December 12, 2017

Call of Duty: WWII

Sledgehammer ကနေဖန်တီးတယ်၊ Activision ကနေ ဖြန့်ချိလာတဲ့ စစ်တိုက်ဂိမ်းတစ်ခုပါ။ တချို့သော ကစားသမားတွေက လက်တွေ့ကျကျ စစ်တိုက်ရတာကို သဘောကျတယ်၊ Dota လို စိတ်ကူးယဉ် တိုက်ခိုက်မှုမျိုးတွေကို မကြိုက်ဘူး။ ဒီလိုကစားသမားတွေ အတွက်ကတော့ စိတ်ကြိုက်ဖြစ်မယ့် ဂိမ်းပါပဲ။ PS4 နဲ့ရော Xbox One နဲ့ရော Windows စနစ်တွေနဲ့ပါ ကစားနိုင်အောင် ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ ၂၀၀၈ ခုနှစ် အတွင်းက ထွက်ရှိခဲ့တဲ့ Call of Duty: World at War ရဲ့နောက်ဆက်တွဲအဖြစ် ထွက်ရှိလာတာဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်အတွင်း တိုက်ခိုက်မှုတွေကို အခြေခံပြီး ဇာတ်အိမ်ဖွဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒုတိယ
ကမ္ဘာစစ်အတွင်းက ဥရောပနယ်ရဲ့ အနောက်ဘက် စစ်မျက်နှာပြင်မှာ တိုက်ခိုက်မှုတွေဖြစ်ခဲ့သလို ဇာတ်လမ်းဖန်တီးထားပြီး မိမိအနေနဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်အောင်မြင်အောင် တိုက်ခိုက်ရမှာပါ။

Single အနေနဲ့ရော Multi အနေနဲ့ပါ ကစားနိုင်ပါတယ်။ အခုဂိမ်းမှာ ရှေ့ထွက်ဂိမ်းတွေထဲက လုပ်ဆောင်ချက် ၃ ခုကို ဖယ်ထုတ်
လိုက်တာကတော့ နည်းနည်းထူးခြားနေပါတယ်။ နှစ်ဆင့်ခုန်နည်းရယ်၊ နံရံပေါ်မှာ ပြေးနည်းတွေနဲ့ နောက်ပြန် အမြန်ပြေးနည်းတွေကို အခုဂိမ်းမှာ ကစားလို့ ရတော့မှာ မဟုတ်ပါဘူး။ အခုဂိမ်းက လက်တွေ့ ပိုဆန်လာပြီး စက်ပြင်ဆရာတွေကလည်း အရင်ဂိမ်းတွေမှာ အရေအတွက် အကန့်အသတ်မရှိ ဂိမ်းကစားနေချိန် တလျှောက်ထပ်ထွက်လာပေမယ့် အခုဂိမ်းမှာ အရေအတွက်နဲ့ပဲ ထွက်လာမယ်၊ စက်ပြင်ဆရာတွေက တိုက်ခိုက်မှု အနေအထားတွေအရ ဘေးတိုက်သွားလာ တတ်ခဲ့ပေမယ့် အခုဂိမ်းမှာစက် ပြင်ဆရာတွေက ရှေ့၊ နောက်ပဲ သွားနေမယ်၊ ကစားသမား အနေနဲ့ ပဲ ရှေ့၊ နောက်၊ ဘေးတိုက် သွားလာနိုင်တော့မှာ ဖြစ်ပါတယ်။

