့သူက အသက် ၂၂ နှစ်အရွယ် Marcus Hutchins ဆိုသူဖြစ်

ကမ္ဘာတစ်ဝန်းပျံ့နှံ့ခဲ့တဲ့ malware virus ကို ရပ်တန့်ခဲ့သူက အသက် ၂၂ နှစ်အရွယ် Marcus Hutchins ဖြစ်တယ်လို့ သိရပါတယ်။

ဗြိတိန် ဆိုက်ဘာလုံခြုံရေး သုတေသီတစ်ဦးဖြစ်တဲ့ Hutchins ဟာ WannaCry ransomware ပျံ့နှံ့မှုကို သူ့မိဘတွေရဲ့အိမ်က အိပ်ခန်းကျဉ်းလေးထဲကနေ ရပ်တန့်ခဲ့တာ ဖြစ်ပါတယ်။

ကွန်ပျူတာဆာဗာတွေ၊ မော်နီတာသုံးခုနဲ့ ဗီဒီယိုဂိမ်းတွေရှိတဲ့ Hutchins ရဲ့ ကိုယ်ပိုင် IT hub ဓာတ်ပုံတွေဟာ တနင်္ဂနွေညမှာ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် Hutchins က Las Vegas မှာပြုလုပ်ခဲ့တဲ့ DEFCON ကို တက်ရောက်ခဲ့တဲ့ပုံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

Twitter ပေါ်မှာ MalwareTech ဆိုပြီး လူသိများတဲ့ Hutchins ဟာ virus ကို ခြေရာခံဖို့အတွက် malware မှာ ဖုံးကွယ်ထားတဲ့ ဒိုမိန်းနာမည်တစ်ခုကို မှတ်ပုံတင်ရာမှ အမှတ်မထင် ရပ်တန့်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“သူငယ်ချင်းတစ်ယောက်ဆီကနေ malware နမူနာတစ်ခု ကျွန်တော် အမြန်ရလိုက်ပါတယ်။ အဲ့ဒီ နမူနာကို အသေးစိတ် စစ်ဆေးလိုက်တဲ့အခါမှာ malware က မှတ်ပုံမတင်ထားတဲ့ ဒိုမိန်းတစ်ခုနဲ့ အချက်အလက်တွေ တောင်းဆိုနေတာကို သတိပြုမိ လိုက်ပါတယ်။ အဲ့ဒီနောက် ချက်ချင်း အဲ့ဒီဒိုမိန်းကို မှတ်ပုံတင်လိုက်ပါတယ်။ ဒိုမိန်းကို မှတ်ပုံတင်လိုက်တဲ့နောက်ပိုင်းမှာ ransomware ပျံ့နှံ့မှုကို ကာကွယ်နိုင်ခဲ့ပါတယ်” လို့ Hutchins က သူ့ရဲ့ blog post တစ်ခုမှာ ရေးသားခဲ့ပါတယ်။

လက်ရှိမှာတော့ သူဟာ တိုက်ခိုက်မှုအသစ်တွေကို ဟန့်တားနိုင်ဖို့အတွက် အစိုးရရဲ့ National Cyber Security Centre နဲ့အတူ လုပ်ဆောင်နေတယ်လို့ MailOnline က ဖော်ပြခဲ့ပါတယ်။

Ref: BusinessInsider/TheSun