Motion Blur နဲ့ Light trail ပုံတွေကို Phone နဲ့ ဘယ်လို ရိုက်ကူးမလဲ

မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ ဓာတ်ပုံဝါသနာအိုးတွေအတွက် မိုဘိုင်းဖုန်းမှာပါဝင်တဲ့ ကင်မရာနဲ့ ဘယ်လိုမျိုး ဓာတ်ပုံပညာတွေ ပေါင်းစပ်ထည့်သွင်း ရိုက်ကူးမလဲဆိုတာက အရေးပါလာတာကို တွေ့ရပါတယ်။ အခုနောက်ပိုင်း မိုဘိုင်းကင်မရာတွေမှာ ဓာတ်ပုံပညာတွေကို ဖော်ထုတ်နိုင်ဖို့ စုံလင်လှတဲ့ နည်းပညာတွေကို ပေါင်းစပ်ထည့်ပေး ထားကြသလို ပိုပြီးလွယ်ကူအောင်လည်း လုပ်ဆောင်ပေးလာတာကို တွေ့ရပါတယ်။ အခုတင်ပြလိုတဲ့ အကြောင်းအရာကတော့ မိုဘိုင်းကင်မရာနဲ့ Motion Blur နဲ့ Light Trail ဓာတ်ပုံတွေကို ဘယ်လိုမျိုး ရိုက်ကူးနိုင်သလဲဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အချို့မိုဘိုင်း ဖုန်းတွေမှာ Motion Blur နဲ့ Light Trail ရိုက်ကူးနိုင်ဖို့ Manual Setting တွေ ထည့်ပေးထားပေမယ့် အချို့ ဖုန်းတွေမှာတော့ မပါဝင်တဲ့အတွက် Application ရဲ့အကူအညီတွေကို ရယူနိုင်မှာဖြစ်ပါတယ်။

မသုံးမဖြစ် Tripod

Motion Blur နဲ့ Light Trai ဓာတ်ပုံ ရိုက်ကူးတော့မယ် ဆိုရင်တော့ မရှိမဖြစ်သုံးစွဲရမှာကတော့ Tripod ပဲဖြစ်ပါတယ်။ ဘာကြောင့် Tripod သုံးစွဲရသလဲ ဆိုရင် Shutter Speed ကို လုံးဝနှေးအောင် ပြုလုပ်ရိုက်ကူးရတာ ဖြစ်တဲ့အတွက် လက်နဲ့ကိုင်ရိုက်ရင် အချိန်ကြာမြင့်စွာ ဖုန်းကိုကိုင်ထား ရပါတယ်။ အဲ့ဒီအချိန်မှာ ဖုန်းကိုတည်ငြိမ်အောင် မကိုင်နိုင်ဘဲ လှုပ်သွားတဲ့အချိန်မှာ ဓာတ်ပုံမှာ ပြတ်သားမှု မရှိတော့ဘဲ ဝေဝါးတဲ့ ပုံရိပ်တွေ၊ နှစ်ထပ်ဖြစ်နေတဲ့ ဓာတ်ပုံတွေကိုသာ ရရှိမှာဖြစ်တာကြောင့် Long Exposure ဓာတ်ပုံ ရိုက်မယ်ဆိုရင် Tripod ကို မဖြစ်မနေ သုံးစွဲရိုက်ကူးသင့်တာပဲ ဖြစ်ပါတယ်။ Tripod မှာ ဖုန်းကို တပ်ဆင်ပြီး ရိုက်ကူးလိုတဲ့နေရာကို ချိန်ရွယ်၍  Shutter Speed  ကို ရွေးချယ်ကာ ရိုက်ကူးခြင်းအားဖြင့် လိုချင်တဲ့ ဓာတ်ပုံပုံစံနဲ့ ကြည့်လင်ပြတ်သားတဲ့ ဓာတ်ပုံအရည် အသွေးကို ရရှိမှာဖြစ်ပါတယ်။

