WannaCry ransomware ဆိုက်ဘာတိုက်ခိုက်မှုနောက်ကွယ်တွင် မြောက်ကိုရီးယားရှိနိုင်ကြောင်း သုတေသီများ ပြောကြား

ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်း ၁၅၀ ရဲ့ ကွန်ပျူတာ ၃၀၀,၀၀၀ ကျော်မှာ ဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုဟာ မြောက်ကိုရီးယားနဲ့ ဆက်စပ်နိုင်တယ်လို့ ဆိုက်ဘာလုံခြုံရေး သုတေသီတွေက ပြောကြားလိုက်ပါတယ်။

WannaCry software မှာအသုံးပြုထားတဲ့ ကုဒ်အချို့ကို မြောက်ကိုရီးယားနဲ့ အဆက်အသွယ်ရှိတဲ့ Lazarus Group ကဖန်တီးထားတဲ့ malicious program တွေမှာ အသုံးပြုထားတယ်လို့ Symantec နဲ့ Kaspersky Lab တို့က ပြောကြားခဲ့ပါတယ်။

“ဒါဟာ WannaCry ရဲ့ မူလဇာစ်မြစ်အတွက် အကောင်းဆုံးသဲလွန်စ ဖြစ်ပါတယ်” လို့ Kaspersky Lab မှ သုတေသီတစ်ဦးဖြစ်သူ Kurt Baumgartner က Reuters ထံ ပြောကြားခဲ့ပါတယ်။

ဒီဆိုက်ဘာတိုက်ခိုက်မှုတွေရဲ့နောက်ကွယ်မှာ မြောက်ကိုရီးယားရှိတယ်ဆိုတာကိုအတည်ပြုဖို့ စောလွန်းသေးတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါ့အပြင် code တွေကို ဒီထက်ပိုပြီး လေ့လာသွားဖို့လိုတယ်လို့ သုတေသီတွေက ပြောကြားခဲ့ပါတယ်။

Lazarus Group က ဟက်ကာတွေဟာ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်ကနေ ဒေါ်လာ ၈၁ သန်း ခိုးယူမှုအတွက် စွပ်စွဲခံထားရသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၄ ခုနှစ်က Sony Pictures ကို တိုက်ခိုက်ရာမှာလည်း အဲ့ဒီအဖွဲ့က နောက်ကွယ်ကနေ ပါဝင်ပတ်သက်ခဲ့တယ်လို့ ဆိုပါတယ်။

သောကြာနေ့ကဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုကတော့ အွန်လိုင်းကနေ ခြိမ်းခြောက်ငွေညှစ်တဲ့ အကြီးမားဆုံးတိုက်ခိုက်မှုတစ်ရပ်လို့ ယူဆရပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ဗြိတိန်ရဲ့ ဆေးရုံကွန်ရက်အပါအဝင် ကမ္ဘာတစ်ဝန်းက အစိုးရအေဂျင်စီတွေ၊ စက်ရုံတွေနဲ့ အခြားကုမ္ပဏီတွေရဲ့ ကွန်ပျူတာတွေကို ထိခိုက်ခဲ့ပါတယ်။

WannaCry malicious software ကြောင့် အမေရိကန် ကုမ္ပဏီအချို့လည်း ထိခိုက်ခဲ့တယ်လို့ အမေရိကန်ပြည်တွင်း လုံခြုံရေးဝန်ကြီးဌာနက Fox News ထံ ပြောကြားခဲ့ပါတယ်။ Ransomware ကူးစက်ခံရတဲ့ ကွန်ပျူတာတွေအတွက် patch တစ်ခုဖြန့်ပေးနိုင်ဖို့ CERT (Computer Emergency Readiness Team) က ထိခိုက်ခံရတဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက် ခဲ့ပါတယ်။

သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွက် ငွေပေးချေခဲ့သူ အနည်းအကျဉ်းသာ ရှိခဲ့ပြီး ဟက်ကာတွေက ပြန်ရွေးငွေ ဒေါ်လာ ၅၀,၀၀၀ ခန့် ရရှိခဲ့တယ်လို့ သိရပါတယ်။

Ref: FoxNews