February 24, 2018

Samsung Galaxy J2 Pro

Price : 182,000

အားသာချက်

တန်ဖိုးနည်း စမတ်ဖုန်းတစ်လုံးဖြစ်တဲ့အတွက် ဈေးနှုန်းသက်သက်သာသာနဲ့ အသုံးပြုချင်တဲ့ သူတွေအတွက်တော့ အဆင်ပြေတဲ့ ဖုန်းဖြစ်ပါတယ်။ ဒီဖုန်းက Screen Resolution နိမ့်ပေမယ့် ကင်မရာပိုင်းမှာတော့ သင့်တင့်ကောင်းမွန်တဲ့အပြင် ဗီဒီယိုပိုင်းမှာ ဆိုရင်လည်း 1080X1920 Pixel Full HD အရည်အသွေးထိ ရိုက်ကူးနိုင်ပါတယ်။ ရှေ့ကင်မရာမှာလည်း Flash စနစ်ပါဝင်တဲ့အချက်၊ Super AMOLED Screen ကို အသုံးပြုထားတဲ့အချက်၊ CPU ပိုင်း သင့်တင့်ကောင်းမွန်တဲ့ အချက်တွေကဒီ ဖုန်းရဲ့ ကောင်းမွန်တဲ့ အားသာချက်တွေလို့ ဆိုနိုင်ပါတယ်။

အားနည်းချက်

ဒီဖုန်းမှာ Sensor ပိုင်းတွေမှာတော့ သိပ်များများစားစား ပါတာမတွေ့ရသလို Fingerprint လည်းမပါဝင်ပါဘူး။ Screen Resolution က လည်းနည်းတဲ့အပြင် RAM ပိုင်းမှာလည်း နည်းတာတွေ့ရပါတယ်။

ဒီဇိုင်း

ပုံစံဒီဇိုင်းကတော့ ရိုးရိုးရှင်းရှင်း ပုံစံမျိုးပါပဲ။ ရှေ့မျက်နှာပြင်ရဲ့ အောက်ခြေမှာ Home Button ကို ထည့်သွင်းပေးထားပါတယ်။ Home Button က Touch Button တော့ မဟုတ်ပါဘူး။ ဟိုအရင်တုန်းကသုံးခဲ့တဲ့ Physical Button မျိုးပါ။ ဖုန်းရဲ့အရွယ်အစားကတော့ လက်ထဲမှာ ကိုင်လို့ကောင်းတဲ့ အရွယ်အစားမျိုးဖြစ်ပြီး အလေးချိန်ကလည်း တော်တော်လေး ပေါ့ပါးတာတွေ့ရပါတယ်။ နောက်ဘက် ကာဗာက ဖြုတ်လို့တပ်လို့ ရတဲ့ ကာဗာအရှင်ဖြစ်ပြီး ဘက်ထရီကလည်း ဖြုတ်လို့ ရတဲ့ ပုံစံမျိုးပါ။ ဖုန်းကိုယ်ထည် ဘေးဘောင်က သတ္တုနဲ့ ပလတ်စတစ်နဲ့ စပ်ထားတဲ့ ပုံစံမျိုးလုပ်ထားပြီး နောက်ဘက်ကာဗာကတော့ ပလတ်စ တစ် ကာဗာပါ။ Sim Card တွေကို ကျောဘက်ကာဗာ ဖွင့်ပြီးထည့်ရမှာပါ။

မြင်ကွင်း

၅.၀ လက်မရှိတဲ့ Super AMOLED Screen ဖြစ်ပြီး Screen Resolution ကတော့ 540 x 960 Pixels ရှိတဲ့ qHD Screen ပါ။