Tripod  ကို ရွေးချယ်ဝယ်ယူတဲ့ အခါမှာ ဈေးနှုန်းသင့်တင့်တဲ့ Tripod တွေရှိသလို ဈေးကြီးတဲ့ Tripod တွေလည်း ရှိပါတယ်။ Tripod ဈေးနှုန်း တွေက ၁၅,၀၀၀ ဝန်းကျင်ကနေ ၁ သိန်းကျော်ကျော်လောက်အထိ နှစ်သက်သလို  ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ကင်မရာတွေကို တပ်ဆင်သုံးစွဲရတဲ့ Tripod တွေကိုလည်း ဝယ်ယူသုံးစွဲနိုင်ပါတယ်။ ကင်မရာတွေကို တပ်ဆင်သုံးစွဲရတဲ့ Tripod တွေကို ဝယ်သုံးမယ်ဆိုရင် ဖုန်းကိုတပ်ဆင်တဲ့အခါ Selfie Stick မှာပါတဲ့ ဖုန်းကလစ်ကို Tripod မှာ ပြောင်းတပ်လို့ ရပါတယ်။ အဲ့ဒီလို တပ်ဆင်ပြီးရင်တော့ နှစ်သက်သလို Motion Blur နဲ့ Light trail ပုံတွေ ရိုက်ကူးလို့ရပါပြီ။။

မှန်ကန်တဲ့ App နဲ့ Setting သုံးစွဲခြင်း

Motion Blur နဲ့ Light Trail ကို ရိုက်ကူးတဲ့အခါမှာ အချို့ ဖုန်းကင်မရာတွေမှာ ပါဝင်တဲ့ Manual Setting မှာ ချိန်ရွယ်ရိုက်ကူးနိုင်သလို အချို့ဖုန်းတွေမှာ Manual Settting မပါဝင်တဲ့အတွက် App တွေကို Download လုပ်ပြီး ရိုက်ကူးကြပါတယ်။ Long Exposure ရိုက်လို့ကောင်းတဲ့ App တွေမှာ အကောင်းဆုံး App တွေက Camera +, Pro Camera, Slow Shutter App တွေဖြစ်ပြီး အဲ့ဒီ App တွေက iPhone မှာ သုံးစွဲတဲ့ App

တွေပဲဖြစ်ပါတယ်။ android မှာတော့ App အများအပြားရှိပြီး အကောင်းဆုံးလို့ ဆိုနိုင်တာကတော့ Camera FV-5, Open Camera တို့ဟာ ကောင်းမွန်တဲ့ App တွေပဲဖြစ်ပါတယ်။ အခြားရွေးချယ်စရာ app တွေလည်း မြောက်မြားစွာရှိပြီး နှစ်သက်သလို ရွေးချယ်ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ အချို့ Android ဖုန်းတွေမှာတော့ manual setting များ ပါဝင်လို့ နှစ်သက်သလို ရိုက်ကူးနိုင်ပါတယ်။

အကောင်းဆုံး Exposure Setting ကို ရွေးချယ်ခြင်း

Motion Blur နဲ့ Light Trai ရိုက်ကူးတဲ့အခါမှာ ကင်မရာ Setting ရွေးချယ်မှုဟာ အထူးကို အရေးကြီးတာကို တွေ့ရပါတယ်။ ဘာကြောင့် အရေးကြီးလဲဆိုရင်  နည်းနည်းလေးလွဲတာနဲ့ ကိုယ်လိုချင်တဲ့ ဓာတ်ပုံဟာ ရရှိနိုင်မှာ မဟုတ်လို့ပါဘဲ။ ကိုယ်ရိုက်ကူးမယ့် Location တစ်ခုကို ရောက်နေတဲ့အချိန်မှာ Setting တစ်ခုကို ကျနစွာ မစီစဉ်ထားဘူးဆိုရင် တစ်ခါတလေမှာ လိုချင်တဲ့ဓာတ်ပုံကိုမရဘဲ ဖြစ်နေတတ်ပါတယ်။ အကြိမ်ကြိမ် ကြိုးစားသော်လည်း လိုချင်တဲ့ပုံ မထွက်ခြင်းက Setting ထားရှိမှု လွဲမှားနေခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် Motion Blur နဲ့ Light Trai ရိုက်တော့မယ်ဆိုရင် မှောင်နေတဲ့ အချိန်လား၊ လင်းနေတဲ့ အချိန်လား အဲ့ဒါတွေကို အရင်ဦးဆုံးလေ့လာပြီး Exposure ချိန်ညှိခြင်း၊ Shutter Speed ချိန်ညှိခြင်းတွေနဲ့ ISO ချိန်ညှိတာတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။  ဥပမာအားဖြင့် ရေတံခွန်တစ်ခုရဲ့ ရေစီးကြောင်းတွေကို Blur ဖြစ်ပြီး လှပတဲ့ ဓာတ်ပုံတစ်ပုံ ရရှိဖို့အတွက်ဆိုရင်တော့ Shutter Speed ကို 4 second မှ Second 30 ကြားအထိ လိုအပ်သလို ချိန်ညှိသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ပတ်ဝန်းကျင်ရဲ့ အလင်းအနေအထားတွေကို တွက်ချက်ပြီး ကိုယ်လိုချင်တဲ့ ဓာတ်ပုံရဲ့ ISO အနေအထားကိုလည်း သတ်မှတ်ရိုက်ကူးရမှာ ဖြစ်ပါတယ်။ အခုလိုရေးသားရာမှာ ဘယ်လို Setting ထားရင် ဘယ်လိုဓာတ်ပုံထွက်မယ်ဆိုတာ တိကျစွာရေးသားဖို့ ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ပတ်ဝန်းကျင် အနေအထားခြင်း မတူညီနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ ယေဘုယျအားဖြင့်တော့ Shutter Speed ကို ချိန်ညှိကစားပြီး ကိုယ်လိုချင်တဲ့ ဓာတ်ပုံတွေကို ရယူနိုင်ပါတယ်။

