August 18, 2017

HTC U11 အကြောင်း သိထားသင့်သမျှ

ဒီနှစ်အစောပိုင်းက U Play နဲ့ U Ultra တို့ကို မိတ်ဆက်ပေးခဲ့တဲ့ HTC ဟာ ကုမ္ပဏီရဲ့ flagship စမတ်ဖုန်းသစ်ဖြစ်တဲ့ U11 ကို မကြာသေးခင်က မိတ်ဆက်ကြေညာခဲ့ပါတယ်။ U11 ဟာ HTC flagship တွေရဲ့ ဒီဇိုင်းတွေထဲကနေ ခွဲထွက်ထားပြီး မျက်စိပသာဒဖြစ်စေမယ့် ဒီဇိုင်းအသွင်အပြင်နဲ့ ဖန်တီးထားပါတယ်။

ဒါကြောင့် HTC U11 ကို စိတ်ဝင်စားသူများ သိရှိထားသင့်တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။

HTC U11 specs

HTC U11 မှာအသုံးပြုထားတဲ့ processor က Qualcomm ရဲ့ Snapdragon 835 ဖြစ်ပါတယ်။ RAM က 4GB ဖြစ်ပြီး သိုလှောင်မှုပမာဏက 64GB ဖြစ်ပါတယ်။ အာရှဈေးကွက်အချို့မှာတော့ 6GB/128GB ဗားရှင်းနဲ့ ရရှိနိုင်မယ်လို့ ဆိုပါတယ်။ ဘက်ထရီက 3,000mAh ဖြစ်ပါတယ်။ အရှေ့ဘက်မှာ fingerprint sensor ပါဝင်ပါတယ်။ ရေစိုခံနိုင်တဲ့အဆင့်က IP 67 ဖြစ်ပါတယ်။

HTC U11 audio feature များ

HTC U11 မှာ BoomSound Hi-Fi edition စပီကာတွေကို အသုံးပြုထားပါတယ်။ U Ultra လိုပဲ ၃.၅ မီလီမီတာ နားကြပ်ပေါက်မပါဝင်ပေမယ့် USB Type-C port ကတစ်ဆင့်ချိတ်ဆက်နိုင်မယ့် USonic နားကြပ်တစ်စုံ ပါဝင်ပါတယ်။ အခြားနားကြပ်တွေနဲ့သုံးမယ်ဆိုရင်တော့ ဘူးခွံထဲမှာပါတဲ့ DAC-equipeed Type-C-to-3.5 mm adapter နဲ့သုံးနိုင်ပါတယ်။

Microphone တွေကိုလည်း အဆင့်မြှင့်ထားပြီး ဖျော်ဖြေပွဲတွေမှာ အသံတွေကို လားရာအားလုံးကနေ ဖမ်းယူနိုင်ဖို့အတွက် mic လေးခု ပါဝင်လာပါတယ်။ ဒါကို HTC က Acoustic Focus ဆိုပြီး ခေါ်ဆိုထားပါတယ်။

HTC U11 ကင်မရာ

DxOMark က ကင်မရာပရော်ဖက်ရှင်နယ်တွေရဲ့ စမ်းသပ်ချက်အရ HTC U11 ဟာ ဓာတ်ပုံနဲ့ ဗီဒီယိုအတွက် ရမှတ် ၉၀ ရရှိထားပါတယ်။ ဒါဟာ DxOMark ကပေးတဲ့ အမှတ်တွေထဲမှာ အမြင့်ဆုံးဖြစ်ပါတယ်။ ဒါဟာ Google Pixel ထက် တစ်မှတ်ပိုများတာဖြစ်ပြီး Galaxy S8, Sony Xperia X Performance နဲ့ HTC ရဲ့ 2016 flagship HTC 10 ထက် နှစ်မှတ်ပိုများတာ ဖြစ်ပါတယ်။

HTC U11 မှာ 12MP BSI sensor နဲ့အတူ 1.4-micron UltraPixel pixels နဲ့ UltraSpeed autofocus တို့ပါဝင်ပါတယ်။ ကင်မရာကို OIS, Auto HDR Boost, f/1.7 lens တို့နဲ့ ရိုက်နိုင်ပါတယ်။ Selfie ကင်မရာက 16MP ဖြစ်ပြီး Auto HDR Boost အပြင် selfie feature အများအပြားနဲ့ ရိုက်ကူးနိုင်ပါတယ်။

HTC U11 Edge Sense

ကောလာဟလသတင်းတွေအတိုင်းပဲ HTC U11 ရဲ့ဘေးဘောင်မှာ pressure sensor တွေကို ထည့်သွင်းထားပါတယ်။ ဒါကို HTC က Edge Sense လို့ခေါ်ဆိုထားပါတယ်။ အဲ့ဒီ feature ဟာ ကိုယ်နှစ်သက်ရာ app တွေကို ဖွင့်ဖို့အတွက် သတ်မှတ်ထားနိုင်မယ့် virtual ခလုတ်တစ်ခု ဖြစ်ပါတယ်။ ဖုန်းမှာ ကင်မရာ၊ messenger ဒါမှမဟုတ် email ကို ဖွင့်လိုတဲ့အခါ ဘေးဘောင်ကို ညှစ်လိုက်ရုံနဲ့ ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ညှစ်အား အလျော့အတင်းပေါ်မူတည်ပြီး သီးခြားလုပ်ဆောင်ချက်တွေကို သတ်မှတ်ထားနိုင်ပါတယ်။

HTC U11 virtual assistant များ

HTC U11 ကို Android 7.1 အပြင် virtual assistant သုံးမျိုးနဲ့ အသုံးပြုနိုင်ပါတယ်။ အဲ့ဒီ virtual assistant သုံးမျိုးက HTC Sense Companion, Google Assistant နဲ့ Amazon Alexa တို့ ဖြစ်ပါတယ်။ တရုတ်ဗားရှင်းမှာဆိုရင် Baidu ရဲ့ digital assistant ဖြစ်တဲ့ DuerOS ပါဝင်မယ်လို့ သိရပါတယ်။

HTC U11 ဈေးနှုန်းနဲ့ ရောင်းချမယ့်အချိန်

HTC U11 ကို Amazing Silver, Sapphire Blue, Brilliant Black, Ice White, Solar Red စတဲ့အရောင်တွေနဲ့ ရရှိနိုင်ပါတယ်။ တန်ဖိုးက ၆၉၆ ဒေါ်လာ ဖြစ်ပြီး ဇွန်လ ၉ ရက်မှာ တင်ပို့ရောင်းချမယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: AndroidAuthority