Samsung Chromebook Pro ကို မေလ ၂၈ ရက်တွင် ဖြန့်ချိမည်

ဒီနှစ်အစောပိုင်းက CES 2017 မှာ Samsung က Chromebook Plus နဲ့ Chromebook Pro ဆိုပြီး Chromebook သစ်နှစ်မျိုးကို ပွဲထုတ်ပြသခဲ့ပါတယ်။ Samsung ဟာ Chromebook Plus ကို ဖေဖော်ဝါရီလမှာ ဖြန့်ချိခဲ့ပေမယ့် Chromebook Pro ရောင်းချမယ့်အချိန်ကိုတော့ မကြေညာသေးပါဘူး။ အခုအခါမှာတော့ Chromebook Pro ကို မေလ ၂၈ ရက်မှာ ဖြန့်ချိမယ်ဆိုတဲ့ သတင်းတစ်ရပ် ထွက်ပေါ်လာခဲ့ပါတယ်။

Chromebook Pro ရောင်းချမယ့်အချိန်နဲ့ ပတ်သက်တဲ့အကြောင်းကို Chrome OS ရဲ့ product management စီနီယာဒါရိုက်တာ Kan Liu က ပြောကြားခဲ့ပြီး The Verge က အတည်ပြုဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ laptop မှာ Android Nougat platform ပေါ်မှာ သုံးနိုင်မယ့် Android app တွေအတွက် အထောက်အပံ့ပါဝင်လာမယ်လို့ Lu က ပြောကြားခဲ့ပါတယ်။

Chrome OS အတွက် Android app အထောက်အပံ့ဟာ laptop ဖြန့်ချိချိန်မှာ beta အနေနဲ့ပဲရှိနေမှာဖြစ်တဲ့အတွက် feature အားလုံးကို ချက်ချင်းအသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ Window အရွယ်အစားချိန်ညှိခြင်း၊ screen ရဲ့ ဘေးတစ်ဖက်မှာ dock ထားရှိခြင်းနဲ့ split-view အတွက် အထောက်အပံ့တွေကို ဒီနှစ်ကုန်ပိုင်းမှသာ အသုံးပြုနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

Chromebook Pro မှာ ၁၂.၃ လက်မ LED touchscreen display ပါဝင်ပြီး 2400 x 1600 resolution နဲ့ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ RAM က 4GB ဖြစ်ပြီး storage က 32GB ဖြစ်ပါတယ်။ ဘက်ထရီက 39Wh ဖြစ်ပြီး ၈ နာရီကြာ သုံးနိုင်မှာ ဖြစ်ပါတယ်။ Intel Core M3 processor ကို အသုံးပြုထားပြီး built-in 720p HD webcam ပါဝင်ကာ USB-C port နှစ်ခုနဲ့ stylus တစ်ခုပါဝင်တယ်လို့ သိရပါတယ်။

Ref: Ubergizmo