Huawei ရုံးချုပ်မှာ တစ်ရက်တာ

Huawei  ရဲ့ ကမ္ဘာတစ်ဝန်း ဈေးကွက်ချဲ့ထွင်မှုကွန်ရက်ထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ ကျွန်တော်တို့ Huawei ဆိုတဲ့နာမည်ကို စတင်သိကျွမ်းခဲ့တာ မိုဘိုင်းဖုန်း ဟန်းဆက်တံဆိပ်အဖြစ်နဲ့ပါ။ တကယ်တမ်းတော့ သူတို့ရုံးချုပ်မှာ ထုတ်လုပ်လည်ပတ်နေတာက ဟန်းဆက်တစ်ခုတည်း အနေနဲ့မဟုတ်ဘဲ နည်းပညာမြင့်ကွန်ရက်၊ Cloud နည်းပညာ အစရှိတာတွေနဲ့ ကမ္ဘာကိုလွှမ်းခြုံဖို့ဆောင်ရွက်နေ
တယ်ဆိုတာ မျက်ဝါးထင်ထင် တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

ရုံးချုပ်ဟာ တရုတ်နိုင်ငံ ရှန်ကျန်းမြို့မှာ တည်ရှိပါတယ်။ ရှန်ကျန်းမြို့ဟာ တရုတ်နိုင်ငံရဲ့ နည်းပညာကုမ္ပဏီ အများစုအခြေတည်ရာမြို့တစ်မြို့ဖြစ်ပြီး တရုတ်နိုင်ငံအထင်ကရ တံဆိပ်တွေရဲ့ ကုမ္ပဏီရုံးချုပ်တွေ ရုံးစိုက်ရာနေရာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ Huawei ရုံးချုပ်ရှိရာဆီကို ဧပြီလ ၂၁ ရက်မှာ ရောက်ရှိသွားခဲ့ပါတယ်။ သမားရိုးကျတည်ဆောက်ထားတဲ့ ခမ်းခမ်းနားနား အဆောက်အဦတစ်ခုလို့ ထင်စရာရှိပေမယ့် အဆောက်အဦထဲမှာတော့ အရင်ကထင်မှတ် မထားတဲ့နည်းပညာတွေ၊ လုပ်ငန်း
လည်ပတ်မှုပုံစံတွေ၊ ၀န်ထမ်းတွေရဲ့ တစ်နေ့တာ ဖြတ်သန်းပုံတွေကို တွေ့လိုက်ရပါတယ်။ အရင်ဆုံး ရောက်သွားတဲ့ နေရာကတော့ သာမန်အခန်းငယ်လေး တစ်ခန်းပါပဲ။ စားသောက်ခန်းလို့ ဆိုရမှာပါ။ ဒါပေမဲ့ အဲဒီအခန်းက ရုံးကိုလာလည်တဲ့ အထူးဧည့်သည်တွေကိုပဲ ၀င်ခွင့်ပြုတဲ့အခန်းလို့ ရုံးချုပ်ရဲ့ဧည့်လမ်းညွှန်ကို မေးမြန်းသိရှိရပါတယ်။ ဒီအထိတော့ ထူးခြားမှု ရှိတယ်လို့ မဆိုရသေးပါဘူး။ အဲဒီအခန်းငယ်လေးကနေထွက်ပြီး အခြားနေရာကို လိုက်ပို့ခံရတဲ့ အခါမှာတော့ ကျွန်တော်နဲ့မရင်းနှီးတဲ့ ကုမ္ပဏီရဲ့ဝန်ထမ်းဂရုစိုက်မှုပုံစံ၊
လုပ်ငန်းလည်ပတ်မှု ပုံစံတွေကို တစ်ခုပြီးတစ်ခုမြင်ရ ပါတော့တယ်။

