October 17, 2017

Fallout 4 Deluxe Edition

Developer: Bethesda Game Studios

Publisher: Bethesda Game Softworks

Genre: Open World, Action RPG

Platform(s): PC, PS4, Xbox One

Release Date: May 10, 2017

Gameplay – 10

Graphics – 8

Sound – 10

Presentation – 10

Final – 9.5 out of 10

Fantasy western RPG Oblivion ရဲ့ developer Bethesda က ၂၀၀၈ ခုနှစ်မှာ Fallout 1 နှင့် Fallout 2 ကို ရေးသားခဲ့တဲ့ Obsidian Entertainment ရဲ့ အဆက် Fallout 3 ကို ရေးသားမယ်လို့ ကြော်ငြာစဉ်တုန်းက မူလ Fallout ဂိမ်းနှစ်ခုရဲ့ ပရိသတ်တွေက developer အပြောင်းအလဲမှာ Fallout ရဲ့ quality ကျဆင်းပြီး ကစားလို့ မကောင်းဖြစ်မှာကို စိုးရိမ်ခဲ့ကြပါ တယ်။ ဒါပေမဲ့ Fallout 3 ထွက်ရှိလာတဲ့အခါမှာ မူလ Fallout ပရိသတ်အများစုနဲ့ Fallout series ကို ပထမဆုံး ကစားသူအများစုကပါ သဘောကျ နှစ်သက်ခဲ့ကျပါတယ်။ ၂၀၀၈ အတွက် Game of the year နှင့် RPG of the year ဆုများကို professional game review websites အမြောက်အများမှ ရရှိခဲ့တဲ့အပြင် Fallout 3 ဟာ စာရေးသူကိုယ်တိုင်ရဲ့ ၂၀၀၈ အတွင်းထွက်ရှိခဲ့တဲ့ အကြိုက်ဆုံး ဂိမ်းတွေထဲမှ တစ်ခုဖြစ်ပါ တယ်။ ၂၀၁၀ မှာတော့ developer Obsidian Entertainment က Fallout: New Vegas   ရဲ့developer အဖြစ်တာဝန်ယူခဲ့ပြီး Bethesda က ဒီတစ်ခေါက်မှာ ဖြန့်ချိသူ publisher အဖြစ်သာ ဝင်ရောက်ပါဝင်ထားပါတယ်။ Fallout 3 ထွက်ပြီး ၇ နှစ်အကြာမှာတော့ Fallout 4 ထွက်ရှိလာပြီး နောက်ပိုင်း expansion တွေ DLC တွေ ထွက်ပြီးတဲ့ အချိန်မှာတော့ complete edition ပုံစံ bundle version ကို PC  မှာ ကစားနိုင်ပြီ ဖြစ်ပါတယ်။ Console  မှာကစား သူတွေအနေနဲ့ expansion အားလုံးကို တစ်စုတစ်စည်းတည်း ကစားချင်တယ်ဆိုရင်တော့ သီးသန့် Game of the Year edition ပုံစံမျိုးမဟုတ်ဘဲ DLC တစ်ခုချင်းစီ သို့မဟုတ် bundle လိုက်ဝယ်ပြီး ကစားနိုင်မှာပါ။

Fallout ဂိမ်းတိုင်းရဲ့ ထုံးစံအတိုင်း Fallout 4 ကို nuclear စစ်ပွဲပြီးနှစ်ပေါင်း ၂၁၀ အကြာ အနာဂတ်ခေတ် ၂၂၈၇ ခုနှစ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ မြင်မြင်ရာ မျက်စိတစ်ဆုံး အပျက်အစီးတွေနဲ့ ပြည့်နှက်နေတဲ့ ခေတ်ပေါ့။ အသက်ရှင် ကျန်ရှိသူတွေထဲမှ လူတချို့ဟာ radiation ဓာတ်သင့်မှုကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်ကြရပါတယ်။ ထိုသို့သူများကို သာမန်လူများက ghoul ဟုခေါ်ဆိုကြကာ ပစ်ပယ်ထားကြပါတယ်။ တချို့ လူတွေနဲ့ တိရစ္ဆာန်တွေမှာလည်း radiation ဓာတ်သင့်မှုကြောင့် သာမန်အရွယ်ထက် ကြီးမားလာရုံသာမက စိတ်ရိုင်းများ ဝင်လာကြပါတယ်။ ထိုကဲ့သို့ mutant များ၊ feral ghoul များ၊ လူရမ်းကားနဲ့လူဆိုးအဖွဲ့ Bandits မြောက်များစွာကို Fallout 4 RPG ဂိမ်းရဲ့ wasteland တွေနဲ့ ခေတ်သစ် Boston မြို့ ပေါ်မှာရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ကစားတဲ့အချိန် ကြာလာတာနဲ့ အမျှ Mass Effect တို့ Skyrim တို့မှာလိုမျိုးပဲ ကစားသူ ကိုယ်တိုင်ကိုက Wasteland ထဲမှာနေထိုင်သူ တစ်ယောက်လို ခံစားလာရပြီး မြို့တွေ settlements တွေအတွင်းက NPC တွေရော၊ Quest ပေးတဲ့သူတွေနဲ့ ကိုယ်နဲ့တွဲဖက် Companions တွေကိုပါ ပိုပြီးသံယောဇဉ် ရှိလာမှာပါ။ Fallout 3 တုန်းက ရှာရနည်းနည်းခက်တဲ့ ခွေးအဖော် Dogmeat ကိုတော့ ဇာတ်လမ်းအစကတည်းက တိုက်ပွဲများအတွင်းမှာ အသုံးပြုနိုင်မှာပါ။

