Outlast Trilogy

Developer – Red Barrel
Publisher – Red Barrel
Platform(s) – PC, PS4, Xbox One
Genre(s) – Survival Horror
Release Date – April 22, 2017
Gameplay – 9
Story – 8
Graphics – 9
Presentation – 10
Final Score – 9 out of 10

၂၀၁၃ က ထွက်ခဲ့တဲ့ နာမည်ကျော် Survival Horror ဂိမ်း Outlast ရဲ့ Designer ဖြစ်သူ Philippe Morin ဟာ Outlast ဂိမ်းထွက်ထွက်ချင်းကနေ ယခုထိတိုင် ဂိမ်းကစားပြီး သူ့ပရိသတ်တွေက အမှန်တကယ် ကြောက်စရာကောင်းတဲ့ ဂိမ်းတွေရှားပါး နေချိန်မှာ Horror ဂိမ်းကစား သက် ရင့်နေသူတွေပါ အသည်းယားခဲ့ရတဲ့ Outlast လိုမျိုး ခြောက်ခြားစရာ ဂိမ်းသစ်တွေကို ဆက်ထုတ် သွားဖို့ တောင်းဆိုခဲ့ကြတဲ့ အ တွက် Outlast: Whistleblower ဂိမ်းသစ်ကို ရေးသားခဲ့သလို၂၀၁၇ ထဲမှာလည်း Outlast ဂိမ်းသစ်ကို ဖြန့်ချိလာပါပြီ။ Outlast Trilogy လို့ အမည်ပေးထားပြီး မူလ Outlast ဂိမ်းနှစ်ခုနဲ့ Outlast 2 ဂိမ်းသစ်ပါ တွဲဖက် ပါဝင်လာပါတယ်။ Outlast: ဂိမ်းတွေဟာ Amensia နှင့် Slender တို့လို weapon-free Survival Horror ဂိမ်းတွေရဲ့ formula နှင့်အတူ အခြားစိတ်ဝင် စားဖွယ် gameplay features အသစ်တွေကို ပေါင်းစပ်ပေးထားပြီး ကစားသူကို ရင်တထိတ်ထတ်နဲ့ ဆော့နေရင်း စက်ပိတ်ပြီးပဲ ထပြေးရတော့မလိုလို၊ ပြီးအောင် ပဲ တစ်ထိုင်တည်းဆော့ရတော့ မလိုလို ဆွဲဆောင်ထားနိုင်တာကို တွေ့ရမှာပါ။

