Red Hat ကုမ္ပဏီ မြန်မာနိုင်ငံတွင် ရုံးခွဲသစ် ဖွင့်လှစ်မည်

ကမ္ဘာ့ထိပ်တန်း Open Source (OS) နည်းပညာ ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Red Hat ကုမ္ပဏီ မြန်မာနိုင်ငံမှာ ရုံးခွဲဖွင့်လှစ် သွားမှာဖြစ်တယ်လို့ Red Hat ရဲ့ အာဆီယံဆိုင်ရာ ဒုတိယဥက္ကဋ္ဌနှင့် အထွေထွေမန်နေဂျာ Mr.Damien Wong က မေလ ၁၉ ရက်က နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်တဲ့ Red Hat Partner Day 2017 မှာ ပြောကြားခဲ့ပါတယ်။

မြန်မာ့စီးပွားရေး ဈေးကွက်ဟာ လက်ရှိမှာ လျင်မြန်စွာ တိုးတက်ပြောင်းလဲနေကာ ပြောင်းလဲနေတဲ့ အရှိန်အဟုန်ပေါ် မူတည်ပြီး လုံခြုံစိတ်ချရတဲ့ Open Source နည်းပညာတွေနဲ့ အထောက်အကူ ဖြစ်စေဖို့နဲ့ သုံးစွဲသူ Customer တွေနဲ့ Red Hat ရဲ့ Partner တွေကို မိမိတို့လုပ်ငန်းနဲ့ ကိုက်ညီမယ့် Open Source နည်းပညာတွေကို အသုံးပြုနိုင်အောင် ကူညီသွားမယ့် ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ ၎င်းကဆက်လက် ပြောကြားခဲ့ပါတယ်။

“Red Hat အနေနဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာမယ့် နိုင်ငံတွေအတွက် နည်းပညာအထောက်အပံ့ ကောင်းတွေကို ပေးအပ်သွားမှာဖြစ်သလို မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ Red Hat ရဲ့ Open Source နည်းပညာကို အသုံးပြုနေတဲ့ ကုမ္ပဏီကြီးတွေနဲ့  Partner တွေကို OS နဲ့ ကိုက်ညီမယ့် နည်းပညာတွေကို အသုံးပြုနိုင်အောင် လုပ်ဆောင်သွားမှာပါ။ ငွေကြေးနဲ့ ပတ်သက်တဲ့နေရာတွေ၊ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းတွေကို အခမဲ့သင်ကြားပေးစေရန် လုပ်ဆောင်ဖို့အတွက် ရုံခန်းခွဲကို ဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်” လို့ Red Hat ၏ အာဆီယံဆိုင်ရာ ဒုတိယဥက္ကဋ္ဌနှင့် အထွေထွေမန်နေဂျာ Mr.Damien Wong ကပြောကြားခဲ့ပါတယ်။

Red Hat အနေနဲ့ ပြီးခဲ့တဲ့နှစ် ၁၀ လပိုင်းမှာ ထိုင်းနိုင်ငံအတွင်း ရုံးခွဲတစ်ခု ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်အတွင်း မြန်မာနိုင်ငံမှာ Red Hat ရုံးခွဲကို ဖွင့်လှစ်နိုင်အောင် ပြုလုပ်နေပြီး ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတို့မှာလည်း အခြေချဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။