November 18, 2017

iPhone 8 ကို iPhone Edition ဟုခေါ်ဆိုဖွယ်ရှိ

စက်တင်ဘာလမှာ iPhone 7s, 7s Plus နဲ့အတူ မိတ်ဆက်ကြေညာမယ်ဆိုပြီး သတင်းထွက်ပေါ်နေတဲ့ iPhone 8 ကို iPhone Edition လို့ ခေါ်ဆိုဖွယ်ရှိတဲ့အကြောင်း ဂျပန်ဝက်ဘ်ဆိုက် Mac Otakara က ဖော်ပြလိုက်ပါတယ်။

Apple အနေနဲ့ Apple Watch Edition အတိုင်း high-end iPhone မော်ဒယ်ကို အမည်ပေးသွားဖွယ်ရှိပြီး Edition မော်ဒယ်က

ဒေါ်လာ ၁,၀၀၀ နဲ့အထက် ကျသင့်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Apple က iPhone 8 နဲ့အတူ ရှေ့ပြေးပုံစံ အများအပြားကို စမ်းသပ်နေတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ အဲ့ဒီ ရှေ့ပြေးပုံစံတွေထဲက အချို့မှာ LCD display တွေကိုသုံးထားပြီး ကျန်အချို့မှာ AMOLED သုံးထားကြောင်း၊ home ခလုတ်မပါတဲ့ ရှေ့ပြေးပုံစံတွေကိုလည်း Apple က စမ်းသပ်နေကြောင်း ဆိုပါတယ်။

KGI Securities က လေ့လာဆန်းစစ်သူ Ming-Chi Kuo, Nikkei နဲ့ Wall Street Journal တို့ကတော့ iPhone 8 မှာ OLED screen ပါဝင်ပြီး ၄.၇ လက်မနဲ့ ၅.၅ လက်မ lower-end မော်ဒယ်တွေမှာ LCD display တွေသုံးထားတယ်လို့ ပြောကြားခဲ့ပါတယ်။

Mac Otakara ရဲ့အဆိုအရ Apple အနေနဲ့ ၄.၇ လက်မ iPhone 7s နဲ့ ၅.၅ လက်မ iPhone 7s Plus တို့ကို စက်တင်ဘာလမှာ မိတ်ဆက်သွားပြီး iPhone Edition ကိုတော့ အဆိုပါ ဖုန်းမော်ဒယ်နှစ်မျိုး ဖြန့်ချိပြီး လအနည်းငယ်ကြာမှသာ မိတ်ဆက်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။

Ref: MacRumors