ရုံးချုပ်ရဲ့ အခန်းငယ်လေးကနေထွက်ပြီး ကားတစ်စီးပေါ်ကို တက်ကာ အခြားအဆောင်တွေဆီကို ကူးပြီးလိုက်ပြရာမှာ သိလိုက်
ရတာကတော့ နေရာအင်မတန် ကျယ်ဝန်းတယ် ဆိုတာပါပဲ။ ကုမ္ပဏီရုံးချုပ်တစ်ခု အဲဒီလောက်ကျယ်ဝန်းတယ် ဆိုတာကိုတော့ ပထမဆုံး
သိဖူးတာပါပဲ။ အဆောက်အဦ တစ်ခုပြီးတစ်ခုကို လမ်းတွေခြားပြီး တည်ဆောက်ထားပါတယ်။ အဆောက်အဦဆိုတာက ပုံမှန်လောက်ကျယ် ၀န်းတဲ့အနေအထားထက် ပိုပါတယ်။ အွန်လိုင်းမှာ ရှာကြည့်တော့ ဧက ၅၀၀ လောက်ကျယ်ဝန်းပြီး ၀န်ထမ်းပေါင်း ခြောက်သောင်း နီးပါးရှိတယ်လို့ ဆိုထားပါတယ်။ ဘယ်လောက်ဧက ရှိသလဲဆိုတာက မျက်မှန်းမတန်းမိပေမယ့် အဆောင်တစ်ခုနဲ့ တစ်ခုကူးရင် ကား ဒါမှမဟုတ် စက်ဘီးနဲ့ သွားလာရပါတယ်။ ကျကျနနစိုက်ထားတဲ့ မြက်ခင်းပြင်တွေ၊ ဥယျာဉ်တွေ၊ ရေကန်တွေကိုလည်း တွေ့ရပါတယ်။ ရေကန်ထဲမှာ ရေနေသတ္တ၀ါလေးတွေကိုလည်း မွေးထားတာ တွေ့ရပါတယ်။ “မြို့ထဲနဲ့ နည်းနည်းဝေးတယ်လေ၊ ဒီတော့ ဒီနေရာမှာ မြို့ငယ်လေးတစ်မြို့လိုဖြစ်နေတာပါ” လို့ လိုက်ပြပေးတဲ့ ဧည့်လမ်းညွှန်က ဆိုပါတယ်။ ၀န်ထမ်းတွေရဲ့ အစားအသောက်အတွက် ရုံးတွင်းစားသောက်ဆိုင်ပေါင်း ၁၀ ခုကျော်ရှိပြီး ဟိုတယ်၊ ရေကူးကန်၊ Sports club တွေလည်း ရှိပါတယ်။ 7 Eleven လို နာမည်ကြီး စူပါမားကတ် သေးသေးလေးတွေကိုလည်း တွေ့ရပါတယ်။ အစားအသောက်ကတော့ အမျိုးမျိုးရှိပြီး တရုတ်ဆိုင်၊ ဂျပန်ဆိုင်တွေက ထင်ရှားတယ်လို့ ဆိုပါတယ်။ ဘာသာရေးဆိုင်ရာ ဆုတောင်း အဆောက်အဦတွေကိုလည်း သီးသန့်ထားရှိ ပေးတာတွေ့ရပါတယ်။

နောက်တစ်ခုကတော့ ၀န်ထမ်းတွေရဲ့ နေထိုင်မှုပုံစံကို သတိထားမိပါတယ်။ အဲဒီအဆောက်အဦထဲမှာ ထိုက်သင့်တဲ့လခ တစ်ခုပေးပြီး နေထိုင်နိုင်ပြီး ရပ်ကွက်တစ်ခုမှာ နေထိုင်သလို ဖန်တီးပေးထားတာ တွေ့ရပါတယ်။ ရုံးချုပ်က ၀န်ထမ်းတွေဟာ တစ်နေ့ကို အလုပ်ချိန် ရှစ်နာရီလုပ်ကြရပြီး အလုပ်ပြီးတာနဲ့ အဆောက်အဦ၀င်းထဲမှာရှိတဲ့ Gym ဆော့ရင်ဆော့ ဒါမှမဟုတ် ရေကူးရင်ကူး၊ အခြားအားကစား တစ်ခုခုလုပ် ရင်လုပ်နိုင်ပါတယ်။ စားပွဲတင်တင်းနစ်၊ ပိုက်ကျော်ခြင်း အစရှိတဲ့ အားကစားပေါင်းစုံ ပြုလုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ကာရာအိုကေဆိုမလား၊ ဘားမှာကမလား အဆောက်အဦ ၀င်းထဲမှာတင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အခမဲ့တော့ မဟုတ်ပါဘူး။ ထိုက်သင့်တဲ့ အခကြေးငွေ၊ လစဉ်ကြေးတော့ ပေးရပါတယ်။ ကျန်းမာရေးဆိုင်ရာအတွက် Huawei ဆေးရုံဆိုပြီးတော့လည်း ရှိပါတယ်။ ရုံးချုပ်အတွင်းမှာ အလုပ်လုပ်နေတဲ့ ၀န်ထမ်းတွေ အရေးပေါ်ဖြစ်ရင် ကုသဖို့အတွက် ဆေးရုံဆောက်ထားတာဖြစ်ပြီး သာမန်ရောဂါလေးတွေကို ကုသပေးတယ်လို့ ဆိုပါတယ်။ တကယ်အရေးပေါ် အခြေအနေမျိုး ဆိုရင်တော့ မြို့ထဲက ဆေးရုံကို ပို့ဖို့အဆင့်သင့် လုပ်ထားတယ်လို့ သိရပါတယ်။ ၀န်ထမ်းတွေရဲ့ အခကြေးငွေ ပေးချေမှုတစ်စုံတစ်ရာအတွက် Huawei Pay, Apple Pay စသည့်ဖြင့် ငွေပေးချေမှု ပုံစံလေးတွေနဲ့ ငွေသားကိုင်စရာ မလိုအောင် ဖန်တီးပေးထားတာလည်း တွေ့ရပါတယ်။

