Clips လို့ခေါ်တဲ့ video editing app သစ်တစ်မျိုးကို Apple မိတ်ဆက်ကြေညာ

သုံးစွဲသူတွေက video clip တွေ၊ ဓာတ်ပုံတွေနဲ့ သီချင်းတွေကို animated caption တွေ၊ effect တွေနဲ့ပေါင်းစပ်ပြီး ဆန်းသစ်တဲ့ ဗီဒီယိုတွေ ဖန်တီးပြုလုပ်နိုင်စေမယ့် Clips လို့ခေါ်တဲ့ app သစ်တစ်မျိုးကို Apple က မိတ်ဆက်ကြေညာ လိုက်ပါတယ်။

Clips ရဲ့ လုပ်ဆောင်ချက်တွေဟာ Instagram နဲ့ Snapchat လို app တွေရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုပြင်ဆင် တည်းဖြတ်နိုင်တဲ့ လုပ်ဆောင်ချက်တွေနဲ့ အလွန်ဆင်တူပါတယ်။ ဒါပေမဲ့ Clips သုံးစွဲသူတွေက ဖန်တီးထားတဲ့ ဗီဒီယိုတွေကို Facebook, Instagram နဲ့ YouTube တို့မှာ ဝေမျှနိုင်မှာ ဖြစ်ပါတယ်။

ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေကို ပေါင်းစပ်ပြီးတဲ့ အခါမှာ Live Titles လို့ခေါ်တဲ့ feature ကိုသုံးပြီး animated caption တွေ၊ title တွေကို ဖန်တီးနိုင်ပါတယ်။ ဒါ့အပြင် comic book filter တွေ၊ speech bubble တွေနဲ့ full-screen animated poster တွေအပါအဝင် filter နဲ့ effect အချို့ကိုလည်း ထည့်သွင်းပေးထား ပါတယ်။

Clips app ကို ဧပြီလမှာ App Store ကနေ အခမဲ့ ဖြန့်ချိသွားမှာပါ။ အဲ့ဒီ app ကို iOS 10.3 နဲ့အထက် သုံးထားတဲ့ iPhone 5s နဲ့အထက်၊ ၉.၇ လက်မ iPad သစ်၊ iPad Air နဲ့ iPad Pro မော်ဒယ်အားလုံး၊ iPad mini 2 နဲ့အထက်၊ iPod touch 6th generation တို့မှာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Ref: 9to5Mac