November 19, 2017

ProMotion နည်းပညာပါဝင်တဲ့ display နဲ့ A10X CPU ပါဝင်တဲ့ ၁၀.၅ လက်မ iPad Pro ကို Apple ပွဲထုတ်မိတ်ဆက်

အရွယ်ကြီးမားတဲ့ ၁၀.၅ လက်မ display နဲ့ အလေးချိန် ၁ ပေါင်ခန့်သာရှိတဲ့ ၁၀.၅ iPad Pro သစ်ကို Apple က WWDC 2017 မှာ ပွဲထုတ်ပြသခဲ့ပါတယ်။

ဒီ iPad သစ်မှာ အရည်အသွေးပိုကောင်းတဲ့ display နဲ့ အလွန်လျင်မြန်တဲ့ A10 X chip တို့ကို အသုံးပြုထားပါတယ်။ ဒါကြောင့် ယခင် iPad တွေထက် စွမ်းဆောင်ရည် ၃၀ ရာခိုင်နှုန်း ပိုမိုလျင်မြန်ပြီး ဂရပ်ဖစ်စွမ်းဆောင်ရည်က ၄၀ ရာခိုင်နှုန်း ပိုကောင်းတယ်လို့ Apple က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် Apple ဟာ iPad ရဲ့ display တွေအတွက် ProMotion လို့ခေါ်တဲ့ နည်းပညာသစ်တစ်မျိုးကို ဖန်တီးခဲ့ပါတယ်။ အဲ့ဒီနည်းပညာဟာ ချောမွေ့ပြေပြစ်တဲ့ animation တွေကို ထောက်ပံ့ပေးနိုင်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

၁၀.၅ လက်မ iPad Pro ရဲ့ screen ဟာ ယခင် ၉.၇ လက်မထက် ၂၀ ရာခိုင်နှုန်းပိုကြီးပေမယ့် bezel တွေကတော့ ၄၀ ရာခိုင်နှုန်း လျှော့ချထားပါတယ်။

၁၂.၉ လက်မ Pro မှာလည်း ၁၀.၅ လက်မမော်ဒယ်ရဲ့ လုပ်ဆောင်ချက်အားလုံးကို ရရှိနိုင်ပါတယ်။ မော်ဒယ်နှစ်မျိုးစလုံးမှာ True Tone white balancing, P3 wide color gamut, ultralow reflectivity, HDR video နဲ့ 600 nits of brightness တို့ပါဝင်ပါတယ်။

ကျောဘက်ကင်မရာတွေကိုလည်း iPhone 7 ရဲ့ နည်းပညာအတိုင်း အသုံးပြုထားပြီး 12-megapixel sensor နဲ့ optical image stabilization တို့ ပါဝင်ပါတယ်။ အရှေ့ဘက်မှာတော့ 7-megapixel FaceTime HD ကင်မရာကို တပ်ဆင်ထားပါတယ်။

Tablet နှစ်မျိုးစလုံးကို 64GB, 256GB, 512GB တို့နဲ့ ရရှိနိုင်ပါတယ်။ တန်ဖိုးက ၁၀.၅ လက်မမော်ဒယ် Wi-Fi အတွက် ၆၄၉ ဒေါ်လာနဲ့ စတင်မှာဖြစ်ပြီး 4G အတွက်က ၇၇၉ ဒေါ်လာ ဖြစ်ပါတယ်။ ၁၂.၉ လက်မ မော်ဒယ် အတွက် ၇၉၉ ဒေါ်လာနဲ့ စတင်မှာဖြစ်ပြီး 4G အတွက် ၉၂၉ ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။ ၁၂.၉ လက်မ iPad 512GB အတွက်က ၁,၂၂၉ ဒေါ်လာ ဖြစ်တယ်လို့ သိရပါတယ်။

ပထမဆုံး အွန်လိုင်းအော်ဒါတွေကို ဇွန်လ ၁၂ ရက်မှာ တင်ပို့ပေးမှာ ဖြစ်ပါတယ်။

Apple Pencil ရဲ့တန်ဖိုးက ၉၉ ဒေါ်လာဖြစ်ပြီး Apple Pencil Case က ၂၉ ဒေါ်လာဖြစ်ပါတယ်။ Smart Keyboard တွေရဲ့တန်ဖိုးကတော့ ၁၀.၅ လက်မအတွက် ၁၅၉ ဒေါ်လာဖြစ်ကာ ၁၂.၉ လက်မအတွက် ၁၆၉ ဒေါ်လာ ဖြစ်ပါတယ်။

-နောင်နောင်
Ref: AppleInsider