MPT ၏ CEO သစ်နှင့် တွေ့ဆုံခြင်း

MPT ၏ CEO အဖြစ် စတင် တာဝန်ယူနေသည့် Toshitake AMAMIYA (CEO, Joint Operation) အားအင်တာနက် ဂျာနယ်မှ တွေ့ဆုံမေးမြန်း ထားခြင်းဖြစ်ပါသည်။

လက်ရှိ မြန်မာနိုင်ငံမှာ CEO အဖြစ် တာဝန်ယူရတဲ့အပေါ် ခံစားချက်ကို ပထမဆုံး သိလိုပါတယ်။

ဒီပရောဂျက်က မြန်မာနဲ့ဂျပန် နှစ်နိုင်ငံအချင်းချင်း ပူးပေါင်းလုပ်ဆောင်ရတဲ့ စီမံကိန်းပဲ ဖြစ်ပါတယ်။ အဲ့လိုစီမံကိန်းမှာ ကျွန်တော့်အနေနဲ့ တာဝန်ယူရတဲ့အတွက် အရမ်းစိတ်လှုပ်ရှားမိပါတယ်။

Operation ပိုင်း စတင် Run ရတဲ့အခါ အခြားနိုင်ငံနဲ့ ဘာကွာခြားချက်ရှိလဲ။ မြန်မာနိုင်ငံရဲ့ ရေမြေအနေအထား၊ Infrastructure တည်ဆောက်မှု အပေါ်ကိုရော ဘယ်လိုမြင်ပါသလဲ။

မြန်မာနိုင်ငံက လူဦးရေလည်း ထူထပ်ပါတယ်၊ အခုကနေစပြီးတော့ တိုးတက်လာမယ့် နိုင်ငံတစ်ခုဖြစ်လာမှာ ဖြစ်တဲ့အတွက် ဒီလိုမျိုး Project မျိုးကို လုပ်ရမှာဖြစ်တဲ့အတွက် အရမ်းစိတ်လှုပ်ရှား မိပါတယ်။ အခုလိုမျိုးဖွံ့ဖြိုးဖို့ အတွက်အလားအလာရှိတဲ့ တိုင်းပြည်တစ်ခု ဖြစ်သလို လူငယ်၊ လူရွယ်တွေလည်း အရမ်းကိုများတဲ့အတွက် အဲ့ဒီအပေါ်မှာလည်း ကျွန်တော်အနေနဲ့ သူတို့အပေါ်မှာ မျှော်လင့်ထားပါတယ်၊ မြန်မာပြည်ကို ရောက်နေတာတော့ တစ်လလောက် ရှိသွားပါပြီ၊ တစ်လလောက် ရှိသွားတဲ့ အချိန်မှာ တွေ့ထားတာတွေက မြန်မာပြည်သူတွေဟာ တော်တော်လေးကို ရိုးသားကြပါတယ်။ အဲလိုရိုးသားတဲ့ သူတွေအပေါ်မှာလည်း မျှော်လင့်ချက်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ မိုဘိုင်းသိပ်သည်းဆနှုန်း မြင့်မားလာမှု အပေါ်ကိုရော ဘယ်လိုယူဆမိပါသလဲ။

မြန်မာနိုင်ငံမှာ ခုလက်ရှိ အော်ပရေတာ သုံးခုရှိတယ်ပေါ့နော်။ သုံးခုရှိတဲ့အထဲမှာ သုံးခုရဲ့ သုံးစွဲသူလူဦးရေဟာ သန်း၅၀ ရှိတယ်လို့ ပြထားပါတယ်။ လူဦးရေ သန်း ၅၀ ထဲက မှ သန်း ၄၀ ဟာ ဖုန်းတွေ သုံးစွဲနေတာ တွေ့ရပါတယ်။ တစ်ယောက်တည်းကိုပဲ ဖုန်းနှစ်လုံး၊ သုံးလုံးလောက် အသုံးပြုနေတာ တွေ့ရပါတယ်။ မြန်မာပြည်ရဲ့ မိုဘိုင်းဒေတာ သုံးစွဲနေတာ ဘယ်လောက်ထိ ရှိလဲဆိုတာ ကျွန်တော်အနေနဲ့ အများကြီးခန့်မှန်းမိပါတယ်။

အော်ပရေတာတွေ အနေနဲ့ လူနေနည်းပါးတဲ့ နေရာတွေမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ချင်ကြဘူးဆိုတဲ့ စကားအပေါ် ဘယ်လိုတုံ့ပြန် ပြောဆိုချင်ပါသလဲ။

