December 12, 2017

The Sims 4: Cats & Dogs

Simulation ဆိုတဲ့ အခန်းဆက်ဆန်ဆန် ဘ၀ဇာတ်လမ်း သွားမျိုး ဂိမ်းတွေထဲမှာတော့ The Sims ရဲ့ အောင်မြင်မှုကမ နည်းပါဘူး။ ကမ္ဘာနဲ့အဝှမ်းမှာ ကစားသူသန်းချီပြီး ရှိနေတယ်လို့ သိရပါတယ်။ အထူးသဖြင့်တော့စိတ် ကူးယဉ်ဆန်တဲ့ ဂိမ်းတွေထက် လက်တွေ့ဆန်ဆန် ဘဝကိုပုံဖော်ကစားရတာဖြစ်လို့ လူကြိုက်များပါတယ်။ အခု Cats & Dogs က The Sims ရဲ့ နောက်ဆက်တွဲ အပိုင်းတစ်ပိုင်းအနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကမှ ဖြန့်ချိလာတဲ့ ဂိမ်းအသစ် ဖြစ်ပါတယ်။

The Sims ကို ကစားဖူးသူ၊ နှစ်သက်သူတွေ အတွက်တော့ သိပ်မစိမ်းပေမယ့် အခုဂိမ်းသစ် မှာ Feature အသစ်အနေနဲ့ ပတ်ဝန်းကျင်အသစ် ပါလာတယ်။ သူ့ကို Brindleton Bay လို့ခေါ်ပြီး အဆိုပါ ပတ်ဝန်းကျင်သစ်မှာပါ ကြောင်နဲ့ခွေးလေးတွေကို ထည့်သွင်း ဖန်တီးလာတာ တွေ့ရပါတယ်။ ပြီးတော့ ကစားသူတွေအနေနဲ့ တိရစ္ဆာန် ဆေးကုဆရာဝန်အဖြစ် လက်တွေ့ သင်
ကြားမှုတွေကို ဂိမ်းထဲမှာပဲ လေ့လာနိုင်မယ်၊ ပြီးတော့ ပတ်ဝန်း ကျင်အသစ်က ကြောင်နဲ့ခွေးလေးတွေကို ရောဂါလိုက်ကုပေးရမယ်ပေါ့။ တစ်နည်းပြောရရင် ဂိမ်းလည်း ကစားနိုင်တယ်၊ တိရစ္ဆာန်တွေနဲ့ ပတ်သတ်တဲ့ အခြေခံ ကျန်းမာရေးကုသမှု ပညာတွေကိုပါ တစ်ပါတည်း
လေ့လာမှတ်သားနိုင်မယ့် ဂိမ်းတစ်ခုပါ။ ဒါဟာ Simulation ဂိမ်းတွေရဲ့ အားသာချက်ပါပဲ။ တချို့ဆိုရင် စီးပွားရေးဂိမ်းတွေ၊ ဘယ်လို တွေးတောပြီး မိမိဂိမ်းထဲက စီးပွားရေး၊ စိုက်ပျိုးရေးကို အောင်မြင်အောင် လုပ်ဆောင်ရမယ်ဆိုတာ နားလည်လာတဲ့ သဘောပါပဲ။
ကျန်တဲ့ ဂိမ်းကစားမှု အပိုင်းတွေကတော့ ရှေ့ထွက် Sims 2 နဲ့ Sims 3 ထဲက အခန်းတိုင်း အိမ်မွေး အခြားတိရစ္ဆာန်တွေရဲ့ လိုအပ်ချက်တွေကို လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာမှာဂိမ်းကစားသူတွေ အများဆုံးသုံးတဲ့ PC တွေအတွက်
အဓိက ဦးစားပေး ဖန်တီးထုတ် လုပ်လာတာ တွေ့ရပြီး Windows စနစ်အတွက်ရော Mac OS စနစ် သုံး PC တွေနဲ့ပါ ကစားနိုင်အောင် ဖြန့်ချိလာပါတယ်။ အခု Cats & Dogs ကလည်း တိုက်ခိုက်ရေး ဂိမ်းမျိုးမဟုတ်တော့ Console တွေနဲ့ ကစားရလောက်အောင် မလိုအပ်လို့ PC အတွက်ပဲ ဦးစားပေး ထွက်ရှိလာပုံရပါတယ်။

အခု Cats & Dogs မှာ အသစ်သုံးနိုင်လာမယ့် Skill က Veterinarian ဖြစ်ပြီး အခြေခံတိရစ္ဆာန် ကျန်းမာရေးကုသမှုတွေ လုပ်ဆောင်ရမယ်၊ ချဉ်းကပ်မှုပုံစံအသစ်အနေနဲ့ တိရစ္ဆာန်တွေနဲ့ ယဉ်ပါးအောင် နေထိုင်ကစားရမယ်၊ ပတ်ဝန်းကျင်အသစ် Brindleton Bay မှာ ခွေး နဲ့ကြောင် ဇာတ်ကောင်အသစ်တွေ ပါလာတယ်၊ ပြီးတော့ အဆိုပါ ခွေးနဲ့ကြောင်တွေထဲကနေ မိမိနှစ်သက်ရာ တိရစ္ဆာန်ကို ကိုယ်တိုင်မွေးအဖြစ် အကောင်းဆုံး ပြုစုပျိုးထောင် မွေးမြူနိုင်လာတယ်။ ကစားသူဟာ ရှေ့ထွက် The Sims တွေထဲကလို အိမ်မွေးတိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက် ပေးသူအနေနဲ့တင် မဟုတ်တော့ဘဲ ကုသရေး
အပိုင်းကိုပါ သင်ယူလုပ်ဆောင် လာနိုင်ပါတယ်။

Simulation ဂိမ်းဖြစ်လို့ နည်းနည်းတော့ အချိန်ပေးကစားရမှာ ဖြစ်ပေမယ့် အသစ်ထည့်သွင်း ဖန်တီးလာတဲ့ ကုသရေးအပိုင်းကို ဝင်ရောက်လေ့လာဖို့က စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါတယ်။ Cats & Dogs လို့ အမည်ပေးထားပေမယ့် ဇာတ်ကောင်အသစ် ပါဝင်လာတာကလွဲရင် တကယ်တမ်း စိန်ခေါ်မှု အကြီးမားဆုံးက တိရစ္ဆာန်ကုသရေး အပိုင်းအတွက် မိမိသင်ယူရမှု ဖြစ်ပါတယ်။ GameRanking လို နာမည်ကျော် ဂိမ်းသုံးသပ်သူကတော့ အခုဂိမ်းကိုရမှတ် ၈၄ မှတ်ထိအောင်ပေးထားပြီး အခြားသုံးသပ်သူ တွေကလည်း မှတ်ချက်ကောင်း ပေးထားပါတယ်။ အထူးသဖြင့်တော့ ဂိမ်းကစားပြီး အချိန်ကုန်နေမယ့် အစားကုသရေးပညာရပ် တစ်ခုကို ပေးနိုင်လောက်အောင် ဖန်တီးထားလို့ စိတ်ကူးယဉ်ဆန်တဲ့ ဂိမ်းတွေထက် ကစားဖို့ ပိုသင့်တဲ့ Cats &Dogs ဂိမ်းသစ်လို့ မှတ်ချက်ပေးချင်ပါတယ်။

– သက်နိုင်ဦး (UCSL)