August 22, 2017

BarCamp Organizers Conference-Myanmar မှ ရလဒ်များအား စာတမ်း နဲ့ အွန်လိုင်းတွင် ဖြန့်ဝေမည်

BarCamp Organizers Conference-Myanmar မှ ရလဒ်တွေကို Barcamp ကျင်းပပြုလုပ်လိုသူ Organizer တွေ သိရှိစေရန်အတွက် ပုံနှိပ်ဖြန့်ချိမယ့်အပြင် အွန်လိုင်းမှာလည်း ဖြန့်ဝေပေးသွားမှာဖြစ်ကြောင်းကို BarCamp Organizers Conference Myanmar မှာပြောကြားခဲ့ပါတယ်။

အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းနဲ့ BarCamp Yangon Organizer တို့က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး တစ်နိုင်ငံလုံးရှိ BarCamp Organizer တွေနဲ့ တွေ့ဆုံပြီး အတွေ့အကြုံတွေကို အချင်းချင်းဖလှယ်နိုင်ဖို့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၎င်းအခမ်းအနားကို ၂၀၁၇ ခုနှစ် ၆ လပိုင် ၁၈ ရက် နံနက် ၉:၀၀ နာရီ တွင် ရန်ကုန်မြို့ MICT Park မှာရှိတဲ့ Main Building က Conference Hall တွင် ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။

၎င်းပွဲကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ တောင်ကြီး၊ တောင်ငူ၊ ဟင်္သတ၊ ပခုက္ကူ၊ မိတ္ထီလာ၊ မွန်ပြည်နယ်၊ ပြည်မြို့ တို့မှ BarCamp Organizers တွေ သက်ဆိုင်ရာတက္ကသိုလ်တွေက Organizer တွေစတဲ့ အဖွဲ့ ၁၄ ဖွဲ့နှင့်အတူ BarCamp မပြုလုပ်ဖူးသေး တဲ့ဒေသအချို့မှစိတ်ဝင်စားသူအချို့လည်း တက်ရောက်ခဲ့ကြပါတယ်။

BarCamp Yangon Organizer တစ်ဦးဖြစ်တဲ့ ကိုချစ်ကိုကိုဝင်း က “ညီလာခံကိုကျင်းပရခြင်းမှာ ဘားကမ့် စီစဉ်သူများရဲ့အတွေ့အကြုံများကို အချင်းချင်း ဖလှယ်ရန်၊ ဘားကမ့်များ စီစဉ်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ ရင်ဆိုင်ရသည့် စိန်ခေါ်မှုများအား စုပေါင်း အဖြေရှာရန်၊ နိုင်ငံအနှံ ဘားကမ့်များ တိုးမြှင့်ကျင်းပနိုင်ရန်နှင့် ဘားကမ့် စီစဉ်သူများ လက်ဆင့်ကမ်းနိုင်မည့် လမ်းညွှန်စာအုပ် ပြုစုထုတ်ဝေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်တယ်” လို့ ပြောပါတယ်။

“ဒီပွဲက ထွက်တဲ့ Result တွေ ဘယ်လိုရှိတယ်၊ ဘယ်လိုဖြေရှင်းတယ်၊ ဘယ်လိုကတော့အောင်မြင်မှု ရှိတယ် ဆိုတာတွေကို Paper အနေနဲ့ ထုတ်ပေးဖို့ရှိတယ်။ အွန်လိုင်းကနေလည်း တင်ပေးဖို့ရှိတယ်။ ဘားကမ့်ဆိုတာ ဘယ်လိုလည်း ဆိုတာမျိုးတွေကအစပေါ့။ မဖြစ်မနေလုပ်ရမယ်ဆိုတာမျိုး မဟုတ်ဘူး။ ဘယ်လိုလုပ်ရင်ကောင်းတယ် ဘယ်လိုဆို မကောင်းဘူးဆိုတာမျိုးတွေကို Guide Line ၀ိုင်းထုတ်ပေးတဲ့သဘောပါ။” လို့ BarCamp Yangon Organizer တစ်ဦးဖြစ်တဲ့ ကိုကိုရဲက ပြောတယ်။

BarCamp ဆိုတာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ နယ်ပယ်အတွင်းမှာရှိတဲ့ ပညာရှင်တွေ ဝါသနာရှင်တွေနဲ့ စိတ်ဝင်စားသူတွေပူးပေါင်းပြီး အသိပညာအတတ်ပညာများဖလှယ်နိုင်ဖို့အတွက် နေရာတခုတည်းမှာ စုစည်းစကားဝိုင်း ဖွဲ့ကြတဲ့ပွဲတစ်ခုဖြစ်ကြောင်း သိရပါတယ်။

-ကောင်းမြတ်ထွန်း