ဂိမ်းသုံးဂိမ်းလုံးက Single player သီးသန့်တွေပဲဖြစ်ပြီး ပထမ Outlast ဂိမ်းမှာတော့ ကစားသူဟာ Miles Upshur အမည်ရ သတင်းထောက်နှင့် ဂျာနယ်လစ် တစ်ယောက်နေရာမှနေပြီး အမည်မဖော်လိုသူ သတင်းပေးသူထံမှ ရရှိတဲ့ သတင်းတစ်ခုကြောင့် Mount Massive Asylum အမည်ရ စိတ်ကုဆေးရုံနှင့် စိတ်မနှံ့သူများထားရှိရာ အကျဉ်းထောင်မှာ အကျဉ်းသားများ ညဉ်းပန်းနှိပ်ဆက် ခံနေရကြောင်း သိရှိရပြီးနောက် ကိုယ်တိုင်သွားရောက် စုံစမ်းပုံဖြင့် ဇာတ်လမ်း စတင်ထားပါတယ်။ Mount Massive Asylum သို့ ရောက်ရှိပြီး  SWAT တပ်ဖွဲ့ဝင်များ မရှုမလှ သေဆုံးနေတာကို မြင်တွေ့ရပြီးနောက်မှာတော့ အကျဉ်းထောင်အတွင်းမှ ထွက်ပြေးအောင် ကြိုးစားရာမှ အကျဉ်းထောင်သားတွေရဲ့ တိုက်ခိုက်မှုကြောင့် Asylum ရဲ့ အတွင်းပိုင်းသို့ ရောက်ရှိသွားပြီး အခြားလွတ်မြောက်ရာလမ်းကို ထပ်မံရှာဖွေရပုံဖြင့် ဇာတ်လမ်း ဆင်ထားပါတယ်။ Outlast: Whistleblower ကတော့ Outlast ရဲ့ နောက်ကြောင်းပြန် Prequel ဂိမ်းဖြစ်ပြီး ပထမဂိမ်း အဖြစ်အပျက်အချို့နဲ့ ဇာတ်သိမ်းပိုင်းအခန်းတွေကို ရင်ဆိုင်ရပြီးသား သူတွေအတွက် အရင်က မသိလိုက်ရတဲ့ ဇာတ်လမ်းဇာတ် ကွက်အချို့ကို သိရှိနိုင်မှာပါ။ Outlast: Whistleblower မှာတော့ ကစားသူဟာ Miles Upshur ကို သတင်းပေးခဲ့သူ software engineer ဖြစ်တဲ့ Waylon Park နေရာကကစားရမှာပါ။ အကျဉ်း
သားတွေ၊ လူနာတွေအပေါ် သိပံ္ပရော၊ သဘာဝလွန်စွမ်း အားတွေနဲ့ပါ ရောစပ်စမ်းသပ်မှု တွေလုပ်နေတဲ့ Murkoff Corporation က တာဝန်ရှိသူတွေက Waylon Park သတင်းပေးပြီးပြီးချင်းမကြာခင်မှာဘဲဖမ်းဆီးနိုင်ခဲ့လို့ ဇာတ်လမ်းအစပိုင်းမှာတင် ကစားသူဟာ Mount Massive ကနေ လွှတ်မြောက်ဖို့ ကြိုးစားရ တော့မှာ ဖြစ်ပါတယ်။ Outlast 2 ရဲ့ ဇာတ်လမ်းကတော့ နေရာသစ်ကို ပြောင်းလဲ သွားပြီး Arizona ကန္တာရအတွင်း ရောက်ရှိနေတဲ့ ဂျာနယ်လစ် တစ်ယောက်ဖြစ်သူ Blake Langermann အနေနဲ့ ဇနီးဖြစ်သူ Lynn ကို ရှာဖွေရမှာဖြစ်ပြီး၊ လူသတ်သမားများကို စုံစမ်းရင်း ကြောက်မက်ဖွယ် လူရိုင်းမျိုးနွယ်စုနဲ့ ရင်ဆိုင်ရတဲ့ ပုံစံကို ဇာတ်လမ်းဆင်ထားလို့ ပထမနှစ်ဂိမ်းနဲ့ ပုံစံကွဲပြားတဲ့ အရသာကို ခံစားနိုင်မှာပါ။

