November 18, 2017

iPhone 8 အတွက် 3D laser sensor သစ်ကို Apple ဖန်တီးနေ

Autofocus ကို ပိုမိုကောင်းမွန်စေပြီး Augmented Reality အတွက် အသုံးပြုနိုင်မယ့် 3D laser sensor တစ်ခုကို iPhone 8 ရဲ့ကျောဘက်မှာ ထည့်သွင်းဖို့အတွက် Apple အင်ဂျင်နီယာတွေက ကြိုးပမ်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အဲ့ဒီ laser sensor သစ်ဟာ developer တွေက iPhone အတွက် AR experience တွေကိုဖန်တီးရာမှာ အသုံးပြုနိုင်မယ့် Apple ARKit အတွက် အလွန်အရေးပါလာမှာဖြစ်ပါတယ်။ လက်ရှိမှာ AR app တွေကို ဖန်တီးဖို့အတွက် developer တွေက iPhone ရဲ့ ပင်မကင်မရာကိုသာ အသုံးပြုနိုင်ပါတယ်။

အသစ်ထွက်မယ့် iPhone ရဲ့ကျောဘက်မှာပါဝင်လာမယ့် laser စနစ်သစ်ဟာ autofocus ကို ပိုကောင်းလာစေပါလိမ့်မယ်။ စမတ်ဖုန်းအများအပြားဟာ subject တစ်ခုရဲ့အကွာအဝေးကို အကောင်းဆုံးချိန်ဆဖို့အတွက် laser-assisted AF ကို အသုံးပြုကြပါတယ်။ Laser နဲ့ 3D-sensing system က Apple ရဲ့ Portrait Mode ကိုလည်း ပိုမိုကောင်းမွန်စေမယ်လို့ သိရပါတယ်။

Apple နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုရဲ့အဆိုအရ iPhone 8 မှာပါဝင်လာမယ့် sensor သစ်တွေကို Lumentum, Finisar နဲ့ II-VI တို့က ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။ လက်ရှိမှာ Apple က 3D sensing နည်းပညာကုမ္ပဏီ Lumentum နဲ့ လက်တွဲပြီး iPhone 8 ရဲ့ AR လုပ်ဆောင်ချက်တွေကို ဖန်တီးနေပါတယ်။

Apple အင်ဂျင်နီယာတွေဟာ 3D-sensing ကို iPhone 8 မှာထည့်သွင်းဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေပေမယ့်လည်း အချိန်မီအသင့်မဖြစ်နိုင်ဘူးလို့ သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။

-နောင်နောင်
Ref: GSMArena