အခုဆိုရင် ပြိုင်ဆိုင်မှုတွေဟာလည်း အရမ်းကို ပြင်းထန်လာပြီပေါ့နော်၊ ကျွန်တော်တို့ MPT အနေနဲ့ကလည်း နေရာတော်တော် များများကို Cover ဖြစ်အောင်လုပ်ဖို့အတွက် ကျွန်တော်တို့ရဲ့ Network ကို ချဲ့ထွင်ထားပါတယ်၊ ကျေးလက်ဒေသတွေ အထိကို ကျွန်တော်တို့ Network ကို ချဲ့ထွင်ထားပါတယ်၊ 3G Network ကိုလည်း အားလုံး လုံလုံလောက်လောက် အသုံးပြုလို့ရအောင် လုပ်ဆောင်ထားပြီးတော့ Network ရဲ့အရည်အသွေးကို ပိုပြီးကောင်းမွန်အောင် မြှင့်တင်ထားပါတယ်၊ MPT ကို သုံးစွဲသူကလည်း များသလို သုံးစွဲဖို့အတွက် စက်ကိရိယာတွေကလည်း ပိုပြီးပြည့်စုံတဲ့အတွက် ဒီယှဉ်ပြိုင်မှုမှာ MPT အနေနဲ့ အကောင်းဆုံး ယှဉ်ပြိုင်နိုင်လိမ့်မယ် ထင်ပါတယ်။ အခုလက်ရှိ အချိန်အထိပေါ့ MPT ဟာ အစိုးရပိုင်တစ်ခု အနေနဲ့ရှိနေပါသေးတယ်။ မြန်မာသုံးစွဲသူ ရှိနေသရွေ့ Cuctomer Service ကို ပေးကို ပေးရဦးမှာ ဖြစ်ပါတယ်။ MPT ဆိုတာ မြန်မာကုမ္ပဏီဖြစ်တဲ့ အတွက်ကြောင့် မြန်မာလူမျိုး သုံးစွဲသူတွေ အတွက်ပဲဖြစ်ရမှာပါ။

MPT ပိုင်ဆိုင်တဲ့ Bandwidth ပမာဏက ဘယ်လောက် ရှိပါသလဲ။

450 ဆိုရင် 30 mHz, 800 ဆို 20 mHz, 900 နဲ့ 2100 အတွက် 7.5 mHz ကို သုံးပါတယ်။

MPT ရဲ့ရှေ့ဆက် အပြောင်းအလဲ အစီအစဉ်တွေကို သိလိုပါတယ်။

အခုလည်း နံပါတ်တစ် အော်ပရေတာ ဖြစ်နေပေမယ့်လို့ ရှေ့ဆက်လည်း နံပါတ်တစ်ရနေဖို့အတွက် ဆက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အဓိကကတော့ သုံးစွဲသူတွေကို စိတ်ကျေနပ်မှုရရှိ သွားဖို့အတွက် အကောင်းဆုံး
လည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

4G ကွန်ရက်ကို စပေးနေပြီ၊ 1800 MHz Spectrum ရလာတဲ့အခါ ပေးသွားမယ့် ၀န်ဆောင်မှုကို အစီအစဉ်ဆွဲ ထားတာမျိုး ရှိပါသလား။

အခုလက်ရှိမှာတော့ ဘယ်လို ၀န်ဆောင်မှု ပေးမယ်ဆိုတာ တိတိကျကျ မပြောနိုင်သေးပေမယ့် 4G ဖြစ်သွားလို့ရှိရင် Data မြန်နှုန်းတွေ မြန်လာမှာ ဖြစ်တဲ့အတွက်ကြောင့် သုံးစွဲသူတွေ အနေနဲ့ စိတ်တိုင်းကျတဲ့ သုံးစွဲမှုဖြစ်မှာပါ။ ကျွန်တော် ဂျပန်မှာလုပ်လာခဲ့တဲ့ 4G ၀န်ဆောင်မှု အတွေ့အကြုံမှာ အောင်မြင်တာ၊ အခက်အခဲ ဖြစ်ခဲ့တာတွေ အားလုံးကို သေချာစဉ်းစားပြီးတော့ မြန်မာနိုင်ငံမှာ ပြန်အသုံးချဖို့ ရည်ရွယ်ထားပါတယ်။ ဂျပန်ဟာ 4G ၀န်ဆောင်မှုမှာ နံပါတ်တစ်ဖြစ်တဲ့ တိုင်းပြည်ဖြစ်ပါတယ်။ ဒီအပေါ်မှာ အတွေ့အကြုံကို အသုံးချသွားမှာပါ။

