June 25, 2017

iPhone ကင်မရာနဲ့ ဓာတ်ပုံရိုက်သည့်နည်းလမ်းများ

iPhone နဲ့ ဓာတ်ပုံရိုက်တဲ့အခါ iPhone ကင်မရာကို အပြည့်အဝ အသုံးပြုဖြစ်ပါသလား။ iPhone မှာ ပါဝင်တဲ့ Camera app ဟာ အလွယ်တကူ အသုံးပြုနိုင်ပေမယ့် အချို့ camera settings ကို သိုဝှက်ထား တာကြောင့် သုံးစွဲသူ တော်တော်များများက အဲ့ဒီလုပ်ဆောင်ချက်တွေရဲ့ အသုံးဝင်ပုံကို မသိရှိကြပါဘူး။ ဒါကြောင့် iPhone နဲ့ ဓာတ်ပုံရိုက်တဲ့ အခါမှာ ပိုကောင်းတဲ့ ဓာတ်ပုံတွေကို ရရှိနိုင်စေမယ့် iPhone ကင်မရာ ဓာတ်ပုံရိုက်နည်း (၁၀) မျိုးကို ဖော်ပြလိုက်ပါတယ်။

(၁) ဘယ်ဘက်သို့ swipe လုပ်ပြီး iPhone ကင်မရာကို အလျင်အမြန် အသုံးပြုခြင်း

ပြည့်စုံကောင်းမွန်တဲ့ မြင်ကွင်းတစ်ခုကို ဓာတ်ပုံရိုက်ဖို့ အခွင့်အရေးရလာချိန်မှာ ကင်မရာက အသင့်မဖြစ်သေးတဲ့ အခိုက်အတန့်မျိုးနဲ့ ကြုံဖူးကြမှာပါ။ ဒီလိုအခြေအနေမျိုးမှာ ကင်မရာကို အလျင်အမြန် ဖွင့်နိုင်တဲ့ နည်းလမ်းကို သိရှိထားဖို့ လိုပါတယ်။ iPhone က lock ဖြစ်နေတယ်ဆိုရင် lock screen ရဲ့ ဘယ်ဘက်ကို swipe လုပ်ပါ။ ဒီနည်းလမ်းက iPhone ကို unlock လုပ်စရာမလိုဘဲ ကင်မရာကို စက္ကန့်ပိုင်းအတွင်း အလျင်အမြန် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ iPhone ကို သုံးနေရင်း ကင်မရာကို အလျင်အမြန် သုံးချင်တယ်ဆိုရင်တော့ screen ရဲ့ အောက်ခြေကနေ အပေါ်ကို swipe လုပ်ပြီး Control Center ကို ဖွင့်ပါ။ ပြီးရင် ညာဘက်အောက်နားက ကင်မရာ icon ကို နှိပ်လိုက်ပါ။ ဒါဆိုရင် ကင်မရာကို အသုံးပြုဖို့ အသင့်ဖြစ်ပါပြီ။

(၂) Grid ကို အသုံးပြုခြင်း

Grid ဟာ iPhone ပေါ်မှာ အသုံးအတည့်ဆုံး tool တွေထဲက တစ်ခုဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံရိုက်ကူးတဲ့အခါ subject တွေကို grid လိုင်းနှစ်ခု ဆုံတဲ့နေရာမှာ ထားမယ်ဆိုရင် ပိုကြည့်လို့ကောင်းတဲ့ ဓာတ်ပုံကို ရရှိနိုင်ပါတယ်။ ဒါကို rule of thirds လို့ခေါ်ပါတယ်။ Grid ကို အသုံးပြုဖို့အတွက် Settings app ကိုသွားပြီး Photos & Camera မှာ Grid option ကို enable လုပ်ရပါမယ်။

(၃) Burst Mode ဖြင့် ရိုက်ကူးခြင်း

Burst mode ကလည်း iPhone ကင်မရာ app မှာပါဝင်တဲ့ အသုံးတည့်တဲ့ လုပ်ဆောင်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီလုပ်
ဆောင်ချက်က တစ်စက္ကန့်အတွင်း ဓာတ်ပုံ ၁၀ ပုံ ရိုက်ကူးပေးနိုင်တာ ကြောင့် ပြီးပြည့်စုံတဲ့အက်ရှင်ရိုက်ချက် တစ်ခုကို မှုန်ဝါးမှု အနည်းဆုံးနဲ့ အလွယ်တကူ ဖမ်းယူပေးနိုင်ပါတယ်။Burst mode ကို အသုံးပြုဖို့အ တွက် shutter ခလုတ်ကို စက္ကန့်ဝက်လောက် ဖိထားရုံနဲ့ အသုံးပြုနိုင်ပါတယ်။ အဲ့ဒီနောက် iPhone က ဓာတ်ပုံတွေ တစ်ပုံပြီးတစ်ပုံ ရိုက်ကူးပေးပါလိမ့်မယ်။ ကိုယ်လိုချင်တဲ့ အကောင်းဆုံး ဓာတ်ပုံကို ရွေးချယ်ပြီး ရင်တော့ ကျန်တဲ့ပုံတွေကို ဖျက်နိုင်ပါတယ်။