နည်းပညာ

တန်ဖိုးနည်း ဖုန်းအမျိုးအစား တစ်ခုဖြစ်တဲ့အတွက် မြင့်မားတဲ့ နည်းပညာအသစ်တွေကိုတော့ ဒီဖုန်းမှာ မြင်တွေ့ရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ OS Version ကမြင့်မားတဲ့အတွက် Samsung ရဲ့ Android 7.1 Feature တွေကိုတော့ စုံစုံလင်လင် အသုံးပြုနိုင်ပါတယ်။ Screen ပိုင်းအတွက် ပြင်ပအလင်းရောင်ထဲမှာ ကြည့်နိုင်မယ့် Outdoor Mode ဆိုတဲ့စနစ်၊ Multi Windows စနစ်၊ Samsung ရဲ့နောက်ပိုင်းထွက် ဖုန်းတွေမှာ ပါဝင်လာတဲ့ စနစ်တစ်ခုဖြစ်တဲ့ Social App နဲ့ Chat App တွေကို နှစ်ခုစီခွဲပြီး သုံးနိုင်တဲ့ Dual Messenger ဆိုတဲ့ စနစ်တွေလည်း ဒီဖုန်းမှာပါ ဝင်တာတွေ့ရပါတယ်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံပြီးသုံးသပ်ကြည့်မယ်ဆိုရင်တော့ J2 Pro ဟာ တန်ဖိုးနည်း ဖုန်းတစ်ခုဖြစ်တဲ့အတွက် ဈေးနှုန်းသက်သက်သာသာနဲ့ သင့်တော်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ ဖုန်းတစ်လုံးလို့ ဆိုနိုင်ပါတယ်။ Screen Resolution နည်းတဲ့အချက်နဲ့ Fingerprint မပါတဲ့ အချက်နှစ်ချက်ကတော့ အသုံးပြုတဲ့သူကိုယ်တိုင် ရွေးချယ်ရမယ့် အချက်လို့ပြောရမှာပါ။ ဖုန်းထဲမှာ သုံးနိုင်တဲ့ စနစ်တွေကတော့ Settings ပိုင်းမှာ ပြည့်ပြည့်စုံစုံလေး ပါတယ်လို့ ပြောလို့ ရပါတယ်။ ဒီဇိုင်းက နည်းနည်းရိုးရှင်းနေပေမယ့် ကိုင်ရတာတော့ ပေါ့ပေါ့ပါးပါး ရှိပါတယ်။ ကျောဘက်ကာဗာ ခွာနိုင်ပြီး ဘက်ထရီဖြုတ်လဲနိုင်တဲ့ ဖုန်းကတော့ ဒီနေ့အချိန်မှာ တော်တော် လေးရှားပါးနေပါပြီ။ ကင်မရာပိုင်းရဲ့ Megapixels တွေကလည်း သိပ်ပြီးမဆိုးလှပါဘူး။ ဘက်ထရီက ကိန်းဂဏန်းအရ နည်းတယ်လို့ ထင်ရပေမယ့်လည်း ဖုန်းရဲ့ CPU နဲ့ Screen ရဲ့ပါဝါ အသုံးပြုနှုန်းက နည်းတဲ့အတွက် ဘက်ထရီကလည်း ကြာကြာ အသုံးခံပါတယ်။

Network – GSM – 2G/ 3G/ 4G
SIM – Dual SIM (Micro Sim Dual Standby)
OS – Android 7.1 (Nougat)
CPU – Quad-core 1.4 GHz Cortex-A53
GPU – Adreno 308
Memory – Internal 16GB, 1.5GB RAM , Micro SD 256GB
Camera – 8 MP, f/2.2, autofocus, LED flash, Features Geo-tagging, touch focus, face detection, HDR, panorama, Video, Secondary 5 MP, f/2.2, LED flash
Wi-Fi – 802.11 b/g/n, Wi-Fi Direct, hotspot
Bluetooth – 4.2, A2DP
Battery – Li-Ion 2600 mAh Battery

သူတို့အမြင်

ကိုအောင်ကိုဝင်း (စမ်းသပ်အသုံးပြုသူ)

