October 21, 2017

Samsung Myanmar ၏ မိုဘိုင်း Software နှင့် Hardware ပြင်ဆင်နည်းသင်တန်းမှ ပထမဆုဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၁၀၀ ရရှိခဲ့သော မဖူးပြည့်စုံ

Samsung Tech Institute ၏ မိုဘိုင်း Software နှင့် Hardware ပြင်ဆင်နည်းသင်တန်းမှ ပထမဆုဖြစ်သည် အမေရိကန်ဒေါ်လာ ၁၁၀၀ ရရှိသွားခဲ့သော  မဖူးပြည့်စုံ၏ Student Life ကို ဖော်ပြပေးလိုက်ပါတယ်။

ကျောင်းသားနာမည်၊ ပညာအရည်အ ချင်း၊ လက်ရှိတက်ရောက်နေသော ဘာသာရပ်ကိုပြောပြပေးပါ။

ညီမအမည်က မဖူးပြည့်စုံဖြစ်ပါတယ်။ လက်ရှိကတော့ ရန်ကုန်နည်းပညာတက္ကသိုလ်မှာ CEIT Major (Computer Engineering and Information Technology) ကိုတက်ရောက်နေ ပါတယ်။

ဒီဘာသာရပ်ကိုဘာကြောင့် တက်ဖြစ်တာပါလဲ။

ညီမယူထားတဲ့ မေဂျာကလည်းကွန်ပျူတာနဲ့ ပတ်သက်တဲ့ မေဂျာဖြစ်နေတာကြောင့် ဒီဘက် မိုဘိုင်းနဲ့ဆိုင်တဲ့ဟာ ကျရင်လည်း ကိုယ့်အတွက် အကျိုးရှိမယ်ထင်တယ်။ ပြီးတော့ ကိုယ်ကမိုဘိုင်းနဲ့ပတ်သက်ပြီး လုပ်ကြည့်ချင်တာရယ် နောက်တော့ ကျောင်းမှာလည်း ဖွင့်ဖို့ရှိတယ်ဆိုတာသိတော့ တက်ဖြစ်သွားတာပါ။ သင်တန်းတက်ကြည့်တော့ ဖုန်းပြုပြင်တာက စိတ်ဝင်စားဖို့ကောင်းလာတယ်။ ဖုန်းပျက်သွားရင်လည်း ဘာကြောင့်ဖုန်းပျက်တာလဲ၊ ရေစို တာကြောင့်ပျက်တာလား ဘယ်လိုကြောင့် ပျက်တာလဲဆိုတာကို သေသေချာချာ လေ့လာခဲ့ရပါတယ်။

သင်တန်းတက်ဖို့ ဘယ်လိုကနေ ချိတ် ဆက်ပြီးတက်ဖြစ်ခဲ့တာလဲ။

ညီမတို့ဌာနကို အကြောင်းကြားလာတယ်။ Samsung ကနေ သင်တန်းဖွင့်ဖို့ရှိတယ်။ ပြီး တော့ မိုဘိုင်းနဲ့ တီဗွီ Repair ဆိုပြီးဖွင့်ဖို့ရှိတယ်။ ပြီးတော့မှ မိုဘိုင်းမှာတော့ Software နဲ့ Hardware ဆိုပြီးကွဲသွားတယ်ပေါ့။ ပြီးတော့ သင်တန်းက ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေမှာပဲဖွင့်မယ်၊ နောက်ကိုယ့်ရဲ့ကျောင်းတက်ချိန်ကိုလည်း အကျိုးမယုတ်ဘူး။ ပြီးတော့ ကိုယ့်အတွက်လည်း အားတဲ့အချိန်မှာတက်ရတာ ဖြစ်တဲ့အတွက် ကိုယ့်အတွက် အကျိုးရှိမယ်ထင်ပြီး တက်ဖြစ်ခဲ့တာပါ။

သင်တန်းနဲ့ ပတ်သက်ပြီးသင်ကြားတဲ့ပုံစံ ကို ပြောပြပေးပါ။

သင်ကြားတဲ့ပုံစံကတော့ ညီမတို့ မနက်ဆို ၉ နာရီတက်ရတယ်။ ညီမတို့ Software နဲ့ Hardware ဆိုပြီးခွဲထားတယ်။ ညီမတို့က Team A ဖြစ်တဲ့အတွက် မနက်မှ Hardware နဲ့ ညနေမှ Software ဆိုပြီး သင်ရတယ်။ Hardware မှာ ဆိုရင်လည်း ဆရာက အရင်ဆုံးစာတွေ့အကြောင်း ပြောပြတယ်။ ဖုန်းထဲမှာရှိတဲ့ ပစ္စည်းတစ်ခုချင်းဆီကို ဘယ်လိုနာမည်ခေါ်တယ်၊ ဘာတွေရှိတယ်ဆိုတာ ပြောပြပေးတယ်။ နောက်လက်တွေ့လိုက်ရပါတယ်။ လက်တွေ့ဆိုရင်လည်း ဒီဖုန်းကို မှန်လဲတာ၊ ခဲဆော်တာ၊ ခဲဂေါက်ကိုင်တာအစ ဆရာကတစ်ယောက်ချင်းစီကို လက်တွေ့ကျကျ သေသေချာချာ သင်ကြားပေးပါတယ်။ Software ဆိုရင်လည်း အရင်ဆုံး စာအုပ်ပေးတယ်။ ပြီးတော့ စာအုပ်ထဲက အတိုင်းပြောပြပေးပါတယ်။ ပြီးတော့ ညီမတို့ Application အသုံးပြုခြင်းတွေ၊ ဖုန်းကို Firmware ရေးတာကအစ ဆရာက သေချာပြောပြပေးပါတယ်။ တစ်ယောက်ချင်းစီကိုလည်း ဖုန်းတစ်ယောက် တစ်လုံးပေးပြီးတော့ လက်တွေ့ လေ့ကျင့်ရပါတယ်။

