October 21, 2017

Microsoft မှ တာ​ဝန်ရှိသူများနှင့် တွေ့ဆုံခြင်း

ဆိုက်ဘာလုံခြုံရေး၊ ဘဏ်လုပ်ငန်းဆိုင်ရာလုံခြုံရေးဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သိကောင်းစရာများသိရှိနိုင်ရန် Microsoft မှ တာဝန်ရှိသူနှစ်ဦးအား အင်တာနက်ဂျာနယ်မှ သွားရောက် တွေ့ဆုံခဲ့ပါသည်။  အဆိုပါပုဂ္ဂိုလ်များမှာ Mr. Keshav S Dhakad (Assistant General Counsel & Regional Director Microsoft Digital Crimes Unite (DCU), Asia) နှင့် Ms. Astrid S. Tuminez, Ph.D (Regional Director, Corporate, External & Legal Affairs South East Asia) တို့ဖြစ်သည်။

Microsoft အနေနဲ့ မြန်မာရဲ့ဘဏ်လုပ်ငန်းအပေါ် ဘယ်လိုသဘောထားရှိမလဲ အရင်ဆုံးသုံးသပ်ပေးပါ။

မြန်မာနိုင်ငံရဲ့ဘဏ်လုပ်ငန်း ဆိုင်ရာကဏ္ဍဟာ အရမ်းအရေးပါ အရာရောက်တဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ လောလောဆယ်မှာ တိုးတက်ဖို့လည်း အရမ်းလိုအပ်နေတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ လက်ရှိ Cyber Security ပိုင်းလည်း အားနည်းနေသေးတယ်။ ဘဏ်လုပ်ငန်းမှာလုပ်နေတဲ့ကိစ္စတွေက တော်တော်အရေးပါအရာရောက်လာတယ်။ အွန်လိုင်းဝန်ဆောင်မှုတွေ ဘာတွေပေါ့။ အဲဒါတွေတင် မဟုတ်ဘူး။ ဗီဇာကတ်တို့၊ မာစတာကတ်တို့ သူတို့ချမှတ်ထားတဲ့ ပေါ်လစီကို လိုက်နာမှရမယ်လေ။

အဲဒီအတွက်လည်း Awareness ပေးချင်တဲ့ဆန္ဒနဲ့ ကျွန်တော်တို့ Microsoft အဖွဲ့က မြန်မာနိုင်ငံမှာ လာရောက်လုပ်ငန်းတွေ လုပ်ကိုင်သွားမှာဖြစ်ပါတယ်။

ရွှေတောင်၊ ကမ္ဘောဇအစရှိ တဲ့လုပ်ငန်းတွေနဲ့ လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့တယ်လို့ သိရတယ်။ လက်ရှိမှာ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းဘယ်နှစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီးပြီလဲ။ အဲဒီလုပ်ငန်းတွေက ဘာတွေလဲ။

ကုမ္ပဏီတွေအားလုံးတော့ ချမပြောတော့ပါဘူး။ မကြာခင်ကာလမှာ အခြားလုပ်ငန်းတွေနဲ့ပူးပေါင်းဖို့ရှိတယ်။ ဆိုတော့ ကာစတန်မာအသစ်တွေလည်း နေ့စဉ်နဲ့အမျှတော့ရှိနေပါတယ်။ MPT ကလည်းကျွန်တော်တို့ ကာစတန်မာတစ်ယောက်ပဲ။ ကျွန်တော်တို့အနေနဲ့ မြန်မာကုမ္ပဏီတွေကို တစ်ဖက်တစ်လမ်းကနေပြီးတော့ Digital Transformation ကိုသွားနေတဲ့အချိန်မှာ ပူးပေါင်းခွင့်ရပါတယ်။ ဒါကတော့ နှစ်ဦးနှစ်ဖက်အကျိုးရှိ တဲ့ကဏ္ဍပေါ့။

Softline နဲ့ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံမှာ လုပ်ငန်းတွေလုပ်နေတယ်လို့သိရတယ်။ အခုလက်ရှိ ဘယ်အခြေအနေအထိရောက်နေပါပြီလဲ။

