November 18, 2017

iPhone X မှာ Animoji ကို ဘယ်လိုသုံးမလဲ

iPhone X မှာ လှုပ်ရှားမှု ပါဝင်တဲ့ အီမိုဂျီ Animoji တွေကို မက်ဆေ့ခ်ျကနေတစ်ဆင့် ကိုယ့်သူငယ်ချင်းတွေဆီကို ပို့လို့ရပါတယ်။

ခု Animoji လေးတွေကို iPhone X ကနေ ဘယ်လိုမျိုး ပေးပို့လည်းဆိုတာကို ပြောပြပေးသွားမှာပါ။ ဦးစွာဖုန်းထဲက Messages ကို ဖွင့်လိုက်ပါ။ Messages ပွင့် လာရင်တော့ စာရိုက်တဲ့ အကွက်ဘေးနားက Animoji app ကို တစ်ချက်နှိပ်ပါ။

Animoji လေးတွေကို Messages App ထဲမှာပဲ ကိုယ်စိတ်ကြိုက် ဖန်တီးနိုင်ပါတယ်။ ကီးဘုတ်စနစ်ပေါ်နေတယ်ဆိုရင် ပုံထဲကအတိုင်း စာရိုက်ရတဲ့ text-input အကွက်ဘေးက Apps icon ကို တစ်ချက်နှိပ်ပေးပါ။

တကယ်လို့ ကီးဘုတ်စနစ် ပေါ်မနေဘူးဆိုရင်တော့ မြင်ကွင်းအောက်ခြေနားမှာ Apps icons လေးတွေကို တွေ့ရမှာပါ။ iOS 10 တုန်းက မက်ဆေ့ခ်ျစနစ်မှာ မိတ်ဆက်ခဲ့တဲ့ Music app, Digital Touch စတာတွေနဲ့ တွဲရက်တွေ့ရမှာဖြစ်ပါတယ်။ Animoji အတွက်ကတော့ မျောက်ခေါင်းပုံ icon ကို နှိပ်လိုက်ပါ။ ဒါ ဆိုရင်တော့ Animoji app စနစ်ထဲကို ရောက်သွားပါလိမ့်မယ်။ Animoji ၁၂ နှစ်မျိုး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုချင်တဲ့ တစ်ခုကိုရွေးလိုက်ရင်ဖုန်း မြင်ကွင်းမှာရွေးလိုက်တဲ့ ပုံပေါ်လာမှာဖြစ်ပါတယ်။

ဖုန်းမှာ default အနေနဲ့ Animoji ပုံတွေကို မြင်ကွင်းရဲ့ သုံးပုံတစ်ပုံသာဖော်ပြမှာ ဖြစ်ပါတယ်။ ဖုန်းမြင်ကွင်းအပြည့် ကြည့်ချင်တယ်ဆိုရင်တော့ ချဲ့ကြည့်တဲ့ မြှားလေးကို တစ်ချက် နှိပ်ပြီး ကြည့်နိုင်ပါတယ်။

Animoji app ကို အသုံးပြုတဲ့ အခါမှာ သိထားရမှာ ဖုန်းရဲ့ ရှေ့ကင်မရာက ကိုယ့်ရဲ့မျက်နှာကို ဖတ်နိုင်တဲ့အနေအထားတိုင်း ကိုင်ထားဖို့ လိုမှာဖြစ်ပါတယ်။ အဲလိုကိုင်ထားမှ ကိုယ့်မျက်နှာပေါ်က ခံစားမှုအတိုင်း ဖုန်းပေါ်က ကိုယ်ရွေးထားတဲ့ အကောင်လေးမှာ ပေါ်မှာဖြစ်ပါတယ်။ ကိုယ်က စိတ်ပျက်နေရင် ရွေးထားတဲ့ အကောင်လေးက စိတ်ပျက်တဲ့ပုံလေးဖြစ်နေမှာပါ။

လူမျက်နှာပေါ်က မတူညီတဲ့ ခံစားမှုတွေကိုဇာတ်ကောင်လေးတွေများစွာက တစ်ဆင့် ပြန်လည် ပုံဖော်မှုအတွက် အကောင်းဆုံး ဖန်တီးထားပါတယ်။

Animoji တွေကို အကောင်း ဆုံးမျှေ​ဝတဲ့ နည်းလမ်းကတော့ ၁ဝ စက္ကန့်စာ ဗီဒီယိုမက်ဆေ့ခ်ျတွေ ဖန်တီးပေးပို့တာဖြစ်ပါတယ်။ မြင် ကွင်းရဲ့ ညာဘက်ဘောင်နားက record ခလုတ်လေးကို တစ်ချက် နှိပ်လိုက်ရင် စက္ကန့်ရေတွက်နေတာ ကို မြင်ရမှာဖြစ်ပြီး ၁ဝ စက္ကန့်အလိုမှာ နောက်တစ်ချက်ပြန်နှိပ်ပြီး ရပ်လိုက်နိုင်ပါတယ်။

record လုပ်ဖန်တီးပြီးသွားရင် တော့ Animoji မက်ဆေ့ခ်ျကို ပြန် ကြည့်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ အကြိုက်ဘူးဆိုရင် ညာဘက် ဘောင်နားက အမှိုက်ပုံး icon လေးကို နှိပ်ပြီး အလွယ်တကူဖျက်နိုင် မှာဖြစ်ပါတယ်။

အခြားဇာတ် ကောင်အနေနဲ့ သုံးချင်ရင်တော့ အခြားဇာတ်ကောင်ကို ရွေးပေးလိုက်ရုံပါပဲ။ နဂို record လုပ်ထားတဲ့ ဇာတ်ကောင်လေးနေရာမှာ အသစ်ရွေးထားတဲ့ ဇာတ်ကောင်ပုံ နဲ့ ဗီဒီယိုကိုတွေ့ရမှာ ဖြစ်ပါတယ်။

Animoji ဗီဒီယိုအတိုလေးတွေကို ဖန်တီးပြီး ဖုန်းထဲမှာသိမ်းထားနိုင်ပါတယ်။ ကိုယ့်ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်လေးကို စက္ကန့်အနည်းငယ် ဖိထားလိုက်ရင် menu တစ်ခုပေါ်လာမှာဖြစ်ပြီး Save ဆိုတဲ့ စာသားကိုရွေးကာ ဖုန်းထဲမှာ သိမ်းထားနိုင်မှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ ဖုန်းကနေ ဒီ ဗီဒီယိုလေးကို sync လုပ်လိုက်တာဖြစ်တဲ့အတွက် ကိုယ့်အနေနဲ့ တစ်ခြားသော iDevice တွေကနေလည်း သိမ်းထားတဲ့ Animoji ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း