September 19, 2017

Crash Bandicoot N.Sane Trilogy

Developer – Vicarious Visions
Publisher – Activision
Platform(s) – PS4
Genre(s) – Action, Platforming
Release Date – June 30, 2017
Gameplay – 9
Music – 8.5
Graphics – 8
Presentation – 9
Final Score – 9 out of 10

Remastered Version ဂိမ်းတွေအနေနဲ့ PS3 နဲ့ Xbox360 တို့လိုမျိုး High Definition ဂိမ်းစက်တွေခေတ်ကစပြီးတော့ စတင်ထွက်ရှိခဲ့တာမှာ ခုဆိုရင် အရင် PS2/PS3 ခေတ်တွေက နာမည်ကြီးခဲ့တဲ့ classics ဂိမ်းစီးရီးတွေ တော်တော်များများ Remastered Version ထွက်ပြီးသွားပြီလို့တောင် ပြောနိုင်မှာပါ။ PS3/Xbox360 ခေတ်မှာတော့ Silent Hill, Shadows of Colossus, Devil May Cry နဲ့ Metal Gear Solid အစရှိ တဲ့ဂိမ်းတွေရဲ့ remastered versions ထွက်ခဲ့သလို PS4 ခေတ်မှာဆိုရင်လည်း God of War 3, The Last of Us နဲ့ Uncharted Series လိုမျိုး remastered ဂိမ်းတွေကလည်း ရောင်းကောင်းခဲ့ပါတယ်။ ဒါပေမဲ့ Remastered Version ဂိမ်းအများ စုက ရှိပြီးသား graphics ကိုပဲ texture ပိုင်း၊ resolution ပိုင်းတွေ အဆင့်မြှင့်တင်ပေးခဲ့တာ များတဲ့အတွက် PS1 ခေတ်လောက်က ဂိမ်းတွေကိုတော့ texture နဲ့ resolution ပိုင်းမြှင့်တင်ရုံနဲ့ လုံလောက်မှာ မဟုတ်တဲ့အတွက် ချန်ခဲ့ကြတာများပါတယ်။ အခုဆိုရင်တော့ PS1 ဂိမ်းစက်မှာ ဂိမ်းကစားဖူးသူ အားလုံးနီးပါးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Developer Naughty Dog ရဲ့ Crash Bandicoot ဂိမ်းတွေကိုတော့ Developer Vicarious Visions အနေနဲ့ တစ်ဂိမ်းလုံး အသစ်တစ်ဖန် ပြန်လည်ရေးဆွဲထားတဲ့ Remaster ပုံစံသစ်အဖြစ် ဖြန့်ချိလာပါပြီ။

Crash N.Sane Trilogy ဂိမ်းမှာ PS1 မှာထွက်ခဲ့တဲ့ Crash Bandicoot , Crash Bandicoot 2 – Cortex Strikes Back နဲ့ Crash Bandicoot 3 – Warped သုံးဂိမ်းလုံးပါဝင်လာပြီး music, gameplay style နဲ့ dialogue တွေ အားလုံးကို မူရင်းဂိမ်းတွေ အားလုံးပုံစံအတိုင်း ဖန်တီးထားသလို သူ့ခေတ်နဲ့သူ့အခါက အရမ်းကြည့်ကောင်းခဲ့တဲ့ Crash ဂိမ်းအားလုံးကိုလည်း ပိုကြည့်ကောင်းတဲ့ graphics တွေနဲ့ ပြန်ကစားနိုင်တာ တွေ့ရမှာပါ။ Remake ပုံစံမဟုတ်ဘဲ remaster အဖြစ်သာ ဖန်တီးလိုတဲ့ အတွက် level အသစ်တွေ character ပုံစံအသစ်တွေ ထည့်ထားတာမရှိပေမယ့် Crash ရဲ့ ညီမဖြစ်တဲ့ Coco အဖြစ် ဇာတ်ကောင်ပြောင်းလဲ ကစားနိုင်တဲ့ အချက်တွေလောက်ပဲ ပြင်ထားပါတယ်။ Gameplay ပိုင်းကတော့ Crash ဂိမ်းတိုင်းမှာ 3D level တွေ အတွင်းပန်းတိုင်သို့ ရောက်အောင် သွားရရုံမကဘဲ secret ending သို့မဟုတ် အခန်းသစ်တွေ ပွင့်ဖို့အတွက် crystals တွေနဲ့ gems တွေ ရှာရမယ့်အပိုင်းတွေပါသလို အခန်းတစ်ခုချင်းဆီကို သတ်မှတ်ထားတဲ့ အချိန်အတွင်း နိုင်အောင်ကစားရမယ့် Trial challenge တွေလည်း အခန်းတိုင်းမှာ ပါဝင်တဲ့အတွက် collectors တွေအတွက်ကတော့ အချိန်အကြာကြီး ကစားရမှာပါ။ တစ်ဂိမ်းကို အခန်းပေါင်း ၃၀ နီးပါး ပါဝင်တဲ့အတွက် သုံးဂိမ်းပေါင်းကို အခန်းပေါင်း ၁၀၀ နီးပါး ကစားရမှာဖြစ်သလို 1 နဲ့ 2 အကြောင်းမပြောခင် Crash PS1 (မြန်မာပရိသတ်အခေါ် မြေခွေးလမ်းလျှောက်) သုံးဂိမ်းထဲမှာ လူကြိုက်အများဆုံးဖြစ်တဲ့ Crash 3 မှာတော့ ပုံမှန် level တွေသာမကဘဲ underwater level တွေ၊ vehicle level တွေလည်း အများကြီး ပါဝင်ထားသလို စိတ်ဝင်စားဖို့ အကောင်းဆုံး gameplay တွေလည်း အများဆုံး ပါဝင်ထားပါတယ်။ Crash 3 မှာ ကစားရတာ နောက်ထပ်တန်တဲ့ အချက်ကတော့ Gems တွေရှာပြီးရင် ပွင့်လာမယ့် level တွေကလည်း တော်တော်လေးကစားလို့ ကောင်းတဲ့အတွက် အရင် PS1 ခေတ်က လျှို့ဝှက်ချက်တွေ ရှာလို့မပြီးခဲ့တဲ့သူတွေ အကြိုက်တွေ့မှာပါ။

