Find My AirPods, APFS, App Store Review Tweaks အစရှိသည်တို့ပါဝင်တဲ့ iOS 10.3 ကို Apple ဖြန့်ချိ

Beta ၇ ခု ဖြန့်ချိခဲ့ပြီးတဲ့နောက် iOS 10 operating system ရဲ့ တတိယမြောက် အရေးပါတဲ့ update ကို Apple က iPhone, iPad နဲ့ iPod touch အတွက် ဖြန့်ချိပေးလိုက်ပါတယ်။

iOS 10.3 မှာ သိသာထင်ရှားတဲ့ ဖြည့်စွက်မှုများအပြင် အသေးစား ဒီဇိုင်းပြောင်းလဲပြင်ဆင်မှုတွေ ပါဝင်လာပါတယ်။ အဲ့ဒီအထဲက အကောင်းဆုံး feature သစ်တစ်ခုကတော့ “Find My AirPods” ဖြစ်ပါတယ်။ Find My iPhone လုပ်ဆောင်ချက်မှာ ထည့်သွင်းပေးထားတဲ့ ဒီ feature သစ်ဟာ AirPods ရဲ့ လက်ရှိတည်နေရာ ဒါမှမဟုတ် နောက်ဆုံးရှိခဲ့တဲ့ နေရာကို ကြည့်ရှုစေနိုင်ပြီး နားကြပ်ပေါက်ရှာဖွေရာမှာ အသံနဲ့ဖော်ပြပေးနိုင်တာကြောင့် AirPods ပိုင်ရှင်တွေအတွက် အလွန်အထောက်အကူ ဖြစ်စေမှာပါ။

ဒါ့အပြင် iOS 10.3 မှာ Apple File System (APFS) သစ်ကို မိတ်ဆက်ပေးထားပါတယ်။ ဒီ APFS ဟာ flash/SSD storage မှာ နေရာလွတ်အချို့ ရရှိစေနိုင်ပြီး encryption အတွက် အထောက်အပံ့ကို ပိုကောင်းအောင် ပြုလုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

App Store အပြောင်းအလဲအချို့ကိုလည်း iOS 10.3 မှာ ပြုလုပ်ထားပြီး developer တွေက customer review တွေကို ပထမဆုံးအနေနဲ့ တုံ့ပြန်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ review content တွေကို ပိုမိုဖော်ပြနိုင်ဖို့အတွက် App Store က review တွေကို “Helpful” ဒါမှမဟုတ် “Not Helpful” ဆိုပြီး သတ်မှတ်ထားနိုင်ပါတယ်။ Review တစ်ခုအတွက် developer တွေ တောင်းဆိုနိုင်တဲ့ အကြိမ်အရေအတွက်ကို ကန့်သတ်ဖို့လည်း Apple က စီစဉ်ထားပါတယ်။

အခြား feature သစ်တွေမှာတော့ app တွေအတွက် ပိုကောင်းအောင်ပြင်ဆင်ထားတဲ့ open/close animation, Settings ထဲက Apple ID profile, အသစ်ထွက်မယ့် iOS ဗားရှင်းတွေနဲ့ မကိုက်ညီတဲ့ app တွေအတွက် သတိပေးချက် စတာတွေပါဝင်ပါတယ်။

iOS 10.3 ကို OTA ကနေ update လုပ်နိုင်သလို iTunes မှာ download လုပ်ပြီးလည်း ထည့်သွင်းနိုင်ပါတယ်။

Ref: MacRumors