Softline ကတော့ ကျွန်တော်တို့ ပါတနာအသစ်တစ်ခုပေါ့။ အခြားပါတနာတွေလည်းရှိပါတယ်။ Regional ပါတနာတစ်ယောက် ဖြစ်တဲ့အတွက် နည်းပညာပိုင်းမှာ ကျွမ်းကျင်မှုတွေ တော်တော်များများရှိတယ်။ ဒေသဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေခေါ်လာတာ နိုင်ငံအတွက် ဝမ်းမြောက်မိပါတယ်။ Microsoft Technology အနေနဲ့ အခြားပါတနာတွေ အများကြီးရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ Banking Security ဆောင်ရွက်မှု နိုင်ငံတကာနဲ့ယှဉ်ရင် ဘယ်လောက်အခြေအနေရှိလဲ။

လက်ရှိမှာတော့ ဘဏ်လုပ်ငန်းကဏ္ဍကိုကြည့်မယ်ဆိုရင် Cyber ဆိုင်ရာကတော့ အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ Cyber Attack တွေဖြစ်နေတာက ကျွန်တော်တို့အတွက် အဓိကစိန်ခေါ်မှုတစ်ရပ်ပဲ။ မြန်မာနိုင်ငံအနေနဲ့က အခုမှစပြီးဖွံ့ဖြိုးခါစဆိုတော့ မြန်မာနိုင်ငံအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ သက်ရောက်မှုအများကြီးရှိနိုင်တယ်။

ဒါအတွက်ကို ကောင်းမွန်တဲ့နည်း ပညာတွေမရှိဘူးဆိုရင် Cyber Security နဲ့ပတ်သက်ပြီး ပြင်ဆင်ထားတာမျိုး မရှိဘူးဆိုရင် နောက်ပိုင်းမှာ ဒါနဲ့ပတ်သက်လို့ သက်ရောက်မှုတွေ အများကြီး ရှိလာနိုင်တယ်။ နောက်တစ်ခုက ငွေရေးကြေးရေးကဏ္ဍနဲ့ပတ်သက်ပြီး လုပ်စရာတွေ အများကြီးရှိတယ်။ တည်ငြိမ်တဲ့ငွေရေးကြေးရေးကဏ္ဍ ဖြစ်ဖို့လိုတယ်။ တစ်ဖက်ကနေ သုံးလိုက်တဲ့ပစ္စည်းဟာ လုံခြုံရေးအရ တကယ်ကိုကောင်းမွန်တဲ့ဟာမျိုးဖြစ်ဖို့လိုတယ်။ ဒါ့အပြင် ဘဏ်လုပ်ငန်းကဏ္ဍက Cyber Crime ကျူးလွန်တဲ့ ပထမဆုံး Target ထားရမယ့်ကိစ္စဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ဒီကနေ ငွေကြေးအများကြီးရနေတယ်။ အခုဆိုရင် ဘဏ်တွေက ငွေတွေလွှဲနေတယ်။ မိုဘိုင်းကနေ ငွေတွေလွှဲနေတယ်။ အွန်လိုင်းတွေကနေ အလုပ်လုပ်လာတဲ့အခါမှာ ဒီဟာတွေဟာ ကျူးလွန်သူတွေအနေနဲ့ ယူလို့ကောင်းတဲ့ကိစ္စတွေဖြစ်လာတယ်။ နောက်တစ်ခုက ၂၀၁၆ ခုနှစ်ဇွန်လမှာဆိုရင် ဘင်္ဂလားဒေ့ရှ်က သူတို့ရဲ့ဗဟိုဘဏ်မှာ Cyber ကနေပြီးတော့ Attack လုပ်တာခံလိုက်ရတယ်။ ဒါ့အတွက်တော့ ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီလိုဖြစ်နေခဲ့တယ်။ မြန်မာနိုင်ငံ အနေနဲ့က ဘယ်လောက်ထိအရေးကြီးသလဲဆိုတာမျိုး သိလာပြီးဖြစ်ပါတယ်။

