December 12, 2017

Meizu M6 Note

Price : 279,000

အားသာချက်

ဖုန်းတွင်း မှတ်ဉာဏ်စနစ်ပိုင်း ကောင်းမွန်တဲ့အပြင် ဖုန်းမှာအသုံးပြုထားတဲ့ CPU , GPU ပိုင်းကလည်း သင့်တင့်ကောင်းမွန်တဲ့ အချက်တွေ က ဒီဖုန်းရဲ့ ကောင်းမွန်တဲ့ အချက်တွေလို့ ပြောရမှာပါ။ ပါဝါသိုလှောင်နိုင်မှု ပမာဏ မြင့်မားတဲ့ ဘက်ထရီကို အသုံးပြုထားတဲ့အတွက် ဘက်ထရီပိုင်းကောင်းမွန်တဲ့အပြင် ကင်မရာပိုင်းမှာဆိုရင်လည်း ရှေ့ကင်မရာနဲ့ နောက်ဘက်ကင်မရာ နှစ်ခုစလုံးက Megapixels မြင့်မားတဲ့အချက်တွေ ကဒီဖုန်းရဲ့ အားသာချက်တွေပါပဲ။

အားနည်းချက်

Sim Card နှစ်ကတ်သုံးနိုင်တဲ့ Dual Sim ဖုန်းအမျိုးအစားဖြစ်ပေမယ့် SD Card ကိုအသုံးပြုမယ်ဆိုရင်တော့ Sim Card တစ်ကတ်ပဲ သုံးလို့ရနိုင်မှာပါ။ ဒါ့အပြင် ဒီဖုန်းမှာ FM Radio စနစ်လည်း ပါဝင်တာမတွေ့ရပါဘူး။

ဒီဇိုင်း

ပုံစံဒီဇိုင်းကတော့ ကျစ်ကျစ်လျစ်လျစ်နဲ့ ကိုင်တွယ်လို့ ကောင်းမွန်တဲ့ ပုံစံမျိုး ရှိပါတယ်။ ဖုန်းကိုယ်ထည် တစ်ခုလုံးကို သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး ကိုင်တွယ်အသုံးပြုချိန်မှာ အလေးချိန် အနည်းငယ် ရှိတယ်လို့ ခံစားရစေပါတယ်။ ကျောဘက်ကာဗာပေါ်မှာ ကင်မရာနှစ်လုံးကို အထက်အောက်ပုံစံမျိုးနဲ့ တပ်ဆင်ပေးထားပါတယ်။ ရှေ့ဘက်မြင်ကွင်းပေါ်အောက်ခြေမှာ Fingerprint Sensor ကို Home Button နဲ့အတူ တွဲဖက်တပ်ဆင်ပေးထားပြီး Touch နဲ့ Physical ပုံစံ နှစ်မျိုးနဲ့ အသုံးပြုရမှာပါ။ Android Key တွေဖြစ်တဲ့ Back, Recent Key တွေတစ်ခုမှမပါဝင်ပဲ ဒီစနစ်တွေအားလုံးကို Fingerprint Sensor ပေါ်မှာ Touch ပုံစံမျိုးနဲ့ Mouse Pad လို အသုံးပြုရမှာပါ။

မြင်ကွင်း

၅.၅ လက်မရှိတဲ့ IPS LCD Screen အမျိုးအစားဖြစ်ပြီး 1080 x 1920 pixels ရှိတဲ့ HD Screen အမျိုးအစားဖြစ်ပါတယ်။

နည်းပညာ

ကင်မရာပိုင်းမှာ တော်တော်လေး ကောင်းမွန်အောင် ပြုလုပ်ထားတာ တွေ့ရပါတယ်။ ကျောဘက်မှာ 12 Megapixels ကင်မရာနဲ့ 5 Megapixels ကင်မရာကို Dual ကင်မရာပုံစံနဲ့ တပ်ဆင်ပေးထားပြီး Lens Blur ပုံစံမျိုးနဲ့ Bokeh စနစ်ကို အသုံးပြုရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် Manual ကင်မရာစနစ်ကိုလည်း နောက်ဘက်ကင်မရာနဲ့ ရှေ့ကင်မရာစနစ်နှစ်ခုလုံးမှာ အသုံးပြုနိုင်ပါတယ်။ Meizu ရဲ့ Flyme Account စနစ်ပါဝင်ပြီး ပါဝါသိုလှောင်နိုင်မှုပမာဏ မြင့်မားတဲ့ ဘက်ထရီနဲ့ အားသွင်းမြန်ဆန်တဲ့ First Charging စနစ်တွေအပြင် ကောင်းမွန်တဲ့ Power Saving စနစ်တွေလည်း ပါဝင်တာတွေ့ရပါတယ်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံပြီး သုံးသပ်ကြည့်မယ် ဆိုရင်တော့ ဒီဖုန်းဟာ ဈေးနှုန်းနဲ့ ဖုန်းမှာအသုံးပြုထားတဲ့ Hardware ပိုင်းတွေက မျှတတယ်လို့ ပြောလို့ ရပါတယ်။ ကင်မရာပိုင်းမှာ ကျောဘက် Dual ကင်မရာစနစ်ကို အသုံးပြုထားပြီး နောက်ခံတွေကို ဝါးသွားအောင်လုပ်ပြီး ဓာတ်ပုံရိုက်နိုင်တဲ့ Bohek စနစ်ပါဝင်တဲ့အပြင် Slomotion စနစ်ကိုလည်း အသုံးပြုနိုင်တာ တွေ့ရပါတယ်။ Home Button ကို နှစ်ချက်နှိပ်ရင် ကင်မရာစနစ်ထဲကို တိုက်ရိုက်ရောက်နိုင်တဲ့ စနစ်လည်း ပါဝင်ပါတယ်။ ဈေးနှုန်းနဲ့ ဖုန်းရဲ့ အသုံးပြုနိုင်မှု အပိုင်းတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ သင့်တင့်တယ်လို့ ဆိုနိုင်ပေမယ့် SD Card သုံးရင် Sim Card တစ်ကတ်ပဲသုံးလို့ ရနိုင်မယ့် အချက်ကတော့ အသုံးပြုသူစိတ်ကြိုက် ရွေးချယ်သင့်တဲ့ အချက်တစ်ခုလို့ ဆိုရမှာပါ။