ကစားသမားဟာ တိုက်ခိုက်နေရင်း အားနည်းလာရင် အသက်ပြန်ပြည့်ဖို့ သူ့ရဲ့ဆေးတပ်သား အကူအညီနဲ့ အသက်ပြန်ဖြည့်ရမယ်၊ စစ်တိုက်နေရင်း ကားတွေ၊ တင့်ကားတွေလို ယာဉ်တွေကို အနီးအနားမှာရှိရင် တက်မောင်းနိုင်မယ်၊ ပစ်နိုင်မယ်၊ ကစားနည်းအပိုင်း ၅ ခု ရှိတယ်၊ Infantry ဆိုရင် အဝေးပစ်နည်း တွေသုံးနိုင်တယ်၊ အသက်ပြန်သွင်းနိုင်မှုတွေ လုပ်နိုင်တယ်။ Airborne မှာက တိုက်ခိုက်မှုတွေမှာ လိုအပ်ရင် စစ်ကူလှမ်းခေါ်နိုင်တယ်၊ တိုက်ခိုက်ရ သွက်လက် မြန်ဆန်တယ်၊ Armored မှာက လက်နက်ကြီးတွေ ထုတ်သုံးနိုင်မယ့် အပိုင်းဖြစ်ပြီး Mountain ဆိုရင်တော့ စနိုက်ဘာလို လက်ဖြောင့်တပ်သား အကူတွေ ပါလာမယ်၊ ကစားသူရဲ့ မြင်ကွင်း ပိုင်းမှာ အားနည်းသွားပေမယ့် တပ်ကူအား ပိုကောင်းလာစေမယ်၊ Expeditionary မှာက အနီးနားက ရန်သူတွေကို ပစ္စတိုလို အနီးပစ် လက်နက်နဲ့ ပတ်ခတ်တိုက်ခိုက်မှုဖြစ်ပြီး ကစားနေချိန်တွေမှာ ဒီအပိုင်း ၅ ခုကို အဆင်ပြေသလို ရွေးချယ်အသုံးပြု ကစားရမှာ ဖြစ်ပါတယ်။

Headquarters ဆိုတဲ့ Mode အသစ်ပါလာပြီး သူကတော့ နော်မန်ဒီကမ်းခြေမှာ ကစားသမားတွေရဲ့ စစ်စခန်း ရှိနေမယ်၊
ကာကွယ်ရေး၊ တိုက်ခိုက်ရေးလုပ်ငန်းတွေကို ကစားသမားတွေ ပူးပေါင်းလုပ်ဆောင် ရမှာဖြစ်ပါ တယ်။ ဂိမ်းရဲ့အဆုံး၊ အနိုင်၊ အရှုံးကိုလည်း Highlights အဖြစ် ပြန်ပြပေးပါသေးတယ်။ စစ်အတွင်း ပြင်သစ်နဲ့ ဘယ်ဂျီယမ်တပ်တွေ ရိုင်းမြစ်ကိုဖြတ်ပြီး
ဂျာမနီ နာဇီတွေကို တိုက်ခိုက်တဲ့ ဇာတ်ကြောင်းအတိုင်း အနိုင်ရအောင် ဝင်ကစားရမှာ ဖြစ်ပါတယ်။ နော်မန်ဒီကမ်းခြေတိုက်ပွဲ၊ ပဲရစ်မြို့သိမ်းတိုက်ပွဲ၊ အာချန်မြို့တိုက်ပွဲ၊ ဟာတင်ဂန်တောတွင်း တိုက်ပွဲ၊ ဘာဂီတိုက်ပွဲတွေလို တိုက်ပွဲနေရာတွေလည်း ရွေးချယ်ဝင်ရောက် တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။ အခြား အပိုင်းဆက်ဂိမ်း တွေလိုတော့ အချိန်အကြာကြီး ပေးကစားရမှာ မဟုတ်ဘဲ တိုက်ပွဲတစ်ခုမှာ အနိုင်ရရင် နောက်ထပ် တိုက်ပွဲတစ်ခုကို စိန်ခေါ်တိုက်ခိုက်အောင်မြင်မှု ရအောင် ကြိုးစားရမယ့် လက်တွေ့ဆန်ဆန် စစ်တိုက်ဂိမ်းကောင်း တစ်ခုထွက်ရှိနေတာ ဖြစ်ပါတယ်။

-သက်နိုင်ဦး (UCSL)