September 24, 2017

Google တည်ထောင်သူ Larry Page ရဲ့ Kitty Hawk မိုးပျံကားကို ယခုနှစ်အတွင်း ဝယ်ယူနိုင်မည်

Google တွဲဖက်တည်ထောင်သူ Larry Page ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ မိုးပျံကားတွေကို ဒီနှစ်ကုန်ပိုင်းမှာ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

Kitty Hawk ဟာ Larry Page က ငွေကြေးထောက်ပံ့ထားတဲ့ မိုးပျံကားကုမ္ပဏီဖြစ်ပါတယ်။ အဲ့ဒီမိုးပျံကားရဲ့ ရှေ့ပြေးပုံစံ ဗီဒီယိုကို Kitty Hawk အကြီးအကဲဖြစ်သူ Sebastian Thrun က ကုမ္ပဏီရဲ့ တရားဝင်ဝက်ဘ်ဆိုက်နဲ့အတူ Twitter မှာ ဖော်ပြခဲ့ပါတယ်။ Sebastian Thrun ဟာ Google ရဲ့ မောင်းသူမဲ့ကားကို ပူးတွဲဖန်တီးခဲ့သူ ဖြစ်ပါတယ်။

Kitty Hawk ဟာ မိုးပျံစပိဘုတ်နဲ့ ဆင်တူပါတယ်။ ဒီယာဉ်ကို မောင်းနှင်ဖို့အတွက် လေယာဉ်မောင်းလိုင်စင်ရှိဖို့ မလိုဘဲ မိနစ်ပိုင်းအတွင်း လေ့လာရုံနဲ့ မောင်းနှင်နိုင်တယ်လို့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အပြီးသတ်ထွက်ပေါ်လာမယ့် ဒီဇိုင်းဟာ လက်ရှိ ရှေ့ပြေးပုံစံနဲ့ အတော့်ကို ခြားနားဖွယ်ရှိတယ်လို့ စမ်းသပ်မောင်းနှင်သူ Cimeron Morrissey က ပြောပါတယ်။

အဲ့ဒီယာဉ်ရဲ့ အလေးချိန်ဟာ ၁၀၀ ကီလိုဂရမ်နီးပါး (၂၂၀ ပေါင်) ရှိပြီး တစ်နာရီ ၂၅ မိုင်နှုန်းနဲ့ မောင်းနှင်နိုင်ပါတယ်။ Morrissey ကတော့ Kitty Hawk ကို အရုပ်ရဟတ်ယာဉ်အနေနဲ့ တင်စားခဲ့ပါတယ်။

“ဒီရှေ့ပြေးပုံစံက မိုးပျံမော်တော်ဆိုင်ကယ်နဲ့ အတော့်ကိုတူပါတယ်။ ဆိုင်ကယ်ပေါ်မှာ ထိုင်စီးရသလိုမျိုးပါပဲ။ လက်ကိုင်တန်းတွေမှာ ထည့်သွင်းထားတဲ့ ခလုတ်တွေကလည်း ဗီဒီယိုဂိမ်းခလုတ်ပေါ်က ခလုတ်တွေနဲ့ joystick တွေလိုပါပဲ။ ယာဉ်ကို အတက်၊ အဆင်းလုပ်ရတာက ရဟတ်ယာဉ်နဲ့ တူပါတယ်။ ရဟတ်ယာဉ်နဲ့ မတူတာက ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားသုံးထားတာနဲ့ ဒလက် ၈ ခုပါဝင်တာပါ” လို့ Morrissey က ပြောကြားပါတယ်။

အဆိုပါ မိုးပျံကား ရှေ့ပြေးပုံစံဟာ ရေပေါ် ၁၀ မီတာခန့်ကနေ ပျံသန်းနိုင်ပါတယ်။

အဲ့ဒီမိုးပျံကားအတွက် ဒေါ်လာ ၁၀၀ စရန်ပေးထားသူတွေအနေနဲ့ ဒေါ်လာ ၂၀၀၀ လျှော့ဈေးရရှိမယ်လို့ ဆိုပါတယ်။ ယာဉ်ရဲ့တန်ဖိုးကိုတော့ ကုမ္ပဏီက ပြောကြားထားခြင်း မရှိပါဘူး။

Ref: DailyMail