September 19, 2017

LTE နဲ့သုံးနိုင်မယ့် Apple Watch Series 3 ကို Apple မိတ်ဆက်ကြေညာ

LTE ချိတ်ဆက်မှု ပထမဆုံးပါဝင်လာတဲ့ Apple Watch Series 3 ကို Apple က မိတ်ဆက်ကြေညာ လိုက်ပါတယ်။ ဒါကြောင့် Apple Watch သစ်ကို iPhone နဲ့ ချိတ်ဆက်စရာမလိုဘဲ သီချင်းနားထောင်ခြင်း၊ ဖုန်းခေါ်ဆိုမှုပြုလုပ်ခြင်းနဲ့ message ပေးပို့ခြင်းတို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Apple အမှုဆောင်အရာရှိချုပ် Tim Cook က Apple Watch ဟာ Rolex, Fossil နဲ့ Omega တို့ကို ကျော်ဖြတ်ပြီး ကမ္ဘာ့နံပါတ်တစ် ဝင်ငွေအများဆုံးရရှိတဲ့ နာရီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ Apple Watch ရောင်းချမှုနှုန်းဟာ ပြီးခဲ့တဲ့နှစ်ထက် ၅၀ ရာခိုင်နှုန်း တိုးတက်လာခဲ့တယ်လို့ Cook က ပြောကြားခဲ့ပေမယ့် ရောင်းချခဲ့ရတဲ့ ကိန်းဂဏန်းအရေအတွက်ကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။

ဆယ်လူလာချိတ်ဆက်နိုင်မယ့် Apple Watch Series 3 ရဲ့တန်ဖိုးက ၃၉၉ ဒေါ်လာဖြစ်ပြီး ဆယ်လူလာမပါဝင်တဲ့မော်ဒယ်က ၃၂၉ ဒေါ်လာ ဖြစ်ပါတယ်။ ၃၃ မီလီမီတာနဲ့ ၄၂ မီလီမီတာ case အရွယ်အစားတွေနဲ့ ရရှိနိုင်ပါတယ်။ ကြိုတင်မှာယူမှုကို စက်တင်ဘာ ၁၅ ရက်မှာ စတင်ပြုလုပ်နိုင်ပြီး စက်တင်ဘာ ၂၂ ရက်မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Series 3 မော်ဒယ်အားလုံးမှာ ၇၀ ရာခိုင်နှုန်း ပိုမိုလျင်မြန်တဲ့ dual-core processor သစ်ကို အသုံးပြုထားပါတယ်။ W2 chip သစ်ကလည်း ၈၅ ရာခိုင်နှုန်းပိုမိုလျင်မြန်တဲ့ Wi-Fi ကို ထောက်ပံ့ပေးနိုင်ပြီး စွမ်းအင်သုံးစွဲမှု ၅၀ ရာခိုင်နှုန်း ပိုမိုသက်သာတယ်လို့ ဆိုပါတယ်။ Apple ကတော့ Watch ရဲ့ ဘက်ထရီကို ၁၈ နာရီကြာ အသုံးပြုနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

-နောင်နောင်
Ref: TheVerge