အဆောက်အဦ ပတ်ဝန်းကျင်၊ ၀န်ထမ်းတွေရဲ့နေထိုင်မှု၊ ကျန်းမာရေးဆိုင်ရာ၊ အစားအသောက်အ ကြောင်းတွေအပြီးမှာတော့ Huawei
တက္ကသိုလ်အကြောင်းကို ပြောပြချင်ပါတယ်။ တက္ကသိုလ်အဖြစ် အဆောက်အဦ တစ်ခုတည်ဆောက်ထားပြီး အဲဒီအထဲမှာ ကမ္ဘာတစ်ဝန်းက Huawei နဲ့ပတ်သက်တဲ့သူတွေကို နည်းပညာဆိုင်ရာ သင်ကြားပေးတာမျိုး ပြုလုပ်တယ်လို့ ဆိုပါတယ်။ အဆောက်အဦထဲမှာလည်း စာသင်ကြားပေးတဲ့ ဆရာတွေရဲ့ ပုံတွေကို ကြီးကျယ်ခမ်းနားစွာ ဂုဏ်ပြုမှတ်တမ်း တင်ထားတာကိုလည်း တွေ့ရပါတယ်။ “ဒီအထဲမှာ ကမ္ဘာတစ်ဝန်းက ဖိတ်ခေါ်ထားသူတွေကို သက်ဆိုင်ရာ နည်းပညာတွေ ဝေမျှပေးတယ်။ နိုင်ငံတကာက ပုဂ္ဂိုလ်တော်တော်များများကို သင်တန်းပေးပြီးပြီ၊ လက်ရှိလည်းပေးနေပါတယ်” ဆိုပြီး ဧည့်လမ်းညွှန်က ရှင်းပြပါတယ်။ တက္ကသိုလ်ထဲက စာသင်ခန်းတွေထဲမှာ နိုင်ငံပေါင်းစုံက လူမျိုးအသီးသီးကို တွေ့ရပြီးတော့ နားနေခန်းတွေ၊ အဆောက်အဦတွင်း ဥယျာဉ်ငယ်လေးတွေကိုလည်း တွေ့ရပါတယ်။

ကျွန်တော်တို့ နောက်ဆုံးရောက်ရှိသွားတဲ့ နေရာကတော့ နည်းပညာပြခန်းပါပဲ။ အဲဒီအထဲမှာ သူတို့ရဲ့တည်ဆောက်ထားတဲ့ နည်းပညာတွေ အားလုံးကို စုစည်းပြသထားတဲ့ ပြခန်းဖြစ်ပါတယ်။ အမှိုက်ပုံးထဲကို အမှိုက်ထည့်လိုက်တာနဲ့ ခဏအတွင်းမှာ အဲဒီအမှိုက်
ကို Recycle အဖြစ်အသုံးပြုလို့ရ နိုင်မယ့်စနစ်၊ မြို့ပြလူနေမှုစနစ်ကို နည်းပညာနဲ့ ထိန်းချုပ်နိုင်တဲ့ပုံစံ၊ သဘာဝဘေးအန္တရာယ် ကြုံလာတော့မယ်ဆိုရင် ကားစီးနေရာကနေ အရေးပေါ် သိရှိနိုင်မယ့် စနစ်တွေ၊ တစ်မြို့လုံးရဲ့လမ်းပန်းဆက်သွယ်ရေးတွေကို တစ်နေရာတည်းကနေ ထိန်းချုပ်နိုင်မယ့်စနစ် အစရှိတာတွေကို ပြသထားပါတယ်။ ဒါ့အပြင်အထင်ကရ သတင်းဌာနမှာ အသုံးပြုနေတဲ့ နောက်ဆုံးပေါ် သတင်းတင်ဆက်ပုံ နည်းပညာတွေကိုလည်း ပြသထားတာတွေ့ရပါတယ်။ အဲဒီရုံးချုပ်ကနေ ပြန်လာတဲ့အချိန်မှာ ကျွန်တော်သိရှိရတာကတော့ Huawei ဟာ Telecom လုပ်ငန်းတွေ၊ Enterprise လုပ်ငန်းတွေ၊ Device လုပ်ငန်းတွေနဲ့ Cloud Computing လုပ်ငန်းတွေမှာ ကမ္ဘာတစ်ဝန်းက ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်နေတယ် ဆိုတာပါပဲ။ လက်ရှိ ၀န်ထမ်းပေါင်း ၁၈၀,၀၀၀ ရှိတယ်လို့ သိရပါတယ်။ ၁၉၈၇ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး သူတို့ရဲ့ ထုတ်ကုန်ကို ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံသုံးနေတယ်လို့ ဆိုထားပါတယ်။

တစ်နေ့တာ ရုံးချုပ်လည်ပတ် ခရီးအပြီးမှာတော့ သူတို့ရဲ့အလုပ် လုပ်ပုံထက် အလုပ်ချိန်ပြီးရင် ဈေးသက်သက်သာသာနဲ့ ၀ယ်စားနိုင်တဲ့ဆိုင်တွေ၊ ရေကူးကန်တွေ၊ တင်းနစ်ကွင်း၊ ဘော်လီဘောကွင်း၊ ဘတ်စကတ်ဘောကွင်း၊ ကာရာအိုကေခန်း၊ GYM စတာတွေကို မျက်လုံးထဲမြင်ယောင် နေမိတယ်ဆိုတာပါပဲ။