July 26, 2017

Samsung Galaxy XCover 4

Price : 300,000

အားသာချက်

ဒီဖုန်းရဲ့ အဓိက အားသာချက်တွေကတော့ အကြမ်းခံခြင်းအပိုင်းနဲ့ ရေစိုခံခြင်းအပိုင်းတွေပါပဲ။ အကြမ်းခံတဲ့ နေရာမှာတော့ ဖုန်းလွတ်ကျ တာ၊ ဖုန်းကိုဖိမိတာတွေအတွက် ကောင်းကောင်း ခံနိုင်ရည်ရှိတဲ့အပြင် ရေစိုခံခြင်းအပိုင်းမှာဆိုရင်လည်း IP 68 ဖြစ်တဲ့အတွက် ရေထဲမှာလည်း အသုံးပြုဖို့ အဆင်ပြေပါတယ်။ ထုတ်ပြန်ချက်တွေ အရဆိုရင်တော့ ဒီဖုန်းဟာ အကြမ်းခံ ရေစိုခံတဲ့အပြင် အပူရှိန်မြင့်မားခြင်းနဲ့ အအေးနှုန်း အရမ်းမြင့်မားတဲ့ နေရာတွေမှာတောင် အဆင်ပြေတယ်လို့ဆိုပါတယ်။

အားနည်းချက်

အကြမ်းခံတဲ့ Damage ဖုန်းအမျိုးအစား ဖြစ်တဲ့အတွက် နည်းပညာပိုင်းတွေနဲ့ အခြားဖုန်းတွင်း Sensor ပိုင်းတွေမှာတော့ သိပ်အမြင့်ကြီး မဟုတ်ပါဘူး။ ဒီဖုန်းမှာ Fingerprint စနစ်လည်း မပါဝင်ပါဘူး။

ဒီဇိုင်း

ပုံစံဒီဇိုင်းက လက်ရှိဈေးကွက်ထဲမှာ ရှိနေတဲ့ဖုန်းတွေနဲ့ ယှဉ်ကြည့်မယ် ဆိုရင်တော့ ရိုးရိုးရှင်းရှင်း ပုံစံမျိုးလို့ပဲ ပြောရပါမယ်။ အကြမ်းခံနိုင်တဲ့ ပလတ်စတစ် ကိုယ်ထည်ဖြစ်ပြီး နောက်ဘက် ကာဗာကတော့ ဖြုတ်နိုင်တဲ့ တပ်နိုင်တဲ့ ကာဗာအရှင်ဖြစ်တဲ့အပြင် ဘက်ထရီကလည်း ဖြုတ်တပ်လုပ်လို့ ရပါတယ်။ ဖုန်းရဲ့ ရှေ့ဘက်မြင်ကွင်းအောက်ခြေက Home, Back, Recent ဆိုတဲ့ ကီးတွေကလည်း Touch Button တွေမဟုတ်ပဲ အရင်တုန်းက ထွက်ခဲ့တဲ့ ခလုတ်ပုံစံ Physical Key တွေကိုအသုံးပြုထား တာပါ။ ဖုန်းရဲ့ ဘယ်ဖက်ဘေးဘောင်မှာတော့ Xcover Key ဆိုတဲ့ Shortcut Key ခလုတ်တစ်ခု အပိုပါလာပါတယ်။ စပီကာကတော့ဖုန်းရဲ့ ညာဘက်ဘေးဘောင် အပေါ်နားမှာ တပ်ဆင်ထားတာပါ။

မြင်ကွင်း

၅.၀ လက်မရှိတဲ့ IPS LCD Screen ဖြစ်ပြီး 720 x 1280 Pixels ရှိတဲ့ ပုံမှန် HD Screen အမျိုးအစားပါ။

နည်းပညာ

အကြမ်းခံခြင်း အပိုင်းဘက်ကို ဦးစားပေး ထုတ်လုပ်ထားတဲ့ ဖုန်းဖြစ်တဲ့အတွက် ဖုန်းတွင်းနည်းပညာပိုင်းတွေမှာ သိပ်အများကြီးသုံးထားတာ မတွေ့ရပါဘူး။ Xcover Key ဆိုတဲ့ စနစ်ကတော့ S8 မှာပါတဲ့ Bixby ခလုတ်လိုမျိုး အသုံးပြုနိုင်ပါတယ်။ Xcover Key မှာ အသုံးပြုတဲ့သူက လျင်လျင်မြန်မြန်ဖွင့်ချင်တဲ့ စနစ်တွေကို Shortcut အနေနဲ့ မှတ်သား ထည့်သွင်းထားပြီး ဒီ Key ကို တစ်ချက်နှိပ်ရုံနဲ့ ကိုယ်သုံးချင်တဲ့ စနစ်တွေထဲကို မြန်မြန်ဝင်ရောက် နိုင်ပါတယ်။ ဖုန်းမှာ Multitasking သုံးနိုင်တဲ့ Multi Windows စနစ်၊ အဖြူ ၊ အမည်းပြောင်းပြီး သုံးနိုင်တဲ့ Gray Scale , Secure Folder လိုစနစ်တွေတော့ ပါဝင်တာတွေ့ရပါတယ်။

