MacBook နဲ့ MacBook Pro ဗားရှင်းသစ်တွေကို WWDC မှာ မိတ်ဆက်ဖို့စီစဉ်နေတဲ့ Apple

Apple ဟာ ဇွန်လမှာကျင်းပမယ့် Worldwide Developers Conference မှာ notebook သစ်တွေကို မိတ်ဆက်ကြေညာဖို့ စီစဉ်နေတယ်လို့ Bloomberg က ဖော်ပြလိုက်ပါတယ်။
မိတ်ဆက်ကြေညာမယ့် notebook သစ်တွေထဲမှာ MacBook နဲ့ MacBook Pro ဗားရှင်းသစ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဆင့်မြှင့်ထားတဲ့ MacBook Air ကိုလည်း တွေ့မြင်ရဖို့ ရှိပါတယ်။

အောက်တိုဘာလက ပါးလျတဲ့ဒီဇိုင်း၊ Touch Bar တို့နဲ့ အဆင့်မြှင့်တင်ပေးခဲ့တဲ့ MacBook Pro ကို လက်ရှိ Skylake processor တွေကနေ Kaby Lake processor နဲ့ အဆင့်မြှင့်တင်ပေးမယ်လို့ ဆိုပါတယ်။ ဒီဇိုင်းအသွင်အပြင်က လက်ရှိမော်ဒယ်အတိုင်းတူညီပြီး အတွင်းအစိတ်အပိုင်းတွေကိုပဲ အဆင့်မြှင့်ပေးသွားမယ်လို့ သိရပါတယ်။

Apple ဟာ MacBook Pro ရဲ့ low power feature တွေကို ကိုင်တွယ်နိုင်မယ့် custom-designed ARM chip တစ်မျိုးကို ဖန်တီးနေပေမယ့် အဲ့ဒီ chip ကို ဇွန်လမှာမိတ်ဆက်မယ့် MacBook Pro သစ်မှာ တွေ့မြင်ရဖို့ မရှိပါဘူး။

၂၀၁၆ ဧပြီလက နောက်ဆုံး update လုပ်ပေးခဲ့တဲ့ Apple MacBook ကိုလည်း Kaby Lake processor နဲ့ အဆင့်မြှင့်သွားမှာ ဖြစ်ပါတယ်။

Apple ဟာ MacBook Air ကို ၂၀၁၅ မတ်လနောက်ပိုင်းကတည်းက update လုပ်ပေးခဲ့ခြင်းမရှိပါဘူး။ အခုအခါမှာတော့ Apple က နောက်ဆုံးပေါ် processor နဲ့အတူ MacBook Air ကို အဆင့်မြှင်တင်ပေးဖို့ စဉ်းစားနေတယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။

ဒီ notebook သစ်တွေကို Apple ရဲ့ ဇွန်လ ၅ ရက် keynote မှာ မိတ်ဆက်သွားဖို့ရှိပါတယ်။ ဒါ့အပြင် Siri စပီကာသစ်နဲ့အတူ ၁၀.၅ လက်မ iPad pro ကိုလည်း Apple က WWDC မှာ မိတ်ဆက်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Ref: MacRumors