November 18, 2017

Tesla ရဲ့ Model 3 ကားကို Twitter မှာ မိတ်ဆက်ခဲ့တဲ့ အီလွန်မက်စ်

Tesla ရဲ့အမှုဆောင်အရာရှိချုပ် အီလွန်မက်စ်ဟာ မကြာမီဈေးကွက်အတွင်း ဖြန့်ချိမယ့် ကုမ္ပဏီကားမော်ဒယ်သစ်ဓာတ်ပုံကို twitter မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။

Tesla ကိုတည်ထောင်ခဲ့တဲ့ အီလွန်မက်စ်ဟာ ကုမ္ပဏီရဲ့ ကယ်လီဖိုးနီးယားစက်ရုံ တပ်ဆင်လိုင်းက ထွက်လာတဲ့ ပထမဆုံး Model 3 ဓာတ်ပုံတွေကို twitter မှာမျှဝေခဲ့တာ ဖြစ်ပါတယ်။

အဲဒီ လျှပ်စစ်ဆီဒင်ကားကို ဇူလိုင်လကုန်မှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ကားထုတ်လုပ်မှုကို တိုးမြှင့်သွားမှာ ဖြစ်ပြီး ဒီဇင်ဘာလအရောက်မှာ ကားအစီး ၂၀,၀၀၀ အထိ ထုတ်လုပ်သွားမှာပါ။

Model 3 ကားကို ဒေါ်လာ ၃၅,၀၀၀ နဲ့စတင်ရောင်းချမှာဖြစ်ပြီး အဲဒီဈေးနှုန်းဟာ Tesla ရဲ့ ဈေးနှုန်းအသက်သာဆုံးကားလို့ သတ်မှတ်ခံထားရတဲ့ Model S ထက်ဈေးထက်ဝက်နီးပါး သက်သာနေပါတယ်။

Model 3 ကားဟာ ဇိမ်ခံလျှပ်စစ်ကားထုတ်လုပ်တဲ့ Tesla ကုမ္ပဏီကို လူအများစုဝယ်ယူနိုင်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ ကားတွေထုတ်လုပ်တဲ့ ကုမ္ပဏီအဖြစ် အသွင်ပြောင်းဖို့ ကြိုးစားတဲ့ ပထမခြေလှမ်းဖြစ်ပါတယ်။

ပထမဆုံး Model 3 ကားကို ပိုင်ဆိုင်သူက Tesla ဘုတ်အဖွဲ့ဝင် အီရာအာရမ်ပရီအစ္စဆိုသူ ဖြစ်ပါတယ်။ ဒါပေမဲ့ အီရာက စရန်ငွေပေးထားတဲ့ Model 3 ကားကို အီလွန်မက်စ်ရဲ့ ၄၆ နှစ်မြောက် မွေးနေ့လက်ဆောင်အဖြစ် ပြန်လည် လက်ဆောင်ပေးခဲ့ပါတယ်။

အရင်က Tesla ရဲ့ Model S sedan နဲ့ Model X SUV ကားတွေဟာ အရည်အသွေးပိုင်းပြဿနာနဲ့ ထုတ်လုပ်မှု နှောင့်နှောင်းမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် Model 3 ကားနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်သူတချို့က သံသယတွေ ရှိနေပါတယ်။

ဒါပေမဲ့ Model 3 ကားထုတ်လုပ်မှုဟာ စည်းမျဉ်းစည်းကမ်းပိုင်း လိုအပ်ချက်ကို ဖြတ်ကျော်နိုင်ခဲ့ပြီး ခန့်မှန်းထားတာထက် နှစ်ပတ်စောနေတယ်လို့ အီလွန်မက်စ်က အတည်ပြုခဲ့ပါတယ်။ ကားရောင်းချဖို့အတွက်လည်း အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။

စိုးထက်
Ref: Independent