ရွေ့လျားနေသော ရေပြင်နဲ့ ဓာတ်ပုံပညာ

Motion Blur နဲ့ Light Trai ဓာတ်ပုံတွေ အများစုဟာ ရေပြင်ကို ရိုက်ကူးကြတာ များပါတယ်။ စီးဆင်းနေတဲ့ ရေပြင်တွေကို လှပအောင် ရိုက်ကူးခြင်း နည်းပညာဟာ ရိုက်ကူးသူတွေရဲ့ ကျွမ်းကျင်မှုတွေမှာ အများအပြားမူ တည်ပြီး လှပတဲ့ဓာတ်ပုံတွေရမှာ ဖြစ်ပါတယ်။

အခုပြသထားတဲ့ ဓာတ်ပုံကိုကြည့်မယ်ဆိုရင် ဖုန်းမှာပါဝင်တဲ့ ကင်မရာမှာနဲ့ ဘာ Setting မှ ချိန်မညှိဘဲ ရိုက်ကူးထားတဲ့ ရိုးရိုးဓာတ်ပုံ တစ်ခုဖြစ်ပါတယ်။

ဒီဓာတ်ပုံကတော့ Motion Blur နဲ့ Light Trai ဖြစ်အောင် ကင်မရာကို Manual Setting မှာ ရွေးချယ်ပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ အဲလိုဓာတ်ပုံမျိုးကို Manual Setting မပါဝင်တဲ့ ဖုန်းတွေအတွက် App တွေနဲ့လည်း ရိုက်ကူးနိုင်ပါတယ်။ App တွေမှာလည်း Setting ချိန်ညှိဖို့တော့ လိုအပ်ပါတယ်။

အချို့ Landscape  ဓာတ်ပုံတွေမှာလည်း  ရေပြင်တွေ ရိုက်ကူးတဲ့အခါ Motion Blur နဲ့ Light Trai  တွေကို သုံးပြီး ရိုက်ကူးနိုင်တာကို တွေ့ရပါတယ်။ အခုမြင်ရတဲ့ ဓာတ်ပုံတွေဟာ Motion Blur နဲ့ Light Trai နဲ့ ရိုက်ကူးထားတဲ့ Landscape ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။

Light Trail ဓာတ်ပုံပညာ

မြို့တွင်း ကားတွေရဲ့ မီးတန်းတွေပုံစံ ဓာတ်ပုံတွေ ရိုက်ကူးချင်သူတွေအနေနဲ့ Motion Blur နဲ့ Light Trai နည်းပညာနဲ့ ရိုက်ကူးခြင်းဖြင့် ရရှိနိုင်မှာဖြစ်ပါတယ်။ iPhone တွေအတွက်ကတော့ Slow Shutter app နဲ့ ရိုက်ကူးတဲ့အခါမှာ Setting တွေ ဘယ်လို ရွေးချယ်ရလဲဆိုတာကို ဓာတ်ပုံမှာ မြင်တွေ့နိုင်မှာဖြစ်သလို andriod ဖုန်းတွေအတွက်ကတော့ manual Setting မှာ Shutter Speed ကို ချိန်ညှိရိုက်ကူးနိုင်မှာဖြစ်ပါတယ်။