သုံးသပ်ချက်

Xcover 4 ဟာ ရေစိုခံ အကြမ်းခံမှုအပိုင်းဖက်ကို ဦးစားထုတ်လုပ်ထားတဲ့ ဖုန်းဖြစ်တဲ့အပြင် နောက်ဘက်ကာဗာနဲ့ ဘက်ထရီဖြုတ်တပ် လုပ်နိုင်တဲ့အတွက် ခရီးဝေး၊ ခရီးကြမ်းသွားသူတွေနဲ့ ထိခိုက်ပွန်းရှနိုင်မှု ရာခိုင်နှုန်းများတဲ့ လုပ်ငန်းခွင်တွေမှာတော့ အသုံးတည့်တဲ့ဖုန်းလို့ ပြောလို့ရပါတယ်။ ဖုန်းကို Performance Power ကောင်းကောင်း၊ လုပ်ဆောင်ချက် Function စုံစုံလင်လင်နဲ့ သုံးချင်တဲ့ သူတွေအတွက်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ သူ့မှာပါတဲ့ CPU က နောက်ပိုင်းထွက် စမတ်ဖုန်းတွေနဲ့ ယှဉ်ရင် နိမ့်နေတယ်လို့ ဆိုနိုင်တဲ့အ ပြင် မှတ်ဉာဏ်ကလည်း သိပ်မများပါဘူး။ ဘက်ထရီက ဖြုတ်လဲနိုင်တဲ့အတွက် အားသွင်းဖို့ခက်ခဲတဲ့ နေရာတွေအတွက်တော့ ဘက်ထရီအပိုတွေ ဆောင်ထားမယ်ဆိုရင် ဒီဖုန်းကအဆင်ပြေမှာပါ။ ဖုန်းက Speed Power ပိုင်းကို ဦးစားပေးထားတာ မဟုတ်ပေမယ့် သုံးထားတဲ့ OS က တော့ Android 7.0 ဖြစ်တဲ့အတွက် OS ပိုင်းမြင့်မားတဲ့အပြင် Function တော်တော်များများနဲ့ Microsoft Office လိုစနစ်တွေ၊ ကောင်းမွန်တဲ့ ကင်မရာစနစ်တွေ ပါဝင်တဲ့အတွက် ဒါတွေကတော့ ကောင်းတဲ့အချက် တွေပါပဲ။ အကြမ်းခံဖုန်းတွေဟာ ဈေးနှုန်း မြင့်မားတတ်ပေမယ့် ဒီဖုန်းကတော့ အကြမ်းခံတဲ့အပြင် စမတ်ဖုန်းတစ်လုံးလိုလည်း သုံးနိုင်နေပြီး ဈေးနှုန်းကလည်း သင့်တင့်နေတဲ့ အချက်ကတော့ အသုံးပြုသူတွေအတွက် ရွေးချယ်ချင်စရာ ဖြစ်နိုင်ပါတယ်။

Network – GSM – 2G/ 3G/ 4G
SIM – Dual SIM (Micro Sim)
OS – Android OS, v7.0
CPU – Quad-core 1.4 GHz Cortex-A53
GPU – Mali-T720MP2
Memory – Internal 16GB, 2GB RAM, Micro SD 256GB
Camera – 13 MP, f/1.9, autofocus, LED flash, Geo- tagging, touch focus, face detection, HDR, panorama, Video, Secondary 5 MP, f/2.2
Wi-Fi – 802.11 a/b/g/n, dual-band, WiFi Direct, hotspot
Bluetooth – 4.2, A2DP, LE
Battery – Li-Ion 2800 mAh Battery

သူတို့အမြင်

ကိုတင်အောင်ကို (စမ်းသပ်အသုံးပြုသူ)

