September 19, 2017

iPhone, Apple Watch နဲ့ AirPods ကိုတစ်ပြိုင်နက် အားသွင်းပေးနိုင်တဲ့ Apple ရဲ့ AirPower wireless charging mat

စက်တင်ဘာ ၁၂ ရက် အခမ်းအနားမှာ Apple က iPhone 8, iPhone 8 Plus နဲ့ iPhone X တို့ကို ထုတ်ဖော်မိတ်ဆက်ခဲ့ပြီး အဲဒီထုတ်ကုန်တွေမှာ Qi ကြိုးမဲ့အားသွင်းစနစ် စံသတ်မှတ်ချက်ပါဝင်ပါတယ်။ Qi စနစ်ကို Samsung ထုတ်ကုန်တွေမှာလည်း အသုံးပြုထားပါတယ်။ Apple အနေနဲ့ ထုတ်ကုန်သစ်အတွက် ကြိုးမဲ့အားသွင်းစနစ်ထုတ်ကုန်ကို ဒီနှစ်အတွင်း ဖြန့်ချိမှာမဟုတ်ပေမယ့် ဖန်တီးနေဆဲဖြစ်တဲ့ AirPower အမည်ရ charging mat နဲ့ပတ်သက်ပြီး Apple က မျှဝေခဲ့ပါတယ်။

အဲဒီထုတ်ကုန်အမည်က AirPower လို့ခေါ်တဲ့ charging mat ဖြစ်ပြီး အဲဒီ mat က iPhone တွေသာမကဘဲ Apple Watch နဲ့ AirPods တွေကိုလည်း အားသွင်းနိုင်ပါတယ်။ ထုတ်ကုန်သုံးခုစလုံးကို တစ်ပြိုင်နက်တည်း အားသွင်းနိုင်သလို စံချိန်စံညွှန်းနဲ့အညီ ပြုလုပ်နိုင်ဖို့အတွက် Qi နဲ့တွဲဖက် လုပ်ကိုင်နေတယ်လို့ Apple က ပြောခဲ့ပါတယ်။ အဲဒီ mat မှာအားသွင်းမြန်ဆန်တဲ့ feature တွေလည်း ပါဝင်လာနိုင်ပြီး AirPower charger ကို လာမယ့်နှစ်မှာ ရောင်းချသွားမယ်လို့ သိရပါတယ်။

Belkin နဲ့ Mophie အပါအဝင် Qi အသိအမှတ်ပြု လက်မှတ်ရရှိထားတဲ့ ကြိုးမဲ့အားသွင်းစနစ် ထုတ်ကုန်တွေကိုလည်း iPhone 8 နဲ့တွဲဖက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

စိုးထက်
Ref: TheVerge