Banking Security တိုးတက်ဖို့ ဘာတွေလုပ်ဆောင်ဖို့လိုအပ်တယ်ထင်ပါသလဲ။

ကိုယ့်ရဲ့ ဒေတာစင်တာ၊ ကိုယ့်ရဲ့နည်းပညာလုံခြုံရေးကို တကယ်ပဲ ထိန်းသိမ်းနိုင်ကြရဲ့လားဆိုတာ တွေးမိပါတယ်။ တကယ်တမ်း ကျွမ်းကျင်တဲ့ပညာရှင်တွေလိုနေသေးတယ်။ ဘဏ်တိုင်းက ကျွမ်းကျင်တဲ့ပညာရှင်တွေ၊ လုံခြုံရေးနည်းပညာရှင်တွေခန့်ပြီးဆောင်ရွက်နိုင်ဖို့က အားနည်းချက်လေးတွေရှိတယ်။ Security  နဲ့ဆိုင်တဲ့ Process ပိုင်းမှာလည်း ဘဏ်တွေတင်မဟုတ်ပါဘူး။ အိုင်တီဌာနတိုင်းမှာပြုလုပ်နေဖို့ တော်တော်လေးခဲယဉ်းပါတယ်။

အစိုးရပိုင်းဆိုင်ရာဘဏ်တွေ နဲ့ Banking Security ကဏ္ဍမှာ ပူးပေါင်းဖို့ကောရှိပါသလား။

ဘဏ်လုပ်ငန်းကဏ္ဍကြီးတစ်ခုလုံးကို ပံ့ပိုးပေးချင်တာဖြစ်တဲ့ အတွက် အစိုးရဘဏ်နဲ့ရော၊  ပုဂ္ဂလိကဘဏ်နဲ့ရော လက်တွဲပြီးလုပ်သွားမှာပါ။ တစ်ဖက်ကလည်း အစိုးရအနေနဲ့ ဒါတွေကိုသိလာမယ်ဆိုလို့ရှိရင် ပြည်သူတွေအတွက် ပိုပြီးကောင်းတဲ့ဘဏ်လုပ်ငန်း ၀န်ဆောင်မှုတွေ လုပ်ပေးလာနိုင်မယ်။ နောက်တစ်ခုကလည်း ဗဟိုဘဏ်ရဲ့အခန်းကဏ္ဍဟာ အရမ်း အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ဗဟိုဘဏ်ဆိုတာက အခြားဘဏ်တွေကို ပြန်ပြီးစည်းကြပ်ရတဲ့ အဖွဲ့အစည်းဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ဗဟိုဘဏ်ရဲ့အခန်းကဏ္ဍဟာ အရေးကြီးတယ်။ ကျွန်တော်တို့အနေနဲ့ အရှေ့တောင်အာရှမှာရှိတဲ့ အခြားဗဟိုဘဏ်တွေနဲ့ လက်တွဲအလုပ်လုပ်တာမျိုး ရှိတယ်။ နောက်ပြီး ဗဟိုဘဏ်တွေ အနေနဲ့ Cyber Security နဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားဖို့လိုတယ်။ Aware-ness တွေသိလာအောင် လုပ်ပေးဖို့လိုတယ်။ ပုဂ္ဂလိကအချက်အလက်တွေကို ဘယ်လိုပုံစံမျိုးနဲ့ ထိန်းသိမ်းထားမလဲ၊ Cloud စနစ်ကို ဘာကြောင့်သုံးသင့်သလဲ စသည်ဖြင့် သိဖို့လိုပါတယ်။ ဒါကြောင့် ဒါတွေကိုလက်တွဲပြီးလုပ်သွားမယ်။ ဒီလိုလုပ်ခြင်းအားဖြင့် စံသတ်မှတ်ချက်တွေပိုပြီးတော့ ကောင်းလာမယ်။ ဒေသတွင်းနိုင်ငံတွေ အတွင်းမှာရှိတဲ့ အကောင်းဆုံး နည်းလမ်းတွေကို ယူလာပေးမယ်။