Network – GSM – 2G/ 3G/ 4G
SIM – Dual SIM (Nano Sim Dual Standby)
OS – Android 7.1.2
CPU – Octa-core 2.0 GHz Cortex-A53
GPU – Adreno 506
Memory – Internal 32GB, 3GB RAM , Micro SD 256GB
Camera – Dual: 12 MP (f/1.9, 1/2.6″, 1.4 µm, Dual Pixel PDAF) + 5 MP (f/2.0, AF), phase detection autofocus, quad-LED dual-tone flash, Features Geo-tagging, touch focus, face detection, HDR, panorama, Video, Secondary 16 MP, f/2.0, 1080p
Wi-Fi – Wi-Fi 802.11 a/b/g/n, dual-band, hotspot
Bluetooth – 4.2, A2DP, LE
Battery – Li-Ion 4000 Battery

သူတို့အမြင်

ကိုထွန်းထွန်း (စမ်းသပ်အသုံးပြုသူ)

သူ့ရဲ့ ဈေးနှုန်းနဲ့ Specification ကို ကြည့်မယ်ဆိုရင်တော့ တန် ပါတယ်လို့ပဲ ပြောရမယ်။ ကင်မရာကလည်း 12 Megapixels နဲ့ 5Megapixels နဲ့ နှစ်လုံးဆိုတော့ မဆိုးပါဘူး။ အလေးချိန်လေးက နည်းနည်းလေး များတယ်လို့ ထင်တယ်။ သူ့ရဲ့ Specification က နောက်ပိုင်းထွက် Full Screen ဖုန်းတွေနဲ့ သိပ်မကွာတဲ့ အချက်တစ်ခုတော့ရှိနေတယ်။ အဲဒီအချက်ကြောင့် သုံးတဲ့သူတွေက Full Screen ဖုန်းတွေကိုရွေးမလား၊ ဒီဖုန်းကို ရွေးမလားဆိုတာကတော့ သုံးတဲ့သူတွေရဲ့ အကြိုက်တွေ့မှု အပေါ်မှာမူတည်တာပေါ့နော်။ ကင်မရာပိုင်း၊ CPU ပိုင်းတွေမှာ သင့်တင့်ပါတယ်။ ဘက်ထရီကတော့ မြင့်တယ်လို့ ပြောလို့ ရတယ်။ ဖုန်းက အချိန်ကြာကြာသုံးနိုင်တဲ့ အားသာချက်တစ်ခုလည်း ဒီဖုန်းမှာရှိနေပါတယ်။

မအေမီကို (စမ်းသပ်အသုံးပြုသူ)

ဘက်ထရီတော်တော်လေး ကောင်းတယ်။ Memory ပိုင်းကတော့ သင့်တင့်တယ်လို့ ပြောရမယ်။ CPU, GPU တွေကလည်း သူ့ဈေးနဲ့ သူတော့ အဆင်ပြေအောင် သုံးထားတာတွေ့ရပါတယ်။ ကျောဘက်ကင်မရာနှစ်လုံးရဲ့ နောက်ခံဝါးအောင်လုပ်ပြီးဓာတ်ပုံ ရိုက်တဲ့ Bokeh စနစ်ကတော့ တော်တော်လေးကောင်းပါတယ်။ Lens Blur ပုံစံမျိုးဆိုတော့ Application Blur ထက်ပိုကောင်းတာ တွေ့ရတယ်။ ဖုန်းကသုံးရတာ အလေးချိန် နည်းနည်းများသလိုတော့ ခံစားရတယ်။ Sim Card နှစ်ကတ်သုံးချင်ရင် SD Card သုံးလို့မရ တဲ့ပုံစံမျိုးလည်း ရှိနေတယ်။ OS ပိုင်းနဲ့ Flyme အကောင့်သုံးနိုင်တဲ့ စနစ်တွေကတော့ ကောင်းပါတယ်။

ကိုအောင်သူ (စမ်းသပ်အသုံးပြုသူ)

ဒီဖုန်းမှာ CPU, GPU ပိုင်းနဲ့ Memory ပိုင်းတွေကတော့ သင့်တင့်ပါတယ်။ ကင်မရာပိုင်းကတော့ ကောင်းတယ်လို့ ပြောလို့ရတယ်။ ကင်မရာတွေရဲ့ Megapixels တွေကကောင်းတဲ့အပြင် နောက်ဘက်ကင်မရာကလည်း နှစ်လုံးနဲ့ဆိုတော့ ဓာတ်ပုံရိုက်ရတာ အဆင်ပြေပါတယ်။ ကင်မရာရဲ့ Mode တွေကတော့ ဒီထပ်စုံစုံလင်လင်လေးပါရင်ပိုကောင်းမယ်လို့ မြင်တယ်။ ဈေးကွက်ထဲမှာဆိုရင်တော့ သူ့ရဲ့ဈေးနှုန်းက မျက်နှာပြင်အပြည့်ဖုန်းတွေနဲ့ ယှဉ်ရမယ်လို့ ထင်တယ်။

-ကိုသက်