Xcover 4 က အကြမ်းခံတဲ့ဖက်ကို ဦးစားပေးထားတဲ့ ဖုန်းဆိုတော့ Damage ပိုင်းမှာတော့ တော်တော်လေး ကောင်းတာတွေ့ရတယ်။ စမ်းသပ်မှုတွေမှာတော့ မီးထဲထည့်ပြတာတွေရော ရေခဲ့သေတ္တာထဲ ထည့်ထားတာတွေရော အစုံလုပ်ပြတယ်။ Damage ပိုင်းမှာတော့ တော်တော်လေး ခံနိုင်ရည်ရှိပြီး မာကျောတယ်။ ကောင်းတယ်။ သုံးကြည့်တဲ့ အချိန်မှာတော့ ဖုန်းရဲ့ လုပ်ဆောင်ချက် အပိုင်းမှာလည်း သိပ်တော့ မဆိုးလှဘူးလို့ ခံစားရတယ်။ ဒါပေမယ့် Screen ကတော့ သိပ်ကြည့်လို့ မကောင်းဘူး။ OS ကလည်း Update ဖြစ်ပါတယ်။

ကိုစိုးမိုး (စမ်းသပ်အသုံးပြုသူ)

Damage ဖုန်းဆိုတော့ Function တွေ ဒီလောက်တောင် ပါလာလိမ့်မယ်လို့ မထင်ထားဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကြမ်းခံတဲ့ဖုန်းတွေ တော်တော်များများက Feature တွေပိုင်းကို သိပ်ဦးစားမပေးပဲ အကြမ်းခံမှု အပိုင်းဖက်မှာပဲ သေသေချာချာ လုပ်ထားကြတာ များတယ်လေ။ ဒီဖုန်းကတော့ ဖုန်းရဲ့ OS ရော ဖုန်းထဲမှာသုံးတဲ့ စနစ်တွေရော တော်တော်လေး ဖြည့်ပေးထားတာ တွေ့ရတယ်။ Screen က တော့ သိပ်မကောင်းဘူးလို့ခံစားရတယ်။ CPU ကလည်း သိပ်တော့ မမြင့်ပါဘူး။ ဒါပေမယ့် သုံးရတာတော့ အဆင်ပြေပါတယ်။ ခရီးကြမ်း သမားတွေအတွက်တော့ ကောင်းတဲ့ဖုန်းပါပဲ။

မလင်းလင်းထွေး (စမ်းသပ်အသုံးပြုသူ)

CPU ကနောက်ပိုင်းထွက် ဖုန်းတွေနဲ့ယှဉ်ရင်တော့ နိမ့်ပါတယ်။ ဒါပေမယ့် GPU တွေ ဘာတွေပါတယ်ဆိုတော့ အကြမ်းခံဖုန်းထဲမှာဆို ရင် ကောင်းတဲ့အခြေအနေမှာ ရှိပါတယ်။ ဖုန်းကလည်း တော်တော်လေး အကြမ်းခံပါတယ်။ ဒါပေမယ့် နောက်ဘက် ကာဗာအရှင် လုပ်ထားတာကိုတော့ နည်းနည်း စိတ်ထဲမှာ မကြိုက်ချင်ဘူး။ ဖုန်းလွတ်ကျတဲ့ အချိန်မှာ နောက်ဘက်ကာဗာက အခန့်မသင့်ရင် ဟသွားတက်တယ်။ အဲဒီလိုအချိန်မှာ ရေရှိတဲ့နေရာတို့ ရေထဲတို့ ဖြတ်မိရင်တော့ တစ်ခုခုဖြစ်လာနိုင်မယ် ထင်တယ်။

ဖုန်းမှာ Xcover Key ဆိုတဲ့ ခလုတ်တစ်ခု ပါဝင်လာပါတယ်။ ဒီခလုတ်ကတော့ အသုံးပြုတဲ့သူက လျင်လျင်မြန်မြန်ဖွင့်ပြီး သုံးချင်တဲ့စနစ်တွေကို Xcover Key ထဲမှာ မှတ်သားထားမယ်ဆိုရင် ခလုတ်တစ်ချက်နှိပ်ရုံနဲ့ အသုံးပြုလိုတဲ့ စနစ်တွေထဲကို ချက်ချင်းရောက်သွား မှာပါ။ ဒါပေမယ့် Xcover Key ကို အသုံးပြုတဲ့အခါမှာ အသုံးပြုလိုတဲ့ စနစ်တွေကို အများကြီးစိတ်ကြိုက် ရွေးချယ်နိုင်ပေမယ့် အသုံးပြုနိုင်တဲ့ ပုံစံကတော့ နှစ်မျိုးပဲ ပါဝင်ပါတယ်။ အဲ့ဒါကတော့ Xcover Key ကို တစ်ချက်နှိပ်ရင် စနစ်တစ်ခု ပွင့်မှာဖြစ်ပြီး ၂ စက္ကန့် ၃ စက္ကန့်လောက်ဖိထားမယ်ဆိုရင်တော့ အခြားနောက်ထပ် စနစ်တစ်ခုကို ဖွင့်နိုင်ပါတယ်။