Crash 2 အနေနဲ့ကတော့ 1 နဲ့ 3 ကြား ပုံစံလို့ပဲပြောလို့ ရမှာဖြစ်ပြီး 3 လောက် စိတ်ဝင်စားဖို့ကောင်းတဲ့ တိုးတက်မှုနဲ့ ပြောင်းလဲမှုတွေ သိပ်မပါထားပေမယ့် Polar Bear စီးရတဲ့ အခန်းတွေ၊ Temple Ruins အခန်းတွေကတော့ တော်တော်လေး ကစားလို့ကောင်းပါတယ်။ Crash 2 နဲ့ 3 ကိုတော်တော်များများ ပြီးအောင်ကစားခဲ့ဖူးကြပေမယ့် သူတို့လောက်လူဆော့ မများခဲ့တာကတော့ Crash 1 ပဲဖြစ်ပါတယ်။ Crash 1 ပေါ်ပေါ်ချင်း တုန်းက PS1 ဂိမ်းစက်တွေ ရှားသေးတဲ့ အချက်ရယ် အရင်တုန်းက Crash 1 နဲ့ 2၊ 3 တွေကိုယှဉ်လိုက်ရင် graphics ပိုင်း အရမ်းကွာရုံတင်မက အများကြီး ပိုခက်နေလို့လည်း တချို့က မဆော့ဖြစ်ခဲ့ကြပါဘူး။ အရင် Crash 1 ကို ခက်လို့ မပြီးခဲ့တဲ့ သူတွေကတော့ အခု remaster version မှာပိုပြီး အခက်တွေ့နိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ အခြား gameplay ပိုင်း၊ level design ပိုင်းတွေ ဘာမှမပြင်ထားပေမယ့် Crash ရဲ့ အရေးပါတဲ့ jumping ပိုင်းခုန်ရတဲ့အခါမှာ အစွန်လေးတွေမှာကျရင် လျှောကျတတ်တဲ့ detection system စနစ်ကို ပြောင်းလဲထားလို့ပါပဲ။ ဒီအချက်က Road to nowhere တို့ The High Road တို့လိုမျိုး အခန်းတွေမှာ ကစားရပိုခက် သွားစေပေမယ့် အရင် Crash ဂိမ်းတွေကို အားလုံးအပြီးထိ ကစားဖူးတဲ့ ပရိသတ်တွေကတော့ challenging ပိုဖြစ်လို့ သဘောကျနိုင်စရာတော့ ရှိပါတယ်။ အစဉ်လိုက်ကစားလည်း အဆင်ပြေပေမယ့် jumping system ပုံစံသစ်ကို အသားကျချင်ရင် သို့မဟုတ် ပထမဂိမ်းမှာတင် နည်းနည်းတစ်နေရင် 2 တို့ 3 တို့ကိုပြောင်းကစားပြီး အကျင့်ဖြစ်အောင်လုပ်နိုင်မှာပါ။

Crash Bandicoot N.Sane Trilogy အနေနဲ့ publisher Activision မျှော်မှန်းထားတာထက်တောင် ရောင်းအားကောင်း ခဲ့ပြီး သူ့ရဲ့ဇူလိုင်လ ပထမပတ်ရောင်းအားက UK မှာ No.1 အဆင့်ထိတောင် ရောက်ခဲ့သလို သူ့ရဲ့အောင်မြင်မှုကြောင့်ပဲ Activision အနေနဲ့ Crash Team Racing (မြေခွေးကားမောင်း) ဂိမ်းနဲ့ Spyro လိုမျိုးဂိမ်းတွေကိုလည်း Remaster version အဖြစ် ပြန်ထုတ်ဖို့ စဉ်းစားနေပြီမို့လို့ Crash Bandicoot ဂိမ်းပရိသတ်တွေ သေချာပေါက် သဘောကျမယ့် ဂိမ်းသစ်ဖြစ်တာ တွေ့ရပါတယ်။

-နေအောင်လတ်