October 17, 2017

Screen မှာ fingerprint sensor ထည့်သွင်းထားတဲ့ ပထမဆုံး စမတ်ဖုန်းထုတ်လုပ်သူ Vivo ဖြစ်လာဖွယ်ရှိ

Samsung နဲ့ Apple တို့က fingerprint scanner ထည့်သွင်းထားတဲ့ display ပါဝင်တဲ့ စမတ်ဖုန်းတွေကို ဒီနှစ်အတွင်း ဖြန့်ချိသွားမယ်ဆိုတဲ့ ကောလာဟလ သတင်းတွေဟာ လအတန်ကြာကတည်းက ထွက်ပေါ်ခဲ့ပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလုပ်ဆောင်ချက်ဟာ Samsung ရဲ့ Galaxy S8 နဲ့ S8+ မှာ ပါဝင်လာခဲ့ခြင်းမရှိသလို အသစ်ထွက်မယ့် Note 8 မှာ တွေ့မြင်ရမယ်ဆိုတဲ့ ထင်ကြေးတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် iPhone 8 ဒါမှမဟုတ် iPhone X လို့ခေါ်ဆိုဖွယ်ရှိတဲ့ Apple ရဲ့ ဆယ်နှစ်မြောက်နှစ်ပတ်လည် iPhone မှာလည်း ဒီလုပ်ဆောင်ချက်ကို တွေ့မြင်ရမယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

တကယ်လို့ တရုတ်နိုင်ငံက ထွက်ပေါ်လာခဲ့တဲ့ သတင်းတစ်ရပ်သာ မှန်ကန်ခဲ့မယ်ဆိုရင် Vivo က Samsung နဲ့ Apple တို့ကို ကျော်ဖြတ်ပြီး screen မှာ fingerprint scanner ပါဝင်တဲ့ ပထမဆုံးစမတ်ဖုန်းထုတ်လုပ်သူ ဖြစ်လာနိုင်ပါတယ်။ ပေါက်ကြားထွက်ပေါ် လာခဲ့တဲ့ ဓာတ်ပုံတစ်ပုံအရ ကုမ္ပဏီအနေနဲ့ fingerprint scanner အတွက် ရှေ့ပြေးပုံစံတစ်မျိုးကို ဖန်တီးနေတယ်လို့ သိရပါတယ်။ အဲ့ဒီ screenshot ကို ဇွန် ၁၅ ရက်ကထွက်ပေါ်လာခဲ့တဲ့ ဗီဒီယိုကနေ ရယူထားတာ ဖြစ်ပါတယ်။

နာမည်ကျော် တရုတ် analyst တစ်ဦးကတော့ Vivo အနေနဲ့ ဖုန်းအသစ်တစ်မျိုးကို ဇွန် ၂၈ ရက်မှာ ဖြန့်ချိသွားဖို့ရှိပြီး အဲ့ဒီစမတ်ဖုန်းမှာ ဆန်းသစ်တဲ့ unlocking နည်းလမ်းတစ်ခုကို အသုံးပြုသွားဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

-နောင်နောင်
Ref: GSMArena