နောက်ထပ်ပြောချင်စရာရှိရင်လည်း သိလိုပါတယ်။

ဘဏ်လုပ်ငန်းတစ်ခုတည်း တင်မဟုတ်ဘဲ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ တိုးတက်စရာအများကြီးရှိပါသေးတယ်။ မြန်မာနိုင်ငံက အခုမှစပြီးတိုးတက်လာစ ပွင့်လင်းလာစပဲရှိသေးတယ်။ ဒီလိုအနေအထားမျိုးမှာ နည်းပညာကို အသုံးပြုရမယ်။ နည်းပညာဟာ မြန်မာနိုင်ငံအတွက် တကယ်သူငယ်ချင်းကောင်းတစ်ယောက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စတဲ့ နေထိုင်မှုအဆင့်အတန်းကို ပိုပြီး တိုးတက်အောင်လုပ်နိုင်တယ်။ ဒီနေရာမှာ ကျွန်တော်တို့သုံးတဲ့ နည်းပညာက လုံခြုံစိတ်ချရတဲ့နည်းပညာဖြစ်ဖို့လိုပါတယ်။

Microsoft ၏ နည်းပညာလုံခြုံရေးဆိုင်ရာပြောစကား

မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းအသုံးပြုမှုများနေပြီ။ တစ်ဖက်ကကြည့်ရင်လည်း ဆင်းရဲနွမ်းပါးမှုများနေတုန်းပဲ။ လက်ရှိ ရှိနေတဲ့နည်းပညာကိုအသုံးပြုပြီးတော့ Cloud စနစ်ကိုအသုံးပြုပြီးတော့ ငွေရေးကြေးရေးစနစ်တွေ ကောင်းမွန်လာအောင် ပိုပြီးတော့လုံခြုံရေးမြင့်လာအောင် ဘယ်လိုလုပ်မလဲဆိုတာတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်တွင်းမှာ ဆိုက်ဘာလုံခြုံရေးကိစ္စက အရေးကြီးလာတယ်။ မိုဘိုင်းဖုန်းတွေ သုံးလာတယ်။ နေရာတိုင်းမှာ သုံးလာတယ်။ ဒီတော့ မိုဘိုင်းဖုန်းကနေ အချက်အလက် ခိုးယူသုံးစွဲမှုတွေ ဖြစ်ပေါ်လာတယ်။ Cloud စနစ်ကနေပြီးတော့ အွန်လိုင်းပေါ်မှာ လုံခြုံရေးဘယ်လိုပိုကောင်းအောင်လုပ်လာနိုင်မလဲဆိုတာ တွေးဖို့လိုအပ်ပါတယ်။

အခုဆိုလို့ရှိရင် Cyber ကနေပြီးတော့ Cyber Attacker တွေကနေပြီးတော့ တိုက်ခိုက်တာတွေဟာ ပုံစံလေးတွေမြင့်လာပြီးတော့ တော်တော်လေးကိုရှုပ်ထွေးလာပါတယ်။ တော်တော်လေးလည်း အန္တရာယ် များလာပါပြီ။ ဘာဖြစ်လို့လဲဆိုရင် သူတို့ဟာ စနစ်တကျနဲ့စီစဉ်ပြီးတော့မှ အမှုကိုကျူးလွန်တာဖြစ်ပါတယ်။