မြန်မာ့ ဆက်သွယ်ရေးကို ကော်ပိုရေးရှင်း အသွင်ပြောင်းလဲ ဖွဲ့စည်းတော့မယ် အဲလိုပြောင်းပြီး ဘာတွေ ထူးခြားသွားမလဲ။

အစည်းအဝေး ရှိတာကို ကြားခဲ့တယ်။ ကော်ပိုရေးရှင်း လုပ်မယ်ဆိုတာကို အကုန်လုံးက သိသလောက်ပဲ ကျွန်တော်လည်း သိထားပါတယ်။ ဒီအတွက်မှတ်ချက် သဘောထားပေးဖို့ အခြေအနေ မပေးသေးပါဘူး။ ကော်ပိုရေးရှင်း ဖြစ်မယ် မဖြစ်ဘူးဆိုတာ အစိုးရအပေါ် မူတည်သလို ဒါကိုဖြစ်လာခဲ့ရင် ဘယ်လိုဖြစ်လာမလဲ ဆိုတာပြောဖို့ရာ အဆင်သင့် မဖြစ်သေးပါဘူး။ အခြားနိုင်ငံရပ်ခြားမှာရှိတဲ့ အတွေ့အကြုံအရ ပြောရမယ်ဆိုရင် ကော်ပိုရေးရှင်းကို လုပ်လို့ ဆုံးရှုံးသွားတာ ဆုတ်ယုတ် သွားတာမျိုးမရှိဘူး။ ဒီလို ပြောင်းလိုက်တဲ့အတွက် ပိုအောင်မြင်သွားတယ် ဆိုတဲ့ ဥပမာတွေပဲရှိပါတယ်။

လက်ရှိ ဆောင်ရွက်နေတဲ့ CSR လုပ်ငန်းတွေကိုလည်း သိချင်ပါတယ်။

ရေရှားပါးတဲ့အရပ်မှာ ရေတွင်းတူးဖော်ရေး လုပ်ငန်းတွေကို အကောင်အထည် ဖော်နေပါတယ်။

ဆင်းမ်ကတ် မှတ်ပုံတင်လုပ်ငန်းနဲ့ ပတ်သက်ပြီး ဆောင်ရွက်ချက်တွေကိုလည်း ပြောပြပေးပါ။

လက်ရှိ ဆင်းမ်ကတ် မှတ်ပုံတင်ပြီးတာ ၁၆ သန်းရှိသွားပါပြီ။ MPT ဆိုင်တွေမှာလည်း ဆောင်ရွက်ပေးနေတယ်။ ဘဏ်တွေကလည်း ဆောင်ရွက်ပေးနေပါတယ်။ Application နဲ့လည်း ဆောင်ရွက်ထားတယ်။ စနေ၊ တနင်္ဂနွေမှာလည်း လုပ်လို့ရအောင် ဆောင်ရွက်ထားပါတယ်။ ဒီဆင်းမ်ကတ် မှတ်ပုံတင်တဲ့ကိစ္စ ဟာ အားလုံးပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စတစ်ရပ် ဖြစ်ပါတယ်။

MPT မှာကအခြား အော်ပရေတာနဲ့ ယှဉ်ရင် ဆင်းမ်ကတ် အမျိုးအစား အများကြီးရှိတယ်။ အဲဒီဆင်းမ်ကတ် အမျိုးအစားအများကြီး အသုံးပြုနေရတဲ့ အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

အရှေ့မှာတော့ အကြောင်းအရာ မျိုးစုံရှိခဲ့ပါလိမ့်မယ်။ System တစ်ခုကနေ တစ်ခုပြောင်းသွားတဲ့ အပေါ်မှာက နောက်ကနေ ပိုပြီးတော့ ကောင်းလာတဲ့စနစ်နဲ့ ရှေ့ကဟောင်းသွားတဲ့ စနစ်မှာ အငြင်းပွားမှုတွေကတော့ ဘယ်နိုင်ငံမှာမဆို ဖြစ်တတ်ပါတယ်။ အဓိကကတော့ သုံးစွဲသူက ဘာတွေကို လိုအပ်နေသလဲဆိုတာ သေချာလေ့လာ ဆန်းစစ်ပြီးတော့ အဲဒီအထဲကနေပြီးမှ ဘယ်လိုအကောင်းဆုံး ဖြေရှင်းဆောင်ရွက် ရမလဲဆိုတာကို လုပ်သွားဖို့က အကောင်းဆုံးပဲလို့ ထင်ပါတယ်။

ကျေးဇူးတင်ပါတယ်။