October 17, 2017

JPEG ဖိုင်အရွယ်အစားကို ၃၅ ရာခိုင်နှုန်း လျှော့ချပေးမယ့် Google encoder သစ်

ဓာတ်ပုံရဲ့အရည်အသွေးကို ထိန်းထားပြီး ဖိုင်အရွယ်အစားကို လျှော့ချပေးမယ့် open-source JPEG encoder သစ်ကို Google က ဖန်တီးလိုက်ပါတယ်။

Guetzli လို့ခေါ်တဲ့ encoder သစ်ဟာ အရည်အသွေးမြင့် JPEG ပုံတွေရဲ့ ဖိုင်အရွယ်အစားကို လက်ရှိအသုံးပြုနိုင်တဲ့ နည်းလမ်းတွေထက် ၃၅ ရာခိုင်နှုန်း ပိုမိုလျှော့ချ ပေးနိုင်တယ်လို့ Google က ဆိုပါတယ်။ Guetzli ကို အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးကတော့ format သစ်ဖြစ်ပေမယ့် ဓာတ်ပုံတွေက ပုံမှန်အတိုင်း JPEG ဖိုင်တွေဖြစ်တာကြောင့် လက်ရှိအသုံးပြုနေတဲ့ browser နဲ့ application အားလုံးနီးပါးမှာ အဆင်ပြေစွာအသုံးပြုနိုင်ခြင်း ဖြစ်ပါတယ်။

Google ရဲ့အဆိုအရ Guetzli အနေနဲ့ ဓာတ်ပုံတွေကို compress လုပ်ရာမှာ အခြား JPEG encoding နည်းလမ်းတွေထက် သိသိသာသာ ကြာပေမယ့် အခြားနည်းလမ်းတွေနဲ့ ဖန်တီးထားတဲ့ JPEG ဖိုင်တွေထက် အရည်အသွေးပိုကောင်းတဲ့ ပုံတွေကို ထောက်ပံ့ပေးနိုင်တယ်လို့ သိရပါတယ်။

Ref: TheVerge