Facebook ကို လစဉ်သုံးစွဲသူဦးရေ နှစ်ဘီလျံနီးပါးရှိလာ

၂၀၁၇ ပထမသုံးလပတ်မှာ Facebook ရဲ့ အမြတ်ငွေ မြင့်တက်လာသလို သုံးစွဲသူဦးရေကလည်း နှစ်ဘီလျံနီးပါး ရှိလာတယ်လို့ ကုမ္ပဏီက နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ စာရင်းများအရ သိရပါတယ်။

Facebook ကို လစဉ်သုံးစွဲသူဦးရေဟာ ၁.၉၄ ဘီလျံအထိ မြင့်တက်လာခဲ့ပြီး နေ့စဉ်သုံးစွဲသူဦးရေက ၁.၃ ဘီလျံနီးပါး ရှိတယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

အမေရိကန်နည်းပညာကုမ္ပဏီကြီးရဲ့ အမြတ်ငွေဟာ ပထမသုံးလပတ်မှာ ဒေါ်လာ ၃ ဘီလျံကျော်ရှိခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် အလားတူကာလထက် ၇၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ကြော်ငြာကနေရရှိတဲ့ ဝင်ငွေက ၅၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပထမသုံးလပတ်အတွင်း ဒေါ်လာ ၇.၉ ဘီလျံ ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ကြော်ငြာဝင်ငွေမြင့်တက်မှုဟာ ၂၀၁၇ လက်ကျန်လတွေမှာ သိသိသာသာ ကျဆင်းလိမ့်မယ်လို့ ဘဏ္ဍာရေး အကြီးအကဲဖြစ်သူ David Wehner က ပြောကြားခဲ့ပါတယ်။

Ref: BBC