သင်တန်းစာတွေနဲ့ ပတ်သက်လို့ တွေ့ကြုံရတဲ့အခက်အခဲတွေကို ဘယ်လိုဖြေရှင်းပါသလဲ။

တွေ့ကြုံရတဲ့ အခက်အခဲတွေကိုပြောရရင် ညီမက ခဲဆော်တာတို့၊ ခဲဂေါက်ကိုင်တာတို့ကို မသင်ဖူးဘူး။ ညီမတို့ ဒီ 4 th year ရောက်သွားတဲ့အချိန်မှာ တစ်ခါမှ မသင်ဖူးဘူး။ EC Major မှာတော့ သင်တယ်။ အဲတော့ညီမအနေနဲ့ ပထမဆုံးကိုင်တာဖြစ်တယ်။ စစချင်းတော့ မလုပ်တက်ဖူး။ ဆရာရဲ့လက်ထောက်အကူတွေက ကူညီပြီးပြောပြပေးတယ်။ သင်ပြပေးတာအတွက် တဖြည်းဖြည်းနဲ့ လုပ်တက်ကိုင်တက်ပြီး အဆင်ပြေသွားပါတယ်။

ဒီဆုရတဲ့အတွက်ညီမအနေနဲ့ ခံစားချက်လေးပြောပြပေးပါ။

ဒီဆုရတဲ့အတွက် ညီမအနေနဲ့ အိမ်မက်တစ်ခုလိုဖြစ်ရပါတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို မယုံချင်ဘူးဖြစ်သွားတယ်။ ပြီးတော့ ညီမတို့ဒီသင်တန်းမှာ စာမေးပွဲတွေဖြေဆိုရပါတယ်။ Hardware ကတော့ ရေးဖြေစစ်ပါတယ်။ Software ကတော့ ရေးဖြေလည်းစစ်တယ်။ လက်တွေ့လည်း ဖြေခဲ့ရပါတယ်။

သင်တန်းပြီးမြောက်တဲ့အခါ ဒီိဘာသာရပ်ကိုဆက်ပြီးလေ့လာဖို့ရှိပါသလား။

ဟုတ်ကဲ့။ ညီမအခုဒီဘက်ကနေပြီးတော့ တကယ်လို့ Mobile Application ရေးတဲ့ဟာတွေလာဖွင့်လို့ရှိရင်လည်း ဆက်လက်ပြီး တက်ရောက်သွားဖို့ရှိပါတယ်။ ညီမယူထားတဲ့ မေဂျာကလည်း IT ယူထားတာဖြစ်တဲ့အတွက် ကွန်ပျူတာထဲကိုဘဲဝင်မှာဖြစ်သလို ဒီမိုဘိုင်းကိုလည်း ဆက်ပြီးလေ့လာသွားဖို့ရှိပါတယ်။

သင်တန်းနဲ့ ပတ်သက်ပြီးလေ့လာချင်တဲ့ ကျောင်းသားတွေအတွက် အကြံပြုပြောစကားလေး ပြောပေးပါ။

ကျောင်းသားတွေအပြင် လေ့လာလိုသူတွေ အနေနဲ့ တက်သင့်ပါတယ်။ ညီမတို့ ဒီသင်တန်းဖွင့်တုန်းက ကြားထဲမှာ စာမေးပွဲပြီးလို့ ပိတ်သွားတော့ ကြားထဲမှာ အချိန်ကာလဟသွားတယ်။ တချို့တွေက ကျောင်းပိတ်သွားတော့ ပြန်မလာကြတော့ဘူး။ ဒီသင်တန်းက အကျိုးရှိတဲ့ သင်တန်းတစ်ခုဖြစ်ပါတယ်။ ပြီးတော့ လေ့လာလိုသူတွေအနေနဲ့ ဒီမိုဘိုင်းဖုန်းတို့ တီဗီ ပြုပြင်ခြင်းသင်တန်းတွေက လေ့လာသင့်တဲ့ သင်တန်းတွေပဲ ဖြစ်ပါတယ်။ ပြီးတော့ ကျောင်းမှာ ဒီလိုသင်တန်းတွေပေးတော့ အပြင်မှာ တက်စရာမလိုတော့ ကိုယ့်ကျောင်းမှာလာဖွင့်ပေးထားတဲ့အတွက် အချိန်ကုန်လည်းသက်သာတယ် ပိုက်ဆံကုန်လည်း သက်သာပြီးတော့ အကျိုးရှိတဲ့သင်တန်းတစ်ခု ဖြစ်ပါတယ်။ အဲဒါကြောင့် နောက်ထပ်ကျောင်းမှာလာဖွင့်ဖို့ရှိတဲ့ လူတွေကိုလည်း ကြိုဆိုပါတယ်။ ကျောင်းသားတွေအနေနဲ့လည်း အကျိုးရှိရှိနဲ့ ပြန် အသုံးချမယ်ဆို ပိုထိရောက်မယ့် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုအနေနဲ့လည်း လေ့လာနိုင်ပါတယ်လို့ အကြံပြုပြောကြားလိုပါတယ်။