Settings > Advanced Feature ထဲမှာ Xcover Key စနစ်ရှိပါတယ်။ ဒီထဲမှာ သွားပြီးတော့ ကိုယ်အသုံးပြုချင်တဲ့ စနစ်တွေကို ရွေး ချယ်မှတ်သား ထားနိုင်ပါတယ်။

 

Xcover 4 မှာ အသုံးပြုထားတဲ့ OS က Android OS 7.0 ဖြစ်တဲ့အတွက် OS ကမြင့်မားပြီး Samsung ရဲ့ အခြားစမတ်ဖုန်း Series တွေမှာ ပါဝင်တဲ့ အချို့ စနစ်တွေကိုလည်း ဒီဖုန်းမှာအသုံးပြု နိုင်တာတွေ့ရပါတယ်။ Multitasking စနစ်အသုံးပြုနိုင်တဲ့ Multi Windows စနစ်လည်း ဒီဖုန်းမှာပါဝင်ပါတယ်။ App စနစ်ခုကို အသုံး ပြုနေတဲ့အချိန်မှာ နောက်ထပ် App တစ်ခုကို ထပ်ဖွင့်ပြီး အသုံးပြုနိုင်တဲ့ နစ်ဖြစ်ပါတယ်။ ဒီလိုသုံးဖို့အတွက်လည်း မခက်ခဲပါဘူး။ သူနဲ့အတူ ထွက်လာတဲ့ J7 Pro တို့ J5 Pro တို့မှာလိုပဲ Recent Key ကိုဖိထားလိုက်ရုံနဲ့ Windows နှစ်ခုခွဲပြီး အသုံးပြုလို့ ရနိုင်ပါတယ်။

Settings > Advanced Feature ထဲမှာ Multi Windows စနစ်ရှိပါတယ်။ ဒီထဲမှာ သွားပြီးတော့ ကိုယ်အသုံးပြုချင်တဲ့ စနစ်တွေကို ရွေး ချယ်မှတ်သား ထားနိုင်ပါတယ်။

 

ဒီဖုန်းမှာလည်း ဖုန်းတစ်ခုလုံးကို အဖြူအမည်း ပြောင်းပြီးသုံးနိုင်တဲ့ Gray Scale စနစ်က ဒီဖုန်းမှာလည်း ပါဝင်ပါတယ်။ ဒါပေမယ့် ဒီဖုန်းမှာ Gray Scale ကို ပြောင်းသုံးမယ်ဆိုရင် Settings ထဲမှာပဲ ပြောင်းလဲပြီး သုံးရမှာပါ။ Galaxy J7 Pro တို့လိုမျိုး Power Key နဲ့ Volume Up Key ကို နှိပ်ပြီးပြောင်းလို့တော့ မရပါဘူး။

ကင်မရာမှာ ပါဝင်တဲ့ စနစ်တွေကတော့ အခြား Galaxy Series ဖုန်းတွေမှာ ပါဝင်တဲ့ စနစ်တွေနဲ့ သိပ်မကွာဘူးလို့ ပြောလို့ရပါတယ်။ ကင်မရာမှာပါဝင်တဲ့ Feature တွေကို ချက်ချင်ဖွင့်ပြီး လျင်လျင်မြန်မြန် သုံးချင်တယ်ဆိုရင် ကိုယ်အသုံးပြုလိုတဲ့ Feature ကို Home Screen ပေါ်မှာ Shortcut အနေနဲ့ ထားထားနိုင်ပါတယ်။ ဒီလိုထားဖို့အတွက် ကင်မရာကို ဖွင့်ပါ။ ကင်မရာရဲ့ Feature တွေထဲကို သွားပါ။ Feature စနစ်တွေ ပါဝင်တဲ့ စာမျက်နှာရဲ့ အပေါ် ထိပ်မှာ Menu ပုံစံ အစက်လေး သုံးစက်ရှိပါတယ်။ ဒီအစက်လေး ၃ စက်ကို နှိပ်လိုက်ရင် Add shortcut on home screen ဆိုတာရှိပါတယ်။ ဒါကိုနှိပ်လိုက်ရင် ဖုန်းရဲ့ Home Screen ပေါ်မှာ Shortcut တွေကို Add နိုင်ပါတယ်။

-ကိုသက်