November 18, 2017

Arizona တွင် စမတ်မြို့တော်တည်ဆောက်ရန် Bill Gates စီစဉ်နေ

Bill Gates ဟာ Arizona သဲကန္တာရမှာ စမတ်မြို့တော်တစ်ခု တည်ဆောက်ဖို့ ဆန္ဒရှိနေပါတယ်။

Gates ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီနဲ့ ဆက်နွှယ်တဲ့ အဖွဲ့တစ်ဖွဲဟာ စမတ်မြို့တော်တစ်ခု တည်ဆောက်ဖို့အတွက် Phoenix မြို့ပြင်မှာ ဧကပေါင်း ၂၅,၀၀၀ နီးပါးကို ဝယ်ယူခဲ့ပါတယ်။

Belmont လို့ခေါ်ဆိုမယ့် အဲ့ဒီစမတ်မြို့တော်မှာ နောက်ဆုံးပေါ်အဆင့်မြင့် နည်းပညာတွေကို ထောက်ပံ့သွားမှာဖြစ်ပြီး မောင်းသူမဲ့ ကားတွေ၊ မြန်နှုန်းမြင့် ဒီဂျစ်တယ်ကွန်ရက်တွေ၊ ဒေတာစင်တာတွေ၊ ထုတ်လုပ်မှုနည်းပညာသစ်တွေနဲ့ အလိုအလျောက် လုပ်ဆောင်နိုင်မယ့် logistics hub တွေ ပါဝင်မယ်လို့ ဆိုပါတယ်။ ဧက ၂၅,၀၀၀ ထဲမှာ ၃,၈၀၀ ကို ရုံးခန်း၊ ဆိုင်ခန်းတွေအတွက် အသုံးပြုမှာဖြစ်ပြီး ကျောင်းတွေအတွက်က ဧက ၄၇၀ အသုံးပြု သွားမှာဖြစ်ပါတယ်။ ကျန်တဲ့ဧကတွေမှာ လူနေအိမ် ၈၀,၀၀၀ တည်ဆောက် သွားမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီကြိုးပမ်းဆောင်ရွက်မှုမှာ Belmont ရဲ့ မိခင်ကုမ္ပဏီ Cascade Investment ကို ပိုင်ဆိုင်တဲ့ Microsoft စီအီးအိုဟောင်း Gates က ဘယ်လောက်အတိုင်းအတာအထိ ပါဝင်သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အဲ့ဒီစမတ်မြို့တော်ဟာ လူဦးရေ ၁၈၂,၀၀၀ ရှိတဲ့ Tempe မြို့အရွယ်အစားလောက်ရှိတယ်လို့ စီမံကိန်းကိုဦးဆောင်မယ့် Arizona အခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Belmont Partners က ပြောကြားခဲ့ပါတယ်။

Arizona ဟာ နည်းပညာနဲ့မစိမ်းတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး Waymo, Uber နဲ့ Intel တို့က သူတို့ရဲ့ မောင်းသူမဲ့ကားတွေကို အဲ့ဒီပြည်နယ်မှာ စမ်းသပ်နေကြတယ်လို့ သိရပါတယ်။

Ref: CNNTech