တန်ဖိုးနည်းဖုန်းဆိုတော့ ဈေးကတော့သက်သာပါတယ်။ CPU ကလည်း သူ့ဈေးနဲ့ဆိုရင် မဆိုးဘူးလို့ ပြောလို့ရတယ်။ ပြီးတော့ဖုန်းထဲမှာ ပါတဲ့ Settings စနစ်တွေပေါ့။ Settings ထဲမှာပါတဲ့ စနစ်တွေကလည်း Samsung ရဲ့နောက်ပိုင်းထွက် ဖုန်းတွေလိုပဲ စနစ်တွေ တော်တော်များများကို ပြန်ထည့်ပေးထားတဲ့အတွက် ဖုန်းက တန်ဖိုးနည်းဖုန်း၊ နည်းပညာပိုင်း သိပ်မမြင့်ပေမယ့်လည်း သုံးရတာတော့ အဆင်ပြေပါတယ်။ RAM ကတော့ 2GB လောက်ဆို ပိုကောင်းမယ် လို့ မြင်မိတယ်။ Fingerprint မပါတာကတော့ သိပ်မကြိုက်ဘူး။ ဖုန်းက ပုံစံနည်းနည်း ရိုးနေတဲ့အချက်နဲ့ Fingerprint မပါတဲ့အချက်ကိုတော့ သိပ်မကြိုက်ဘူး။

ကိုထွန်းကို (စမ်းသပ်အသုံးပြုသူ)

ဖုန်းရဲ့ Feature ပိုင်းတွေ မြင့်တဲ့ဖုန်းတော့ မဟုတ်ဘူး။ ဒါပေမယ့် ဈေးသက်သက်သာသာနဲ့ သုံးချင်တဲ့သူတွေအတွက်တော့ အဆင်ပြေနိုင်ပါတယ်။ Fingerprint မပါတာကိုတော့ သိပ်သဘော မကျဘူး။ ဖုန်းက ဒီဇိုင်းနဲ့ ပုံစံကရိုးတဲ့အပြင် Fingerprint ကလည်း မပါတော့ ပိုပြီးရိုးသွားသလိုတော့ ခံစားရတယ်။ CPU ကတော့ အလုပ်လုပ်တဲ့ ပုံစံကောင်းပါတယ်။ ဖုန်းသုံးရတာ မြန်မြန်ဆန်ဆန် ရှိတယ်။ ဒါပေမဲ့ ဂိမ်းအကြီးတွေ Resolution မြင့်တဲ့ ဂိမ်းတွေကစားမယ် ဆိုရင်တော့ သူ့ရဲ့ Screen က Resolution နည်းတော့ သိပ်မကောင်းဘူး။ အင်တာနက်သုံးတာ၊ ရုပ်ရှင်ကြည့်တာတော့ အဆင်ပြေပါတယ်။

မခင်မျိုးထွေး (စမ်းသပ်အသုံးပြုသူ)

ကင်မရာပိုင်းကတော့ သိပ်မဆိုးပါဘူး။ Megapixel တွေကကိန်း ဂဏန်းအရ နည်းတယ်လို့ ထင်ရပေမယ့် ဓာတ်ပုံရိုက်တဲ့အချိန်မှာတော့ ပုံထွက်က ကောင်းပါတယ်။ ဖုန်းကိုသုံးရတာလည်း ချောချော မွေ့မွေ့နဲ့ မြန်မြန်ဆန်ဆန် ရှိပါတယ်။ Feature တွေကလည်း OS ကမြင့်တော့ သုံးရတာ အဆင်ပြေပါတယ်။ ဒီဇိုင်းက ရိုးတယ်လို့ဆို ပေမယ့်လည်း ဖုန်းထဲက သုံးရတဲ့စနစ်တွေကတော့ မရိုးပါဘူး။ ကိုင် ရတာပေါ့ပေါ့ပါးပါးနဲ့ အရွယ်အစားကလည်း အနေတော်ပါပဲ။ Fingerprint မပါတာတဲ့အချက်နဲ့ Screen Resolution နိမ့်တဲ့အချက် နှစ်ချက်တော့ ရှိပါတယ်။

-ကိုသက်