Facebook နဲ့ Apple ပူးပေါင်းပြီး iOS အတွက် သတင်း paywall များ စမ်းသပ်နေ

မတ်လ ၁ ရက်ကစတင်ပြီး သတင်းမီဒီယာတွေက Facebook ရဲ့ iOS app အတွင်းမှာ paywall တွေကို အသုံးပြုနိုင်ပြီလို့ သိရပါတယ်။

Paywall တွေဆိုတာ လစဉ်ကြေးပေးသွင်းထားသူတွေပဲ အသုံးပြုနိုင်တဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ Facebook ဟာ အောက်တို ဘာလအတွင်း Android မှာ paywall တွေကို စတင်စမ်းသပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့အချိန်တုန်းက လစဉ်ကြေးဝင်ငွေတွေနဲ့ ပတ်သက်တဲ့ သဘောတူညီချက်ကို Apple က လက်မခံခဲ့ပါဘူး။ iOS မှာတော့ ထုတ်ဝေသူတွေက လစဉ်ကြေးဝင်ငွေ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ရရှိမယ်လို့ TechCrunch က ဖော်ပြခဲ့ပါတယ်။

ထုတ်ဝေသူတွေအနေနဲ့ Instant Articles ကို အခမဲ့ (၁၀) ပုဒ်မဟုတ်ဘဲ (၅) ပုဒ်ပဲ ပေးလိုတယ်လို့ Facebook သတင်းပိုင်းဆိုင်ရာ ပူးပေါင်းမှု အကြီးအကဲ ကမ်းဘဲဘရောင်းက ပြောခဲ့ပါတယ်။ ဒါကြောင့် သုံးစွဲသူတွေက လစဉ်ကြေးပေးသွင်းဖို့ မတောင်းဆိုမီ option တစ်ခုအဖြစ် အနိမ့်ဆုံးဖတ်ရှုနိုင်တဲ့ သတင်းအရေအတွက်ကို ပြောင်းလဲလိုပြီး iOS မှာစမ်းသပ်မှု လုပ်နေတာ ဖြစ်ပါတယ်။

“ကျွန်မတို့အနေနဲ့ လစဉ်ကြေးပေးသွင်းတဲ့ထုတ်ကုန်ကို ဖန်တီးနေပါတယ်။ မတ်လ ၁ ရက်နေ့ကစပြီး iOS ပေါ်မှာ ဆက်လက် ထိုးဖောက်သွားမှာဖြစ်ပါတယ်။ Apple နဲ့ညှိနှိုင်းမှုကလည်း ဖြေရှင်းပြီးသား ဖြစ်တယ်လို့ ဘရောင်းကပြောခဲ့ပါတယ်။

အောက်တိုဘာလ နောက်ပိုင်းမှာတော့ Android သုံးစွဲသူတွေဟာ အခမဲ့ဆောင်းပါးတွေ ဖတ်ရှုပြီးတဲ့အခါမှာ paywall နဲ့ကြုံတွေ့ ခဲ့ရပါတယ်။ Facebook ရဲ့ app က Instant Articles အတွင်း ထုတ်ဝေသူတွေရဲ့ အထူး လစဉ်ကြေးစာမျက်နှာကို ကုမ္ပဏီက ဖွင့်ခဲ့ပါတယ်။ ထုတ်ဝေသူက ဝင်ငွေ ၁၀၀ ရာခိုင်နှုန်းကို ရရှိတယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ Android ရဲ့ native app အတွင်းမှာ လစဉ်ကြေးသွင်းတဲ့အခါ ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်း ကောက်ခံမှုရှိနေပါတယ်။

iOS မှာတော့ Apple နဲ့သဘောတူညီမှုသစ်အရ သုံးစွဲသူတွေက အခမဲ့ဆောင်းပါးတွေ ဖတ်ရှုပြီးတဲ့အခါမှာ paywall နဲ့ကြုံတွေ့ ရတဲ့အခါ Instant Articles အစား ထုတ်ဝေသူရဲ့မိုဘိုင်းဝက်ဘ်ဆိုက်က လစဉ်ကြေးပေးသွင်းတဲ့ စာမျက်နှာကို Facebook က ဖော်ပြပေးမှာ ဖြစ်ပါတယ်။ လစဉ်ကြေး ဝင်ငွေရဲ့ ၁၀၀ ရာခိုင်နှုန်းနဲ့ သုံးစွဲသူအချက်အလက်ကို ထုတ်ဝေသူတွေက ရရှိမှာ ဖြစ်ပါတယ်။ Facebook က ဝင်ငွေထပ်ဆောင်း မကောက်ခံဘဲ လစဉ်ကြေးတွေအပေါ် Apple ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်း ကောက်ခံမှုကို ရှောင်လွှဲနိုင်ဖို့ သက်ဆိုင်ရာ မိုဘိုင်းဝက်ဘ်ဆိုက်ကို ရည်ညွှန်းသွားမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: TechCrunch