(၄) Focus နှင့် Exposure သတ်မှတ်ခြင်း

ဓာတ်ပုံရိုက်တဲ့အခါ focus နဲ့ exposure ကို မသတ်မှတ်ထား ဘူးဆိုရင် iPhone က ကိုယ်စားလုပ်ပေးပါလိမ့်မယ်။ ဒါပေမဲ့ autofocus
အလုပ်မလုပ်နိုင်တဲ့ အခါမျိုးမှာ focus ကို ကိုယ်တိုင် သတ်မှတ်ထားနိုင် ပါတယ်။ ဒီလို သတ်မှတ်ဖို့အတွက် screen ကို tap လုပ်ရုံနဲ့ အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ Exposure ကို ကိုယ်တိုင် သတ်မှတ်ချင်တယ် ဆိုရင်တော့ screen ပေါ်ကို tap လုပ်ပြီး နေလုံး icon ပေါ်လာတဲ့အခါ exposure slider ကို အပေါ်အောက်ဆွဲပြီး ပြုလုပ်နိုင်ပါတယ်။

(၅) AE/AF Lock ဖြင့် Focus နှင့် Exposure ကို Lock လုပ်ခြင်း

iPhone ဟာ focus နဲ့ exposure နှစ်ခုစလုံးကို lock လုပ်ပေးနိုင် ပါတယ်။ ဒီနည်းလမ်းဟာ ရွေ့လျားနေတဲ့ subject တစ်ခု ဒါမှမဟုတ် အလင်းအမှောင် ပြောင်းလဲနေတဲ့ မြင်ကွင်းတစ်ခုကို ရိုက်ကူးတဲ့ အခါမျိုးမှာ focus နဲ့ exposure အပြောင်းအလဲ မဖြစ်အောင် ပြုလုပ် ပေးနိုင်ပါတယ်။

Focus နဲ့ exposure ကို lock လုပ်ဖို့အတွက် screen ပေါ်ကို tap လုပ်ပြီး စက္ကန့်အတန်ကြာ ဖိထားပါ။ Screen ရဲ့ ထိပ်ဘက်ပိုင်းမှာ AE/AF Lock လို့ပေါ်လာပြီဆိုရင် lock ဖြစ်သွားပါပြီ။

(၆) ဓာတ်ပုံတွေကို HDR ဖြင့် ရိုက်ကူးခြင်း

High Dynamic Range ရဲ့ အတိုကောက် စာလုံးဖြစ်တဲ့ HDR ကလည်း iPhone ကင်မရာမှာ built-in ပါဝင်တဲ့ အကောင်းဆုံး tool တွေထဲက တစ်ခုဖြစ်ပါတယ်။ HDR နဲ့ ဓာတ်ပုံရိုက်တဲ့အခါ ဓာတ်ပုံကို မတူညီတဲ့ exposure သုံးမျိုးနဲ့ ပေါင်းစပ်ဖန်တီးပေးပါတယ်။HDR နဲ့ ဓာတ်ပုံရိုက်ကူးမယ်ဆိုရင် Camera app ရဲ့ အပေါ်နားက HDR ကိုနှိပ်ပြီး Auto သို့မဟုတ် On ကို ရွေးရပါမယ်။

(၇) Volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်ခြင်း

iPhone မှာ ဒီဂျစ်တယ် ခလုတ်နဲ့ ဓာတ်ပုံရိုက်ဖို့ အဆင်မပြေတဲ့ အခါမျိုးမှာ ဖုန်းဘေးက volume ခလုတ်တွေကိုသုံးပြီး ရိုက်ကူးနိုင် ပါတယ်။ ဒါပေမဲ့ volume ခလုတ်တွေက အတော်မာတာကြောင့် ကင်မရာတုန်ခါတာမျိုး ဖြစ်ပွားနိုင်ပါတယ်။

(၈) Apple နားကြပ်ဖြင့် ဓာတ်ပုံရိုက်ကူးခြင်း

Apple နားကြပ်မှာပါတဲ့ volume ခလုတ်တွေနဲ့လည်း ဓာတ်ပုံတွေရိုက်ကူးနိုင်ပါတယ်။ ဒီနည်းလမ်းဟာ ဓာတ်ပုံတွေကို မသိမသာ ရိုက်ကူး လိုတဲ့အခါ သီချင်းနားထောင်နေသလို ဒါမှမဟုတ် ဖုန်းပြောနေသလို ဟန်ဆောင်ပြီး ရိုက်ကူးနိုင်စေပါတယ်။ ဒါ့အပြင် tripod ကိုသုံးပြီး ဓာတ်ပုံရိုက်တဲ့အခါမှာ နားကြပ်ကို remoteshutter တစ်ခုအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။

-စည်သူ

//ambient pc code