Outlast ဂိမ်းသုံးဂိမ်းစလုံးမှာ တိုက်ခိုက်နိုင်တဲ့ အစွမ်းမပါဝင်ဘဲ Video Camera လေးကို အသုံးပြုပြီး မှတ်တမ်းတွေ ရယူရမှာဖြစ်သလို အမှောင်ဖုံးနေတဲ့ နေရာတွေမှာတော့ Camera ရဲ့ Night Vision ကို အားကိုးပြီး လမ်းကြောင်း ရှာဖွေရမှာ ဖြစ်သလို ရန်သူတွေကို ရှောင်တိမ်းနိုင်ဖို့ Camera ရဲ့ Zoom function နဲ့ အနီးအဝေးကြည့်ပြီး သတိထားရမှာပါ။ Stealth gameplay ဆန်ဆန် ရန်သူတွေ မမြင်အောင် သွားလာရမှာ ဖြစ်သလိုရန်သူတွေ နောက်ကလိုက်လာရင် အမြန်ပြေးရင်ပြေး ဒါမှမဟုတ် သူတို့မမြင် လောက်တော့တဲ့ နေရာမှာ closet တွေ ကုတင်တွေထဲ ဝင်ပုန်းနေရာမှာပါ။ ပြန်လည်တိုက်ခိုက်ဖို့ လက်နက်လုံးဝ မပါဝင်လို့ လန့်နေရရုံမကဘဲ Camera battery မကုန်အောင် battery charges တွေ အမြဲလိုက်ရှာနေမှာ ဖြစ်လို့ တစ်ဂိမ်းလုံး ရင်တထိတ်ထိတ်နဲ့ ကစားရမှာပါ။ Video Camera  နဲ့ လျှောက်သွားနေတုန်း ကြောက် စရာ စိတ်ဖောက်ပြန်နေသူရဲ့ မျက်နှာကြီးတွေက တစ်ယောက်တည်း အမှောင်တည်းမှာ ကစားမယ်ဆိုရင် ကြက်သီးထစရာပုံ အမျိုးမျိုးမြင်တွေ့ရမှာ ဖြစ်ပေမယ့် လူနာတိုင်းက ကိုယ့်ကို တိုက်ခိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘာမှ မလုပ်လောက်ပါဘူးလို့ ထင်ထားတဲ့ အချိန်မှာ ထဆွဲတာမျိုး တွေ နောက်က ပြေးလိုက်တာတွေကလည်း Horror ဂိမ်းပရိသတ်များ သဘောကျမှာဖြစ်သလို တစ်ခုခုဖြစ်တော့မယ် ကြိုမှန်းထားတဲ့ အချိန်မှာတောင် ကစားသူကို အံ့အားသင့်အောင် လုပ်ဆောင်နိုင်တာကတော့ developer Red Barrel ရဲ့ တင်ဆက်မှုကို ချီးကျူးရမှာ ဖြစ်ပါတယ်။ Puzzle
ပိုင်းထက် gameplay ပိုင်းကို အသားပေးထားပြီး Silent Hill တို့ Penumbra တို့လောက် puzzle စဉ်းစားစရာမလိုဘဲ card
key ရှာတာ၊ switch တွေလိုက်နှိပ်တာလောက်ပဲ ပါဝင်ပေမယ့် အရမ်းကြီးမခက်၊ အရမ်းကြီး မလွယ်အောင် exploration gameplay ပိုင်းကို ထည့်သွင်းပေးထားပါ တယ်။ Graphics ပိုင်းကလည်း lighting effect နဲ့တင် အဆင်ပြေမှာပါ။ Setting အမြင့်ဆုံး တင်နိုင်ရင်တော့ ခြောက်ခြားစရာ လူဆိုးတွေကို အနီးကပ် အရေးအကြောင်းတွေကအစ အသေးစိတ်မြင်တွေ့ နိုင်ဦးမှာပေါ့။

ခြောက်ခြားစရာ နောက်ခံ ဇာတ်လမ်းနဲ့ ရန်သူတွေပါဝင်တဲ့ Outlast Trilogy ဂိမ်းဟာ Survival Horror သီးသန့် ကစားချင်တဲ့ gamer တွေအတွက် အထူးသင့်တော်သလို ဂိမ်းကစား ရင်း Horror ရုပ်ရှင်ကြည့်ရသလို ခြောက်လှန့်ခံရတဲ့ အရသာကို ခံစားလိုသူတိုင်း သေချာပေါက် သဘောကျမယ့် ဂိမ်းကောင်း တစ်ခု ဖြစ်ပါတယ်။ ဒီနှစ်အစော ပိုင်းက ထွက်ထားတဲ့ Resident Evil 7 ကို ကြိုက်တဲ့ဆိုရင်တော့ Outlast Trilogy ကို လုံးဝကစား သင့်ပါတယ်။

နေအောင်လတ်