အခုဆိုရင် Operation ကြီးတွေရော၊ အစိုးရပိုင်းတွေရော သူတို့ရဲ့အချက်အလက်တွေ  ခိုးယူခံရနေရပါတယ်။ ပြီးသွားတဲ့အခါမှာတော့ အချက်အလက်တွေကို ပြန်လည်ရောင်းစားနေရတာတွေ ခြိမ်းခြောက်ခံနေရတာကို ကြုံတွေ့နေရပါတယ်။ အဲဒီတော့ Cyber နဲ့ပတ်သက်တဲ့ ပြစ်မှုတွေနဲ့တွေကိုကြည့်မယ်ဆိုလို့ရှိရင် အစိုးရပိုင်းရော၊ လုပ်ငန်းတွေရော တော်တော်များများဟာ Cyber Crime နဲ့ကြုံတွေ့နေရပါတယ်။ အဲ့လိုမျိုးကြုံတွေ့နေရတဲ့အခါမှာ ဘယ်သူကနေ ဘယ်လိုလုပ်သွားတာလဲဆိုတာကလည်း လိုက်ပြီးနောက်ယောင်ခံဖို့ဆိုတာကလည်း တော်တော်လေးခက်ခဲတဲ့ကိစ္စလည်းဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အဲ့လိုမျိုး Cyber Attack လုပ်ခံရတဲ့သူတွေကလည်း များပြားလာတဲ့အခါမှာ Company ပိုင်း တွေရော၊ အစိုးရပိုင်းတွေမှာပါ တော်တော်လေးကိုခက်ခဲတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်လာတယ်။ အဲ့လိုမျိုး ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ Cyber နဲ့ပတ်သက်တဲ့အန္တရာယ်တွေဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံလို ခုမှဖွံ့ဖြိုးမှု အရှိန်အဟုန်မြင့်နေတဲ့နိုင်ငံမှာ ကျွမ်းကျင်တဲ့ပညာရှင်မျိုး မရှိသေးပါဘူး။ ဒီအရာဟာ လုပ်ငန်းတွေအတွက် တကယ့် အရေးပါတဲ့ပြဿနာတစ်ခု၊ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။

ဒီလိုမျိုးလုပ်ခံရတဲ့ Company တွေရော အစိုးရပိုင်းတွေမှာ ဆုံးရှုံးမှုတွေဖြစ်ရပါတယ်။ ကုန်ပစ္စည်းတွေ၊ အမှတ်တံဆိပ်နဲ့ပတ်သက်တဲ့အလွဲသုံးစားမှုတွေ ကုန်ထုတ်လုပ်တဲ့အချိန်ပိုင်းဆိုင်ရာတွေ ဆုံးရှုံးမှုတွေဖြစ်ပေါ်လာသလို ပိုက်ဆံတွေလည်း အများကြီးကုန်ဆုံးလာပါတယ်။ ဥပမာကြည့်မယ်ဆိုလို့ရှိရင် ကိုယ့်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ စားသုံးသူတွေယုံကြည်မှုကင်းမဲ့လာတဲ့ ဆုံးရှုံးမှုတွေဖြစ်လာပါတယ်။ အဲ့ဒီအတွက် Company တွေရော အစိုးရပိုင်းတွေပါ နည်းပညာလုံခြုံရေးကို အဆင့်မြှင့်တင်တာတွေ လုပ်ဆောင်နေပါတယ်။

Microsoft ရဲ့ Digital Trend အနေနဲ့ဆိုရင် အာရှမှာဒါနဲ့ပတ်သက်တဲ့အခြေအနေတွေကို လေ့လာထားပါတယ်။ Digital Trend အနေနဲ့ဖြစ်လာတဲ့ Cyber Crime ရဲ့အခြေတွေကို အရင်လေ့လာတယ်။

အဲဒါနဲ့ပတ်သက်တဲ့ဥပဒေတွေကိုလည်းလေ့လာပြီးတော့ ဆောင်ရွက်နိုင်အောင်လုပ်နေပါတယ်။ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်တော်များများမှာ Porject တွေထဲမှာ Digital ကူးပြောင်းမှုကတော်တော်လေး ပါဝင်ပါတယ်။ IT နဲ့ပတ်သက်တဲ့ Company တွေကို လုံခြုံတဲ့နည်းပညာတွေပေးချင်ပါတယ်။ ပေးဖို့အတွက်ကို အချက်သုံးချက်နဲ့သွားပါတယ်။ ပထမအချက်ကတော့ နည်းနည်းကောင်းမွန်တဲ့ Digital Plaform တွေလိုမျိုး၊ နောက်တစ်ခုက ဖြစ်လာတဲ့ပြဿနာတွေကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ အချက်တွေနဲ့ နောက်ဆုံးအချက်က ဘယ်တော့အသုံးပြုသူတွေကို ဘယ်လိုလုံခြုံတဲ့နည်းပညာတွေကို အသုံးပြု သင့်သလဲဆိုတဲ့အချက်တွေနဲ့ တိုင်ပင်သင့်ပါတယ်ဆိုတဲ့ အချက်တွေနဲ့ ပေးသွားပါမယ်။