အရင်ဂိမ်းတွေနဲ့ ကွာတဲ့အချက်တစ်ခုက The Great War အမည်ရ Nuclear စစ်ပွဲမတိုင်ခင် အချိန်မှာ စတင်ကစားရမှာဖြစ်ပြီး ကစားသူက Male သို့မဟုတ် Female ဇာတ်ကောင်အဖြစ် ရွေးချယ်ခံထားရသူဟာ Nuclear ဗုံးခိုကျင်း Vault-Tec vault အတွင်းမှာနှစ်ပေါင်း ၂၀၀ ကျော် Cryogenic ရေခဲစနစ်နဲ့ အိပ်ပျော်နေရာနေ နိုးလာပြီး နောက်သူ့လိုပဲ Cryo effect နဲ့ အိပ်နေပြီး နောက်ပိုင်းမှာမှ ပြန်ပေးဆွဲခံခဲ့ရတဲ့ ကလေးငယ်ကို ပြန်လည်ရှာဖွေ ရပုံကစားရမှာပါ။ Fallout ဂိမ်းတွေ ဆော့ဖူးသူတွေ မျှော်မှန်းထားတဲ့အတိုင်းပဲ mainstory mission သာမကဘဲ ခြေဦးတည့်ရာ မြေပုံအကျယ်ကြီး ထဲ သွားလာလိုရာသွားပြီး side-missions နဲ့ ဇာတ်လမ်းဆက်စပ်မှုရှိတဲ့ quests တွေကို နာရီပေါင်းများစွာ ကစားနိုင်မှာ ဖြစ်ပါတယ်။ အသစ်ပါလာတဲ့ features သစ်ကတော့ လမ်းမှာ ကောက်လို့ ရသမျှ items တွေကို ပေါင်းစပ်ပြီး settlements အမည်ရ အဆောက်အဦးနှင့် weapon upgrades တွေ ဆောက်နိုင်မှာ ဖြစ်သလို လက်နက်တွေရဲ့ magazines,scope နှင့် customization မျိုးစုံပါဝင်တဲ့ mod တွေ ၇၀၀ ကျော်ပါဝင်လာပါတယ်။

Expansion တွေကတော့ လူသား ဦးနှောက်နဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ စက်ရုပ်တွေ ပါဝင်တဲ့ Automatron နဲ့စုံထောက်ဆန်ဆန် ဇာတ်လမ်း တွေပါတဲ့ Far Harbor တို့က ဇာတ်လမ်းအသားပေး DLC တွေဖြစ်ပါတယ်။ အခြား DLC တွေကတော့ Building mode နဲ့ items သစ်တွေနဲ့တွဲပြီး ဇာတ်လမ်းသစ်တွေ ပါဝင်တဲ့ Wasteland Workshop, Contraptions Workshop, Vault-Tec Workshop နဲ့ နောက်ဆုံး final expansion အဖြစ် အပန်းဖြေ ကစားကွင်းမှာ ဇာတ်လမ်းဆင်ထားတဲ့ Nuka World တို့ ပါဝင်ထားပါတယ်။

အစောပိုင်း graphics ပိုင်းက သိပ်မကောင်းပေမယ့် နောက်ပိုင်းမှာ HD texture update တွေ ပါဝင်လာလို့ Bethesda ဂိမ်းတွေထဲမှာတော့ ကြည့် အကောင်းဆုံး ဂိမ်းတစ်ခုအဖြစ် တွေ့ရမှာပါ။ Fallout ပရိသတ်အများစုက graphics ပိုင်းထက် storyline နဲ့ gameplay ပိုင်း ကို ပိုစိတ်ဝင်စားသလို FPS ဂိမ်းချစ်သူများအကြိုက် shooter style နဲ့ကစားနိုင်သလို RPG fan များအတွက်လည်း  VATS  အမည်ရ RPG style shooting mode ပြန်လည် ပါဝင်လာပါတယ်။ VATS system ဆိုတာ Call of Duty, Medal of Honor တို့လို ကိုယ်တိုင် ချိန်ပစ်တဲ့စား AP (action point) အသုံးပြုပြီး မိမိပစ်ခတ်ချင်တဲ့ နေရာကို အချိန်နှေးပြီး turn based RPG style ရွေးချယ် ပစ်ခတ်နိုင်တဲ့ shooting mode ပါ။ Power Armor တွေကိုလည်း အချိန်မရွေး ဝတ်ဆင်နိုင်သလို သူတို့အတွက် Jetpack လိုမျိုး သီးသန့် upgrade တွေလည်း ပါဝင်ထားပါတယ်။ ၁၉၅၀ ဝန်းကျင်က သီချင်းတွေကို Radio ကနေ ပြန်နားထောင်ပြီး ရန်သူတွေကို တိုက်ခိုက်ရ တာတွေ၊ Wasteland ပေါ် လျှောက်သွားရတာတွေကတော့ တစ်ခြား ဘယ်ဂိမ်းတွေနဲ့မှ မတူတဲ့ အရသာကို ပေးစွမ်းနိုင်ပါတယ်။

Fallout 4 Deluxe Edition ဟာ ကောင်းမွန်ပြီးသား gameplay formula ကို များစွာ ပြောင်းလဲခြင်း မရှိဘဲ storyline နဲ့ quests expansion အသစ်တွေ အများကြီး ပါဝင်လာတဲ့ ဇာတ်လမ်းအ သားပေး western RPG ဂိမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

– နေအောင်လတ်